ဒီနေ့ ဟာ စင်ကာပူရဲ့ အထွေထွေ ရွေးကောက်ပွဲနေ့ပါ။ စင်ကာပူကို နှစ်ပေါင်း ၅၀ ပြိုင်ဖက်ကင်းကင်းနဲ့ အုပ်ချုပ်နိုင်ခဲ့တဲ့ လက်ရှိအစိုးရရဲ့ "ပြည်သူ့အရေးတော်ပုံပါတီ" [People's Action Party (PAP)]ဟာ နေရာတော်တော်များများမှာ ရှုံးနိုင်ခြေရှိနေပါတယ်။ ဒီအချက်ကို ကြိုသိနေတဲ့ စင်ကာပူအစိုးရဟာ စင်ကာပူရဲ့ ဖခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ PAP ကိုတည်ထောင်သူ လီကွမ်ယုသေပြီး ချက်ချင်း ကောက်ပြီး ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်လိုက်ပါတယ်။ ရွေးကောက်ပွဲလုပ်ရာမှာလဲ မဲပေးတဲ့ရာခိုင်နှုန်းကို အခြေပြု ပြီး အစိုးရရဲ့ထောက်ခံမဲတွေ တစ်နေရာထဲစုပြုံမနေစေဘဲ မဲဆန္ဒနယ်တွေအကုန်လုံး ပြန့်သွားအောင် သိသိသာသာကြီး ရပ်ကွက်တွေကို ပြောင်းလဲ သက်မှတ်ပြစ်လိုက်ပါတယ်။ ၀န်ကြီးချုပ် လီရှန်လုံးက ထိုကိစ္စကို သိုသိုသိပ်သိပ် လျှို့ ဝှက်စွာလုပ်ဆောင်ခဲ့ပြီး ၀န်ကြီးတွေနဲ့ သူ့ပါတီက လွတ်တော်အမတ်တွေကိုတောင် ကြိုတင်အသိမပေးခဲ့ပါဘူး။ ထိုကိစ္စကိုမကျေနပ်လို့ ပို့ဆောင်ရေး ၀န်ကြီးနဲ့ အမတ်အချို့ ဒီနှစ်ရွေးကောက်ပွဲမှာ မပါဝင်ဖို့ ဆုံဖြတ်လိုက်ကြပါတယ်။ PAP ရှုံးနိုင်တဲ့အချက်တွေကို လေ့လာကြည့်တဲ့အခါမှာ...
၁။ ခေါင်းဆောင်မှု ယိုယွင်းသွားခြင်း
လီကွမ်ယုဟာ စင်ကာပူကို Lee Dynasty ခေါ်တဲ့ မိသားစုအင်ပါယာ တစ်ခုထူထောင်ဖို့ အာသီသရှိခဲ့ပုံရပါတယ်။ သူမသေခင်မှာ သူ့သားတစ်ဦးဦးဆီ အာဏာလွှဲပေးဖို့ စီစဉ်ခဲ့ပါတယ်။ ဒါကြောင့် ဂိုချောက်တောင်ကို ၀န်ကြီးချုပ်အဖြစ် ဟန်ပြပေးခဲ့ပြီး သူ့ရဲ့သား လီရှန်လုံးကို ၀န်ကြီးချုပ်အဖြစ် ပြန်ပြီးလွှဲပြောင်း ခန့်အပ်စေပါတယ်။ လီရှန်လုံးဟာ လီကွမ်ယုနဲ့ အလွန်ကွာခြားပါတယ်။ လီကွမ်ယုဟာ တစ်ကယ့်ခေါင်းဆောင်ကောင်းတစ်ယောက်ပါ။ အာဏာရှင်တစ်ယောက်လဲဖြစ်ပါတယ်။ သူ့သက်တမ်းတစ်လျှောက်မှာ အတိုက်အခံတွေ သူ့ကိုပုန်ကန်မယ့်သူတွေကို ခေါင်းမထောင်နိုင်အောင် အပြတ်ရှင်းပြစ်ခဲ့တဲ့သူပါ။ ဒါကြောင့် PAP ဟာနှစ်ပေါင်း၄၅ နှစ်တိုင်တိုင် အားကောင်းတဲ့ အတိုက်အခံတွေကို ရင်မဆိုင်ခဲ့ရပါဘူး။ လီရှန်လုံးလက်ထက်မှာ သူ့ရဲ့ပျော့ ညံ့တဲ့ အုပ်ချုပ်မှုကြောင့် အတိုက်အခံတွေ ပိုပြီးအတင့်ရဲလာခဲ့ပါတယ်။ အရင်ရွေးကောက်ပွဲမှာ မထင်မှတ်ဘဲ စုပေါင်းမဲဆန္ဒနယ် (ထိုမဲဆန္ဒနယ်တွင် လူမျိုးစု လေးမျိုးပါဝင်ပြီး အမတ်၅ယောက် စုပေါင်းရွေးချယ်ရသည်) တစ်ခု အတိုက်အခံ "အလုပ်သမားပါတီ" Workers' Party ကအနိုင်ရရှိခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဂျော့ ယို ပြုတ်သွားခဲ့ဖူးတယ်။ လီရှန်လုံးအနေနဲ့ အတိုက်အခံ အင်အားကြီးမားလာတာကို မဟန့်တားနိုင်ခဲ့တာဟာ PAP ရှုံးနိမ့်ဖို့ အဓိက အကြောင်းအရင်းတစ်ခုဖြစ်တယ်။
၂။ အားကြီးလာသော အတိုက်အခံ အလုပ်သမားပါတီ "Workers' Party"
အလုပ်သမားပါတီရဲ့ ခေါင်းဆောင် လိုတိုက်ခန်ဟာ ၁၉၉၁ ခုနှစ်ထဲက ဟောင်ကန်း မဲဆန္ဒနယ်ကနေ အရွေးကောက်ခံခဲ့ရပြီး ဝါအရင့်ဆုံး အတိုက်အခံခေါင်းဆောင်အဖြစ် ရပ်တည်လာတဲ့သူပါ။ လီကွမ်ယုလက်ထက်မှာ အတိုက်အခံ အနိုင်ရတဲ့ ရပ်ကွက်တွေကို အစိုးရရဲ့ အထောက်အပံ့လုံးဝမပေးဘဲ လမ်းပန်းဆက်သွယ်ရေး ခက်ခဲအောင်လုပ်ထားပါတယ်။ အဲ့ဒါကြောင့် အဲ့ဒီရပ်ကွက်တွေက အိမ်ဈေးတွေဟာ တစ်ခြားPAP ရပ်ကွက်တွေနဲ့ နှိုင်းယှဉ်ရင် ဈေးကျဆင်းနေတတ်ပါတယ်။ PAP အစိုးရရဲ့ အဓိကမဲဆွယ်မှုက အဲ့ဒီ့ဒေသ တိုးတက်ချင်ရင် PAP ကို မဲပေးပါဆိုပြီးဆွယ်ပါတယ်။ ကျန်တဲ့ရပ်ကွက်တွေကိုလည်း အတိုက်အခံကို မဲပေးရင် အဲ့ဒီ့ရပ်ကွက်တွေလို ဖြစ်သွားမယ်ဆိုပြီး ခြောက်လှန့်ထားပါတယ်။ ပြီးရင် အတိုက်အခံပါတီဝင်တဲ့သူတွေကို နည်းပေါင်းစုံနဲ့ ဖိနှိပ်ပါတယ်။ အလုပ်ပြုတ်အောင်၊ ထောင်ကျအောင်၊ မွဲသွားအောင်၊ စီးပွားရေးလုပ်မရအောင် နည်းပေါင်းစုံနဲ့ ဒုက္ခပေးပါတယ်။ ဒီအမြင်တွေဟာ လွန်ခဲ့တဲ့ ၅ နှစ် ရွေးကောက်ပွဲအပြီးမှာ ပြောင်းလဲသွားပါတယ်။ Workers' Party ဟာ စင်ကာပူသမိုင်းမှာ ဘယ်အတိုက်အခံမှ အနိုင်မရဖူးတဲ့ စုပေါင်းမဲဆန္ဒနယ်ကို နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ PAP ကို အယ်လ်ဂျူးနစ်ရပ်ကွက်မှာ မဲအပြတ်အသတ်နဲ့ နိုင်လိုက်ပါတယ်။ အတိုက်အခံများ လွှတ်တော်ထဲ များများရောက်လာတဲ့အချိန်မှာ အစိုးရက လုပ်ချင်ရာ မလုပ်နိုင်တော့ဘဲ ပြည်သူအကြိုက် လိုက်လျောမှုတွေ ပိုလုပ်လာရပါတယ်။ ပြည်သူတွေကလည်း ဒီအချက်ကို သဘောပေါက်လာကြပြီး အတိုက်အခံ Workers' Party ကို ပိုမိုထောက်ခံလာပါတယ်။ ဒါကြောင့် မဲဆွယ်စည်းရုံးပွဲတွေမှာ လူပေါင်း သောင်းနဲ့ချီပြီး Workers' Party ကိုလာအားပေးကြပြီး လက်ရှိအစိုးရရဲ့ မဲဆွယ်ပွဲတွေမှာ အကြိုအပို့စီစဉ်ပြီး လက်ဆောင်ပေးတာတောင် ထောင်ဂဏန်းလောက်သာ လာတာကို တွေ့ရပါတယ်။
၃။ လက်ရှိအစိုးရရဲ့ လူမကြိုက်တဲ့ မူဝါဒများ
လက်ရှိ PAP အစိုးရဟာ စင်ကာပူကို နိုင်ငံတစ်ခုလို မအုပ်ချုပ်ပဲ ကုမ္ဗဏီတစ်ခုလို အုပ်ချုပ်ထားခဲ့ပါတယ်။ ၀န်ကြီးချုပ်ဟာ CEO ဖြစ်ပြီး လီကွမ်ယုမိသားစုဟာ ရှယ်ယာပိုင်ရှင်တွေဖြစ်ပြီး ၀န်ကြီးတွေဟာ ဒါရိုက်တာအဖွဲ့ဝင်တွေဖြစ်ပါတယ်။ ပြည်သူတွေကိုတော့ ၀န်ထမ်းနဲ့ အလုပ်သမားတွေလို့ သတ်မှတ်ထားတယ်။ ဒါကြောင့် CEO နဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေက လစာတွေ ဒေါ်လာသန်းနဲ့ချီပြီးယူနေချိန်မှာ ပြည်သူတွေက ရတဲ့လစာနဲ့ အနိုင်နိုင်ဖြစ်လာပါတယ်။ ဒီအချိန်မှာ အတိုက်အခံတွေက အစိုးရသည် ပြည်သူပေးတဲ့ပိုက်ဆံနဲ့ ရပ်တည်နေရသဖြင့် ပြည်သူတွေသည်သာ အလုပ်ရှင်ဖြစ်ပြီး အစိုးရသည် အလုပ်သမားဖြစ်သည်ဆိုသည့် အတွေးကို ချပြနိုင်ခဲ့သည်။
၎။ သတင်းအချက်အလက် ပြန့်ပွားမှု
လွန်ခဲ့သည့် ၁၀ နှစ်ကျော်အထိ ဝါဒဖြန့်ချီရေးကို သတင်းစာက အဓိက ဆောင်ရွက်ပေးသည်။ စင်ကာပူ၏ ပုံနှိပ်ထုတ်ဝေမှုကို လက်ရှိအစိုးရမှ ချုပ်ကိုင်ထားပြီး PAP ပြောချင်သည်များကို သတင်းစာများမှ ဦးစားပေး ဖေါ်ပြပြီး အတိုက်အခံများ၏ မကောင်းကွက်များကိုသာ ပြည်သူများဖတ်ခဲ့ရသည်။ ဒီဘက်ခေတ်တွင် လူမှုကွန်ယက်များ ပေါ်ပေါက်လာပြီး လူတိုင်းကိုယ့်အမြင်ကို လွတ်လွတ်လပ်လပ် ဖေါ်ပြနိုင်ခဲ့ချိန်တွင် သတင်းစာများ၏ အရေးပါပုံ ပြောင်းလဲသွားသည်။ အတိုက်အခံများမှ သတင်းစာကို အားကိုးရန် မလိုတော့ဘဲ လူမှုကွန်ယက်များမှ ထိထိရောက်ရောက် စည်းရုံးမှုများ လုပ်လာနိုင်ကြသည်။
