Wednesday, 30 March 2016

အပျော်

ဒီအပြုံးတွေ ရဲ့
သမိုင်းကြောင်းမှာ

အညိုးတကြီးနဲ့
လှောင်အိမ်ထဲမှာ
ကြာမြင့်စွာအထားခံခဲ့ရဖူးတယ်။
မိသားစုနဲ့ခွဲ
အမှောင်ထဲမှာ နေခဲ့ရဖူးတယ်။
အရာရာကို အကြောင်းရှာ
ရက်စက်တာ ခံခဲ့ရဖူးတယ်။
မလိုတမာစွာ
လုပ်ကြံသတ်ဖြတ်
အသက်ဘေးလဲ
ကြုံခဲ့ဖူးတယ်။

ဒါတွေကို သင်ပုန်းချေ
အပျော်ကြီးပျော်နေသူ
တိုင်းပြည်အတွက်
အားလုံးရဲ့အနာဂတ်
လှပစေသူ တစ်ဦး။

(ပြည်သူ့ အစိုးရသစ် အတွက် အမှတ်တရ)


Tuesday, 29 March 2016

လမ်းဘေးမှစီးပွားရေး အတွေးများ (၁)

ဘာကြောင့် စီးပွားရေးလုပ်ငန်း စသင့်သလဲ။
 =======================

တနေ့ စင်ကာပူတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်လာသော အင်ဂျင်နီယာ တစ်ယောက်နှင့်စကားပြောဖြစ်သည်။ သူထံတွင် စုဆောင်းထားသော အရင်းအနှီး အထိုက်အလျှောက်ရှိလို့ မြန်မာပြည်ပြန်ပြီး စီးပွားရေးလုပ်ငန်း လုပ်ရန် တိုင်ပင်သည်။ ကျွန်တော့်ကိုလည်း စီးပွားရေး အကြံပေးဆိုပြီး အထင်ကြီး ဟန်ရှိသည်။ သူက ဘာလုပ်ငန်းလုပ်ရင် ကောင်းမလဲဟု မေးလိုက်ကထဲက စီးပွားရေး အကြံပေး နှင့် ဘ၀ အောင်မြင်ရေး အကြံပေး ကိုကွဲကွဲပြားပြား မသိလို့ လာ အကြံဥာဏ်တောင်းမှန်း သိလိုက်သည်။ ကျွန်တော်လုပ်နေသော စီးပွားရေး အကြံပေးသည် ကုမ္ပဏီများ လုပ်ငန်းလုပ်ဆောင်ရာတွင် အစိုးရချမှတ်ထားသော စည်းမျဉ်းဘောင်များ ကိုလိုက်နာနိုင်ရန်၊ ဈေးကွက်ဖေါ်ဆောင်ရာတွင် အခြေအနေများကို လေ့လာသုံးသပ်ခြင်းများကို အကြံပေးခြင်းဖြစ်သည်။ ဘာလုပ်ငန်းလုပ်ရင် ကောင်းမလဲဆိုသည့် အကြံဥာဏ်ထက် ဘယ်လိုလုပ်သင့်သည်ကို နည်းလမ်းပေးသော အကြံပေးလုပ်ငန်း လုပ်ကိုင်သည်ဆိုလျှင် ပိုမှန်မည်။ လူတစ်ယောက်ကို သူ့ရဲ့ အရည်အချင်း၊ လုပ်တတ်ကိုင်တတ်မှု၊ အရင်းအနှီး ပမာဏ၊ စီမံခန်ခွဲ့မှု ကျွမ်းကျင်မှုတို့ကို မသိရပဲ ပုံသေနည်းတစ်ခုအနေနှင့် မည်သည့် လုပ်ငန်းလုပ်ရင် ကောင်းမည်ဟု မည်သို့ အကြံပေးရမှန်း မသိပေ။ ဒါနဲ့ သူ့ကို မေးခွန်းတစ်ခုမေးလိုက်သည်။ ထိုမေးခွန်းသည် လုပ်ငန်းရှင်တိုင်း လုပ်ငန်းမစခင် မေးသင့်ပြီး သူ့လုပ်ငန်း အောင်မြင်မှု ကျရှုံးမှုသည် ထိုမေးခွန်း အဖြေပေါ်တွင် မူတည်သည်။

