Tuesday, 15 December 2015

ဒေါ်အောင်ဆန်းစုကြည်၊ အော်ပီကျယ်၊ စံဇာဏီဘို နှင့် အဲယား ပုဂံ


ကျွန်တော် ဒီအကြောင်းပြောတိုင်း ကာတွန်းဆရာ အော်ပီကျယ် ဒေါသထွက်ပါသည်။ သူဒေါသထွက်ခြင်းသည် ကာတွန်းဆရာပီပီ ကြောက်စရာမကောင်းပဲ ပိုပြီးချစ်ဖို့ကောင်းပါသည်။ (ချစ်ဖို့ကောင်းသည်ဆို၍ ကျွန်တော်တို့ ၂ ယောက် သည် gayများ မဟုတ်ပါ။ မိန်းမချောလေးများကို စိတ်ဝင်စားကြတာခြင်းတူကြပါသည်။ သူ၏စိတ်ဆိုးစဉ် ပြောပုံဆိုပုံမှာ ကလေးဆိုးကြီးတစ်ယောက်လို ဖြစ်သောကြောင့် ချစ်စရာကောင်းနေခြင်းဖြစ်သည်။) ထို့ကြောင့် အရက်မူးတိုင်း ဆရာအော်ပီကျယ်၏ ချစ်စရာဒေါသကို တွေ့လိုလျှင် ဤအကြောင်းကို ပြောဖြစ်သည်။ 

ဆရာအော်ပီကျယ်နှင့် ၂၀၀၉ ခုနှစ် စင်ကာပူနိုင်ငံ စာပေဟောပြောပွဲမှစ၍ သူပြောသည့်အတိုင်း "သောက်ကျင့်တူသောကြောင့်" ခင်မင်ရင်းနှီးပြီး မကြာခဏ ဆုံဖြစ်ပါသည်။ "သောက်ကျင့်" ဆိုရာမှာ အရက်သောက်ခြင်း၊ လောကကြီးကို ဂရုမစိုက်ဘဲ ကိုယ်ထင်ရာလုပ်ခြင်းများသာဖြစ်ပြီး ကျန်သည့်ကိစ္စများမှာ တော်တော်ကွာပါသည်။ သူဟာ အနုပညာသမားစစ်စစ် တစ်ယောက်ဖြစ်ပြီး ကျွန်တော်ဟာ Entrepreneur စစ်စစ် တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ခံယူထားပါသည်။ သူသည် အနုပညာကို အဓိကထား၍ ကျွန်တော်သည် လုပ်ငန်းများအောင်မြင်ရေးကို အဓိကထားပါသည်။ သူ၏ ဦးတည်ချက်မှာ ကာတွန်းဖြင့် ပြည်သူကို အကျိုးပြုရေးဖြစ်ပြီး ကျွန်တော် ဦးတည်ရသည်မှာ အမြတ်များများရရှိရေးဖြစ်သည်။ မတူတာတွေဖယ်ထားပြီး တူတာတွေဖလှယ်ကြခြင်းဖြင့် ငယ်ပေါင်းကြီးဖေါ်လို ခင်ခဲ့ကြသည်။ ခင်မင်ရင်းဖြင့် တစ်ချို့အကြောင်းအရာများသည် တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက် ဆက်စပ်လာခဲ့သည်။ ထိုအကြောင်းအရာထဲတွင် အဲယားပုဂံသည် တစ်ခုအပါအ၀င်ဖြစ်သည်။ 

စက်တင်ဘာ ၂၀၀၇ ခုနှစ် အဲယားပုဂံ စင်ကာပူမှ ရန်ကုန်သို့ ပထမဦးဆုံးအကြိမ် ပျံသန်းမှုတွင် အထူးဧည့်သည်အနေဖြင့် လိုက်ပါခွင့် ရခဲ့ဖူးသည်။ ကိုယ့်အစွမ်းအစနှင့် မဟုတ်ဘဲ အဲ့ဒီအချိန်က ဦးတေဇနှင့် အင်မတန်ရင်းနှီးသော ကျွန်တော်၏လုပ်ငန်းများကို ငွေရေးကြေးရေးကအစ ထောက်ပံ့ပေးခဲ့သူတစ်ဦး၏ စီစဉ်ပေးမှုကြောင့်ဖြစ်သည်။ သို့သော် အဲယားပုဂံ၏ စင်ကာပူသက်တမ်းသည် ဘာမှမကြာလိုက်။ အောက်တိုဘာ ၂၀၀၇ တွင်ဖြစ်ခဲ့သော သံဃာအရေးအခင်းကို မြန်မာအစိုးရက အကြမ်းဖက်နှိမ်နင်းခဲ့သည့်နောက် အမေရိကန်အစိုးရမှ စင်ကာပူကို ဖိအားပေးကာ မြန်မာခရိုနီများ၏ လုပ်ငန်းများကို ပိတ်ခိုင်းရာတွင် အဲယားပုဂံ ပါသွားသည်။