၅။ မျိုးဆက်သစ်များ၏မဲများ
စင်ကာပူတွင် အသက် ၂၁နှစ်ပြည့်ပြီးလျှင် စတင်ပြီး မဲပေးလို့ရပြီဖြစ်သည်။ လူငယ်များသည် နိုင်ငံတကာ အတွေ့အကြုံများရှိလာပြီး ပညာပိုတတ်လာကြရာတွင် နိုင်ငံတကာအစိုးရများနှင့် သူတို့အစိုးရကို နှိုင်းယှဉ်လာကြသည်။ နှိုင်းယှဉ်ရာတွင် မြန်မာပြည်လို နိုင်ငံမျိုးနှင့် မနှိုင်းယှဉ်ဘဲ သူတို့အထင်ကြီးသည့် ဥရောပ၊ အမေရိကန်နှင့် ကနေဒါလို နိုင်ငံမျိုးများနှင့် နှိုင်းယှဉ်ပြီး လက်ရှိအစိုးရကို အများစုက ကျေနပ်မှုမရှိပေ။
၆။ အရင်ရွေးကောက်ပွဲမှာ တကယ်ရခဲ့တဲ့မဲ
၂၀၁၁ ရွေးကောက်ပွဲတွင် PAP ရခဲ့သည့် မဲစုစုပေါင်းသည် ၆၀ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး အမတ်အရေအတွက် အနေဖြင့် ၉၀ရာနှုန်းခန့် ရရှိခဲ့သည်။ မဲပေးသည့်အချိုးအစားကို စနစ်တကျ လက်ရှိအစိုးရ အားသာမှုရအောင် စီစဉ်နိုင်ခဲ့၍ ၆၀ရာခိုင်နှုန်းမဲဖြင့် အမတ်နေရာ ၉၀ ရာခိုင်နှုန်း ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုရွေးကောက်ပွဲတွင် မဲပေးရာဒေသများကို မဲပေးမှု ပုံစံများပေါ်မူတည်၍ ပြန်ပြီးရေးဆွဲခဲ့သည်။ ဒါပေမယ့် PAP အနေဖြင့် မဲအားလုံး၏ ၅၀ ရာခိုင်နှုန်းအောက် ရောက်ခဲ့လျှင် မဲဆန္ဒနယ် တော်တော်များများ ရှုံးနိမ့်သွားမည်ဖြစ်သည်။
PAP ရှုံးခဲ့လျှင် နောက်တက်လာမည့်အစိုးရသည် စီးပွားရေးထက် အမျိုးသားရေးကို ပိုဦးစားပေးမည်ဖြစ်သည်။ ထိုအချိန်တွင် စင်ကာပူရှိ နိုင်ငံခြားသားများအတွက် စင်ကာပူတွင်နေထိုင်ဖို့ အခက်အခဲဖြစ်လာနိုင်သည်။ ထို့ကြောင့် ပြည်တော်ပြန်ရန် မြန်မာပြည်တွင် လူထုလိုလားသော အစိုးရတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် နိုဝင်ဘာလတွင် အားလုံး မဲပြန်ပေးကြပါလို့။