"အကိုက ဘာလို့ လုပ်ငန်းတစ်ခု စလုပ်ချင်တာလဲ" ဟုမေးလိုက်သည်။

သူက အံ့သြတကြီးကြည့်ပြီး "လုပ်ငန်းလုပ်တယ်ဆိုတာ ပိုက်ဆံရှာဖို့ပေါ့ကွ။ လူများဆီမှာ အလုပ်လုပ်တာ ကြာပြီ တခါတလေတော့လဲ သူဌေးဖြစ်ချင်တာပေါ့ကွာ။ မြန်မာပြည်ကလဲ ပွင့်လင်းလာပြီဆိုတော့ အခွင့်အရေးကောင်းတွေ ရှိနေပြီလေ။ မင်းက မြန်မာပြည်မှာ လုပ်ငန်းလုပ်နေတာ ကြာပြီဆိုတော့ပိုသိမှာပေါ့။ ဒါကြောင့် ဘာလုပ်ငန်းလုပ်ရင် ကောင်းမလဲ မေးနေတာပေါ့။"

ဒါနဲ့ သူ့ကို အောင်မြင်သော လုပ်ငန်းရှင် အများစုတို့၏ တူညီသောလုပ်ငန်းစတင်ကြပုံကို ပြောပြမိသည်။ " အောင်မြင်တဲ့ သူတော်တော်များများက ပိုက်ဆံရှာဖို့ လုပ်ငန်းတွေ စခဲ့ကြတာ မဟုတ်ဘူး။ လုပ်ငန်းတွေ စဖို့ ပိုက်ဆံရှာခဲ့ကြတာ။ အကိုရဲ့။"

သူက ရှုပ်သွားဟန်ဖြင့် ထပ်မေးသည်။ "မင်းဟာက တူတူပဲ မဟုတ်ဘူးလား။ ပိုက်ဆံရှာဖို့ စီးပွားရေး လုပ်တာနဲ့ စီးပွားရှာဖို့ ပိုက်ဆံရှာတာနဲ့။ ငါတော့ မင်းကိုမေးမှ ပိုခေါင်းရှုပ်လာပြီ။"

"ဒီလိုအကိုရဲ့ ကြီးကြီးကျယ်ကျယ် စပြောမယ်ဆိုရင် အကို အခုသုံးနေတဲ့ Facebook တည်ထောင်တဲ့သူကိုသိလား။"

"သိတာပေါ့ကွာ။ ဒီလောက်နာမည်ကြီးတဲ့သူပဲ။ နာမည်သာ မခေါ်တတ်တာ။"

"သူ Facebook စခဲ့တုန်းက ပိုက်ဆံရှာဖို့ ဘီလျှံနာ ဖြစ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စခဲ့တာ မဟုတ်ဘူး။ Bill Gates တို့ Steve Jobs တို့လဲ ပိုက်ဆံရှာဖို့ ဒီလိုကမ္ဘာကျော် ကုမ္ပဏီတွေ စတင်ခဲ့တာ မဟုတ်ဘူး။ သူတို့ ဒီလုပ်ငန်းတွေ စတင်ဖို့ နဲ့ အောင်မြင်ဖို့ ပဲ ပိုက်ဆံရှာခဲ့ ကြတာ။ အဲဒါကြောင့် ဘာလုပ်ငန်းဆိုတာ အရေးမကြီးဘူး။ အကိုလုပ်ချင်တဲ့ လုပ်ငန်းကို စတင်ဖို့နဲ့ အောင်မြင်အောင်လုပ်ဖို့ အရေးပါတဲ့ အချက်တွေ အများကြီးရှိတယ်။ ဒီထဲမှာ အရေးအပါဆုံးက အကို ဘာကြောင့် လုပ်ငန်းတစ်ခုကို စချင်တယ် ဆိုတာပဲ။ ဘာကြောင့် လုပ်ချင်တယ်ဆိုတဲ့ အပေါ်မှာမူတည်ပြီး အကိုအောင်မြင်အောင်လုပ်နိုင်မလား ဆိုတာ အချိန်က ဆုံးဖြတ်သွားလိမ့်မယ်။"

ပြီးတော့ လုပ်ငန်းဘယ်လိုစခဲ့သည်ကို ပြောပြဖြစ်သည်။

"ကျွန်တော်လုပ်ငန်းစတဲ့ အချိန်မှာ လက်ထဲမှာ ပိုက်ဆံ သိပ်မရှိဘူး။ ဒါနဲ့ ဈေးပေါပေါ ရုံးခန်းလေးတစ်ခုငှားပြီး ၀န်ထမ်းတစ်ယောက်နဲ့ စတယ်။ အလုပ်စပြီး လအနည်းငယ် ကြာတဲ့ အထိ အလုပ်အပ်တဲ့ သူ မပေါ်သေးဘူး။ စရိတ်တွေက အတော် ကုန်နေပြီ။ ဒီတော့ လုပ်ငန်းဆက်ပြီးရပ်တည်ဖို့ ဘဏ်တွေနဲ့ စကားပြောပြီး ပိုက်ဆံချေးရတယ်။ ဒုတိယ နှစ်မှာ လုပ်ငန်းက စရိတ်ကြေရုံပဲရှိတယ်။ သုံးနှစ်မြှောက်မှာ အမြတ်နည်းနည်းရလာတယ်။ ဒီကြားထဲ ဘဏ်ချေးငွေ မှန်မှန်ပြန် မဆက်နိုင်လို့ ဘဏ်တွေက တရားဆွဲတာ ခံရသေးတယ်။ ဒါတွေကိုတောင့်ခံမထားပဲ လက်လျှော့ပြီး လုပ်ငန်းရပ်လိုက်မိရင် အခုအချိန် ဆိုဘဏ်တွေကို အကြွေးမပေးနိုင်လို့ လူမွဲတစ်ယောက်ဖြစ်နေပြီး ဘာလုပ်ငန်းမှလုပ်ခွင့်ရတော့ မှာ မဟုတ်ဘူး။"

"မင်းပြောသလိုဆိုရင် လုပ်ငန်းလုပ်ရတာ တော်တော်ခက်တာပဲ။ ငါတောင် စိတ်ပျက်ချင်သလို ဖြစ်လာပြီ။"

"အကို့ကို စိတ်ပျက်အောင် ပြောတာ မဟုတ်ပါဘူး။ ကြိုတင် ပြင်ဆင်နိုင်အောင် ပြောတာပါ။ ဘယ်လုပ်ငန်းမှ အခုထလုပ် အခုအောင်မြင်တယ်ဆိုတာ မရှိဘူး။ အခက်အခဲ ရင်ဆိုင်ရရင် တချို့က လက်လျှော့သွားရော။ လက်လျှော့သွားသူ အများစုက ပိုက်ဆံရှာဖို့ စီးပွားရေးလုပ်တဲ့သူတွေ။ လက်လျှော့လိုက်တာနဲ့ အကို့ အရင်းအနှီးတွေ အချိန်တွေ ကြိုးစားမှုတွေ အလာဟသပ်ဖြစ် သွားရော။ ဒါကြောင့် ဘာလုပ်ငန်း လုပ်သင့်တယ် ဆိုတာထက် ဘာကြောင့် လုပ်ချင်တာလဲ နဲ့ ဘယ်လိုအောင်မြင်အောင် လုပ်မလဲဆိုတာ ကို အကို့ကို ရှင်းပြတာပါ။"