ဆရာအော်ပီကျယ်သည် နာမည်ကြီးကာတွန်းဆရာတင်မဟုတ် ကုန်အမှတ်တံဆိပ် နှင့် တစ်ခြားဒီဇိုင်းများတွင်လည်း ထင်ပေါ်ကျော်ကြားသူတစ်ဦးဖြစ်သည်။ ဦးတေဇ၏ အဲယားပုဂံ ကုန်အမှတ်တံဆိပ်မှာ အော်ပီကျယ်၏ လက်ရာဖြစ်သည်။ ထိုအချိန်က အဲယားပုဂံ ကုန်အမှတ်တံဆိပ်တစ်ခုရဖို့ ပုဂံသမိုင်းကြောင်းတစ်ခုလုံး လေ့လာပြီး သင့်တော်သည့် ကုန်အမှတ်တံဆိပ် နမူနာများရေးပေးခဲ့သည်။ ထိုအမှတ်တံဆိပ်များထဲမှ ယခု အဲယားပုဂံအမှတ်တံဆိပ်ကို ရွေးခဲ့ခြင်းဖြစ်သည်။ ထိုအမှတ်တံဆိပ်ကို ဦးတေဇမှ အရမ်းကြိုက်သဖြင့် ဆရာအော်ပီကျယ် တောင်းသလောက် ပေးမည်ဆိုသော်လည်း အလွန်ရိုးသားသော အော်ပီကျယ်မှာ ပုံမှန်ဆွဲနေကျ ဈေးနှုန်းကိုသာ တောင်းလိုက်သည်။ 

ထိုအချိန်တွင် စံဇာဏီဘို အခန်းဂဏ ၀င်လာသည်။ တကယ်တော့ စံဇာဏီဘို နှင့် ကျွန်တော်သည် ဆရာတစ်ဦးထဲမှ ဆင်းသက်လာသော ကျောင်းနေဖက်ညီအစ်ကို ဆိုလျင်မှားမည် မဟုတ်။ သူသည် ဆရာဦးစံတင်အောင် (ရွှေဘို) ထံတွင် တပည့်ခံခဲ့သည်။ သူ့နာမည်တောင်မှ ဆရာ့နာမည်ပါအောင် "စံ" ထည့်ထားခဲ့သည်။ ကျွန်တော်နှင့် ဦးစံတင်အောင် စတွေ့ခဲ့ချိန်က ၂၀၀၆ ခုနှစ် စင်ကာပူတွင်။ သူက မြင်မြင်ချင်း တပည့်အဖြစ် သတ်မှတ်ပီး ပညာသင်ဖို့လုပ်သည်။ ပင်နီဆူလားပလာဇာက အခန်းကျဉ်းလေးတစ်ခုတွင် နှစ်ပိုင်းခွဲကာ သူက ဟိုဘက်က လက္ခဏာဟော၊ ကျွန်တော်က တစ်ခြားအခန်းကနေ စီးပွားရေး အကြံပေးလုပ်ဖြင့် အတူအလုပ်လုပ်ခဲ့ကြဖူးသည်။ သို့သော် ကျွန်တော်က ဗေဒင်လက္ခဏာကို လုံးဝယုံကြည်မှု မရှိသဖြင့် သူလက်လျော့ လိုက်သည်။ သူမကွယ်လွန်ခင် ကျွန်တော့်ကို လူအများ၏ယုံကြည်လေးစားမှု (အမှားလုပ်တောင် လူတွေခွင့်လွှတ်ကြလိမ့်မယ်ဟု) အထူးရှိမည်ဟု ဟောပေးသွားခဲ့သည်။ ဆရာကြီးအကြောင်းကို အသေးစိတ် ရေးပါဦးမည်။

