တခါတုန်းက ဧရာဝတီတိုင်း လူသူအရောက် အပေါက်နဲတဲ့ ရွာတွေကို နာဂစ်မုန်တိုင်း အပြီးလူမှုရေး အကူအညီပေးဖို့ ရုပ်ရှင်ဒါရိုက်တာ ဦးမြင့်စိုး (၀သ) ဦးဆောင်မှုနဲ့ လိုက်ပါသွားဖူးတယ်။ ရုပ်ရှင်မင်းသမီးတွေ လည်းပါတော့ ပိုပြီး တက်တက်ကြွကြွပေါ့။ အပျက်အစီးတွေကြားက နကိုကထဲက ခနော်နီခနော်နက် ကျောင်းကလေးတွေ ပျက်စီးနေတာတွေ့တော့ လူငယ်တွေ ပညာမသင်ရရင် လမ်းလွဲသွားမှာစိုးလို့ ပျက်စီးနေတဲ့ကျောင်းတွေ ပြန်ဆောက်ပေးဖို့ ကြိုးပမ်းခဲ့တယ်။ မှတ်မိတဲ့ စကားပုံထဲမှာလဲ "လူတစ်ယောက်ကို ငါးတစ်ကောင် ပေးလိုက်ပါ။ သူတစ်နပ်ပဲ ဗိုက်ဝမယ်။ ငါးဖမ်းနည်းသင်ပေး လိုက်ရင် တစ်သက်လုံး မငတ်တော့ဘူး ဆိုတာ။"
ဒါနဲ့ ရန်ပုံငွေရှာ၊ ပွဲတွေလုပ်၊ အလှူခံ နဲ့ တကယ်တမ်းကျ လွယ်တဲ့ အလုပ်တစ်ခု မဟုတ်ဘူး။ ကိုယ့်အလုပ်လဲ ကိုယ်လုပ်ရ၊ နိုင်ငံတကာက အလှူ ငွေတွေလဲ NGO တွေလိုမတောင်းတတ်၊ ပရဟိတကိုလဲ အချိန်ပြည့် မလုပ်နိုင်တော့ ထင်သလောက်ခရီး မပေါက်ခဲ့ဘူး။ နေက်ဆုံး မဖြစ်မနေ ရအောင်လုပ်မယ်ဆိုပြီး အဲ့ဒီ့တုန်းက လက်ထဲရှိတဲ့ ပိုက်ဆံတွေ အကုန်သုံးပြီး လူသူ အရောက်အပေါက် နဲတဲ့ တော်တော်ဝေးတဲ့ ရွာလေးတစ်ခုမှာ ကျောင်းတစ်ကျောင်းဖြစ်အောင် ဆောက်ပေးခဲ့တယ်။ ဧရာဝတီတိုင်းက အင်းမရွာလေး ဆိုတဲ့ ရွာမှာပါ။ ကားတတန် လှေတတန် ဆိုင်ကယ်တတန် သွားရတော့ တော်တော်ခေါင်ပြီး လှူတဲ့သူတွေ သွားမလှူချင်တဲ့ နေရာတွေပါ။ အစစအရာရာ ဦးမြင့်စိုး(၀သ) ကဘဲ ဦးစီးပြီး ဆောက်လုပ်ပေးခဲ့ပါတယ်။ စိတ်မကောင်းဖွယ်ရာ တစ်ခုကတော့ ကျောင်းဆောက်လုပ်အပြီး ဖွင့်ပွဲမတိုင်ခင် ဦးမြင့်စိုး(၀သ) ဆုံးပါးသွားတာပါ။
ကျောင်းဖွင့်ပွဲအတွက် ထူးထူးခြားခြား ဖြစ်အောင် စာပေဟောပြောပွဲလေး တစ်ခုပါ စီစဉ်လိုက်ပါတယ်။ ပြီးတော့ လူနိုင်တွေဖြစ်တဲ့ ဆရာချစ်ဦးညို၊ ဆရာမောင်စိန်ဝင်း နဲ့ ကာတွန်းအော်ပီကျယ် တို့ကို ဟောပြောဖို့ ခေါ်သွားခဲ့တယ်။ လျှပ်စစ်မီးတောင် မရှိ့တဲ့ရွာကလေးမှာ စာပေဟောပြောပွဲဆိုတာ ပထမဆုံး အကြိမ်နဲ့ ကြုံတောင့်ကြုံခဲပါပဲ။ ဒါပေမယ့် လွဲသွားတဲ့ အချက်တစ်ခုက စာပေဟောပြောပွဲကို