 နောက်ပိုင်း ထိုသူနှင့် ပြန်မတွေဖြစ်တော့၍ သူစီးပွားရေးလုပ်ငန်း တစ်ခုခု စဖြစ်လား အရင်အလုပ်ပဲ ပြန်လုပ်နေလား မသိရတော့။ သူ့ကိုပြောပြရင်းဖြင့် ကိုယ်တိုင် စခဲ့ သော လုပ်ငန်းတစ်ခု ရင်ဆိုင်ခဲ့ ရသော အခက်အခဲများနှင့် မည်သို့ကျော်လွှားခဲ့ ပုံကို ပြန်တွေးမိသည်။

ကိုယ်တိုင် ဘာကြောင့် လုပ်ငန်း စမိသလဲဆိုတော့ စင်ကာပူလိုနိုင်ငံမျိုးမှာ မြန်မာလူမျိုးတစ်ဦးအနေနှင့် နိုင်ငံတကာ စီးပွားရေး အကြံပေး လုပ်ငန်းတစ်ခုကို အောင်အောင်မြင်မြင်ထူ ထောင်နိုင် တယ်ဆိုတာကို ပြချင်စိတ် ကြောင့်ဖြစ်သည်။

ပန်းတိုင်

မင်းဘာကားစီးနေတယ်ဆိုတာထက် မင်းဘယ်ကိုသွားနေတယ်ဆိုတာ ပိုအရေးကြီးတယ်။


Monday, 28 March 2016

လမ်း​​ဘေးမှ စီးပွား​ရေး အ​တွေးများ (နိဒါန်း)

တော်တော်ငယ်စဉ်အချိန် အသက် ၁၇နှစ်လောက် အရွယ်ကစပြီး စီးပွားရေး လုပ်ငန်းတစ်ခုခုကို စတင်တည်ထောင်လိုစိတ် စဖြစ်သည်။ မိဘကို လုပ်ငန်းတစ်ခုခုစလုပ်ဖို့ အရင်းအနှီး စတောင်းသည်။ ကော်ပီယာဆိုင်၊ ကွန်ပျူတာဆိုင် တစ်ခုခုစထောင်ပြီး အဲဒီအချိန်က ခေတ်စားနေသော Bill Gates လို ကမ္ဘာကျော်ကုမ္ပဏီတစ်ခုတည်ထောင်မည်ဟု စိတ်ကူးမိသည်။ အထင်ကြီးစရာ တစ်ကွက်မှမရှိသော၊ စာမကြိုးစားသော၊ လူပေလူတေဟု သတ်မှတ်ခြင်းခံရသော သူတစ်ယောက်ကို လုပ်ငန်းတစ်ခုလုပ်ဖို့မပြောနှင့် မုန့်ဖိုးတောင် အကိုများလို တန်းတူမရခဲ့ပေ။ နောက်ဆုံး ၁၀တန်းအောင်တော့ Bill Gates လုပ်သလို အိမ်က အတင်းတိုက်တွန်းရဲ့နှင့် တက္ကသိုလ်ဆက်မတက်ဘဲ အောင်မြင်သောစီးပွားရေးလုပ်ငန်းရှင်ဖြစ်ရန် အစဉ်ကြိုးစားနေမိသည်။ ထိုအချိန်က တွက်ကိန်း အလွဲကြီးလွဲသွားသော အချက်သည် Bill Gates သည် အလွန်လွတ်လပ်ပြီး စွန့်စားကြိုးစားသူများကို အရေးပေး မြေတောင်မြှောက်ပေးသော အမေရိကားဆိုသည့် အနောက်တိုင်းတွင် မွေးဖွားပြီး ကျွန်တော့်ကို အလွန်အထိန်းအချုပ်များပြီး စွန့်စားမှုများကို လုံးဝအားမပေးသော ရှေ့တိုင်းမှ တကမ္ဘာလုံးနှင့် ပိတ်ဆို့ထားခြင်းခံထားရသော မြန်မာနိုင်ငံတွင်မွေးလာခြင်းဖြစ်သည်။ ထိုအချိန်က တတ်ကျမ်းဟုခေါ်သော စိတ်ဓါတ်မြှင့်တင်ရေး ဘာသာပြန်စာအုပ်များ စီးပွားရေးမဂ္ဂဇင်းများကို ဖတ်ပြီး ကြိုးစားမှုဖြင့် တနေ့ ရည်ရွယ်ရာကိုရောက်ပြီး အောင်မြင်လတံ္ထ္ထဆိုပြီး စိတ်ဓါတ်ကျတိုင်း ကိုယ့်ဘာသာ အားတင်းခဲ့မိသည်။ တကယ်တမ်း ကြိုးစားသည့်အချိန်တွင် စာအုပ်ထဲမှာရေးထားသကဲ့သို့ မလွယ်ကူမှန်းသိလိုက်ရသည်။ နောက်ဆုံး စိတ်ဓါတ်အလွန်ကျပြီးချိန်တွင် Bill Gates လိုဖြစ်ချင်မှုသည် ရှုးသွပ်မှုတစ်ခုဆိုသည်ကို သိလိုက်ရသည်။ ထိုအချိန်တွင် အသက်၂၀ကျော် လေးငါးနှစ်အချိန်တွေ ကုန်သွားသည်။ ကျောင်းနေဖက်သူငယ်ချင်းတွေ ရည်းစားကိုယ်စီနှင့် ဘွဲ့ဝတ်စုံနှင့်ရိုက်ထားသော ဓါတ်ပုံများ ထုတ်ထုတ်ကြွားခံရသောအခါ ကိုယ့်ကိုယ်ကို အားငယ်စိတ်ဖြင့် မ၀င့်မရဲဖြစ်မိသည်။ နောက်ပိုင်းသိမ်ငယ်စိတ်ဖြင့် အပေါင်းအသင်းများထံ မသွားမိတော့။ သို့သော်လည်း စီးပွားရေးလုပ်ငန်း အခွင့်အလမ်းများကို အမြဲကြံဆဆဲ စီးပွားရေးစာပေများကို ဖတ်မြဲဖတ်ဆဲ။