ဦးတေဇသည် မြန်မာပြည်ရှိ ခရိုနီများနှင့် အာဏာပိုင်များနည်းတူ ဗေဒင်၊ယတြာများကို အထူးယုံလေသည်။ အဲယားပုဂံ ကုန်အမှတ်တံဆိပ် အော်ပီကျယ်ဆီမှ ရရခြင်း အသုံးပြုလို့ ရမရ စံဇာဏီဘိုထံသွားပြီး မေးသည်။ ဟိုက ဒီဇိုင်းရေးဆွဲသူ အဖိုးအခထက် အဆပေါင်းများစွာတောင်းပြီး ထိုအမှတ်တံဆိပ် သုံးနိုင်သည်ဟု အတည်ပြုပေးခဲ့သည်။ မကြာပါ အဲယားပုဂံ၏ နိုင်ငံတကာ ပြေးဆွဲမှုများ အောက်တိုဘာ ၂၀၀၇ တွင် ရပ်တန့်သွားတော့သည်။

ကျွန်တော် တစ်ခါက ဆရာအော်ပီကျယ်ကို နောက်မိသည်။ ဆရာဆွဲပေးတဲ့ အဲယားပုဂံဒီဇိုင်းက ကြာဖူးပုံဆိုတော့ အဲယားပုဂံလဲ မကြာဘူးဖြစ်သွားတယ်။ ထိုအချိန်တွင် သူစိတ်ဆိုးသွားသည်။ ကျွန်တော် ဘယ်တော့မှ စိတ်ယုတ်မာနဲ့ သူများလုပ်ငန်းပျက်စီးအောင် မလုပ်ခဲ့ဖူးဘူးဆိုပြီး စတင်ပေါက်ကွဲတော့သည်။ ကိုယ့်အလုပ်အတွက် ကိုယ်တာဝန်ယူပြီး အကောင်းဆုံး လုပ်ပေးခဲ့တာဟုပြောသည်။ ထိုအချိန်တွင် သဘောပေါက်လိုက်သည်။ ထွက်ပေါက်တစ်ခုရှာမှ ဖြစ်တော့မည်။ ဒါနဲ့ စံဇာဏီဘိုကို ခေါင်းစဉ်တည်လိုက်သည်။ "ဒါကတော့ ဆရာပီမှာ အပြစ်မရှိပါဘူး။ ပိုက်ဆံယူပြီး ပေါက်ကရ လျှောက်ပြောတဲ့ ဟိုဗေဒင်ဆရာရဲ့ အပြစ်ပဲ။ ခုလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မယ်ဆိုပြီး ပြောနေပြန်ပြီ။" ထိုအချိန်တွင် အော်ပီကျယ် ပိုပေါက်ကွဲတော့သည်။ "ခင်ဗျားက ဒေါ်စု သမ္မတ မဖြစ်နိုင်ဘူးလို့ ပြောလိုက်တာပေါ့။" အော်ပီကျယ် ကိုယ်တိုင်လည်း ဗေဒင်လက္ခဏာများကို ယုံကြည်သူမဟုတ်။ ဒါပေမယ့်  မတူညီသောကျွန်တော်တို့ ၂ ဦး၏ တူညီသောဆန္ဒမှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခေါ့င်းဆောင်တစ်ဦးအဖြစ် မြန်မာပြည်ကို ဦးဆောင်စေချင်သည်။ 

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့နဲ့  နိုင်ငံ့ခေါင်းဆောင်ဖြစ်ဖို့ အော်ပီကျယ်လို ပညာရှင်များ နှင့် ပြည်သူများ ဝိုင်းဝန်းရွေးချယ်သည်ကိုသာ တွေ့လိုသည်။ တတ်ယောင်ကား ဗေဒင်ဆရာများ ပေါများလွန်း၍ (သူတို့ကို ယုံကြည်လွန်း၍) မြန်မာပြည် အာရှမှာ (ကမ္ဘာမှာပါ) အဆင်းရဲဆုံး နိုင်ငံဖြစ်သွားသည်ကို မမေ့သင်ကြောင်း။

Thursday, 3 December 2015

လမ်း

လမ်း
လျှောက်လှမ်းချင်သူအတွက်
သမုဒ္ဒရာကြီးခြားပါစေ
မြင့်မိုရ်တောင်ကြီးကာထားပါစေ
မီးပင်လယ်ကြီး တားပါစေ
အာကာသအထိ
မရောက်ရောက်အောင်လှမ်း
ပန်းတိုင်အထိ။

၃.၁၂.၁၅