ကျောင်းဖွင့်ပွဲနဲ့ အတူတူ နေ့ခင်းမှာ မလုပ်ပဲ အေးအေးဆေးဆေးဖြစ်အောင် ညကြမှစီစဉ်လိုက်လို့ပါ။ တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ထားတဲ့ ရွာသားတွေ မြို့ကလူတွေလို အေးအေးလူလူ ညဘက်မှာ ဘယ်လာပြီး ဟောပြောပွဲ နားထောင်နိုင်ပါ့မလဲ။ (ဒါပေမယ့် ကျောင်းထိုင်ဘုန်းကြီးက လာရမယ်ပြောလို့ လူတော်တော်များများ လာကြပြီး အောင်မြင်တဲ့ ဟောပြောပွဲ တစ်ခုဖြစ်လိုက်ပါတယ်။)
လှူထားတဲ့ အုပ်နဲ့ဆောက် ထားတဲ့မူလတန်း ကျောင်းကလေးဟာ တဲပုတ်တွေသာရှိ့တဲ့ ရွာကလေးမှာ တော်တော်သားသားနားနား ရှိ့လို့ ပီတိဖြစ်မိပါတယ်။
ဟောပြောပွဲ နေရာနဲ့ ဆရာတွေ တည်းဖို့ကို ဘုန်းကြီးကျောင်း တစ်ခုမှာ စီစဉ်ထားပေးတယ်။ ဘုန်းကြီးကျောင်း ရောက်သွားတော့မှ ဒီလိုဆင်းဆင်းရဲရဲရွာလေးတစ်ရွာမှာ ဗုဒ္ဓဘာသာကို အတော်ကြည်ညိုပြီး လှူဒါန်း ထားကြတာကို တွေ့လိုက်ရတယ်။ ကျောင်းဝန်း အကျယ်ကြီးထဲမှာ အုပ်ရိုးအခိုင်အခန့်နဲ့ ၂ထပ် ကျောင်းဆောင်ကြီးကြီး တစ်ခုမှာ လူတစ်ရာ လောက်ဆန့်တဲ့ ခန်းမကြီး အပါအ၀င် ဆောက်လုပ်ထားတယ်။
နောက်တစ်နေ့ မနက်ရောက်တော့ ကျောင်းထိုင် ဆရာတော်က ကျောင်းဝန်းထဲ လိုက်ပြတယ်။ "ဒီမယ် ဒကာ။ မင်းတို့ နိုင်ငံခြားက လာတဲ့သူတွေက စာသင်ကျောင်းတွေဘဲ ၀ိုင်းလှူ နေကြတယ်။ နောင်သံသရာ အဆက်ဆက် ကိုယ့်ရဲ့ကုသိုလ် ပါသွားဖို့ မြင့်မြတ်တဲ့ နေရာတွေ ပုဂ္ဂိုလ်တွေကို လူဒါန်းမှပိုပြီး ကုသိုလ် ရမှာပေါ့ကွ" ဆိုပြီး ဘုန်းကြီးကျောင်း မှာ လိုအပ်နေတဲ့ အဆောက်အဦး စာရင်းတွေကို ပေးတယ်။ ဒါနဲ့ "တတ်နိုင်သမျှ နေက်တခါလာရင် လှူပါမယ့် ဘုရား ဆိုပြီး" ဦးချပြီးပြန်ခဲ့တယ်။
အပြန်လမ်းမှာ မြန်မာလူမျိုးတွေ နဲ့ အလှူအတမ်း အကြောင်းကို တွေးမိတယ်။
မြန်မာလူမျိုး တော်တော်များများက အလှူပေးခြင်း ဆိုတာ ကောင်းမှုကုသိုလ် လုပ်ခြင်းလို့ ခံယူကြတယ်။ ကိုယ်ပြုလုပ်လိုက်တဲ့ ကုသိုလ်ကံဟာ ဒီဘ၀မှာတင်မက နောက်ဘ၀ထိအောင် အကျိုးခံစားရမယ် ဆိုပြီး ယုံကြည်ကြတယ်။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေ နဲ့ မြင့်မြတ်တဲ့ နေရာတွေမှာ အလှူပေးခြင်းသည် အလျှင်မြန်ဆုံး နဲ့ အထိရောက်ဆုံး အကျိုးကျေးဇူးများ ပြန်လည်ခံစားရရှိနိုင်ပြီး ကိုယ်လှူလိုက် သည့်နေရာ ပုဂ္ဂိုလ်တွေမှ မည်သို့အသုံးချ သည်ကို သိရှိရန် မလို၊ အလှူရှင်မှ စိတ်ထားတတ်လျှင် မြတ်သည်ဟု ခံယူကြသည်။ ထို အလှူအများစုတွင် အများအတွက် အခြေခံပြီး အလှူအတန်း ပေးထားခြင်းထက် ကိုယ့်အတွက် ဒီဘ၀မှာတင်မက နောက်ဘ၀ထိ ကောင်းကျိုးများခံစားရရန် လောဘတကြီး အလှူပေးထားကြသည်။ ကိုယ်အကျိုး ကိုယ်ကြည့်သူကို အတ္တကြီးသူများဟု သတ်မှတ်လျင် ကိယု့်အကျိုးအတွက် အလှူပေးသူများကို "အတ္တကုသိုလ်" ရှင်များဟု သတ်မှတ်နိုင်မည် ထင်သည်။
ဝေးလန်ခေါင်ပါးသော နေရာတစ်ခုတွင် စာသင်ကျောင်းတစ်ခု ဆောက်လုပ်လှူဒါန်း ခြင်း၏ အဓိက ရည်ရွယ်ချက်မှာ လူငယ်များ ပညာသင်ကြားခွင့် ရရှိလာပြီး အသိပညာတိုးစေရန် နှင့် ပညာတတ်လူငယ်များ အရွယ်ရောက်လာပြီး ကိုယ့်ရပ်ရွာတွင် ဦးဆောင်ဦးရွက်ပြုနိုင်ကာ ဒေသအလိုက် တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။ စာသင်ကျောင်း ဆောက်လုပ်လှူဒါန်းမှု တစ်ခုထဲဖြင့် မပြီးဘဲ စဉ်ဆက်မပျက် လို့အပ်မှုတွေ၊ သင်ကြားမှု အထောက်အပံ့တွေ ပံ့ပိုးကူညီ ပေးမှ မဝေးတော့သည့် အနာဂတ်တွင် ပညာတတ်များ ပေါ်ထွန်းလာမည်ဟု ယုံကြည်မိသည်။
ကျောင်းဖွင့်ပွဲမှအပြန် မိဘအိမ်အရောက် အမေကလှမ်းပြောလိုက်သည်။ "ငါသား၊ အလုပ်အကိုင်တွေ ငွေရေးကြေးရေးတွေ အဆင်မပြေဘူး ကြားလို့ ဗေဒင်မေးထားတယ်။ အလှူအတန်း လုပ်ရမယ်တဲ့။" ဒါနဲ့ အမေ့ကိုပြန်ပြောလိုက်တယ်။ "အမေရေ အကြွေးတင်ခံပြီး စာသင်ကျောင်းတစ်ခုတောင် လှူထားပြီးပြီ ဘာထပ်လှူရမှာလဲ" မေးတော့ "ရွှေတိဂုံ ဘုရားမှာ ကန်တော့ပွဲ ပေးရမယ်။ ဒါမှဂျိုလ်ဆိုးတွေက လွတ်အောင်။" တဲ့။ အမေကို ဘာမှပန်မပြောခဲ့ပေမယ့် ကိုယ်လက်သင့်မခံတဲ့ ကိစ္စတစ်ခုဆိုတော့ မလုပ်ဖြစ်ခဲ့ဘူး။ ဒါကြောင့်လည်း ထင်ပါ့ ဒီဂျိုလ်ဆိုးကနေ တစ်နှစ်လောက်ကြာမှ ကျော်လွားနိုင်ခဲ့တယ်။
(ကိုယ့်စိတ်ကူးနဲ့ကို ရေးထားခြင်းဖြစ်၍ လွတ်လပ်စွား သဘောကွဲလွဲ နိုင်ပါသည်။)
(photo: Google)
No comments:
Post a Comment