ကြံစည်ကြိုးစားရင်ဖြင့် အောင်မြင်မှုရဖို့ ကိုယ့်နိုင်ငံမှထွက်ပြီး နိုင်ငံတစ်ခုခုတွင် ပညာသင်ကြားဖို့ လိုလာ သည်ကိုသိလာသည့်အချိန်တွင် စရိတ်အသက်သာဆုံးနှင့် ပညာရေးတွင် နာမည်ကြီးသော စင်ကာပူကို ရွှေးချယ်မိခဲ့သည်။ ထိုအချိန် ၁၉၉၇ လောက်က စင်ကာပူကို ပညာလာသင်သည်မှာ ယခုလို လူသိမများ၊ မိဘကလည်း စာသင်ဖို့ပိုက်ဆံမတတ်နိုင်ဆိုပြီး ကြိုပြောလိုက်သဖြင့် လွယ်လွယ်ကူကူ ပညာသင်မရနိုင်မှန်းသိခဲ့သည်။ စင်ကာပူတွင် ကမ်းရိုးတန်း သဘောင်္လိုက်နေသော အကို့ကျေးဇူးဖြင့် သိပ်ကသီလင်တ မနိုင်ပဲ ကျောင်းစတက်ခွင့်ရသည်။ တက်ရသည့်ကျောင်းကလည်း ကိုယ်တက်ချင်သည့် စီမံခန့်ခွဲမှုဘာသာမဟုတ်၊ ကျောင်းအပ်ရလွယ်သော စာရင်းအင်းဆိုင်ရာ ကျောင်းကို တက်ရသည်။ စင်ကာပူရောက်ရောက်ချင်း တလအတွင်းတွင် စာရင်းစစ်ကုမ္ပဏီတစ်ခုတွင် အလုပ်ရသည်။ နောက်လတွင် ပိုလခကောင်းသော ကွန်ပျူတာ ကုမ္ပဏီတစ်ခုတကိုပြောင်း အလုပ်လုပ်သည်။ စင်ကာပူရောက်ပြီး ၆လ အကြာတွင် လုပ်ငန်းခွင် မတော်တဆမှုဖြင့် အကို ဆုံးသွားသည်။ ထို့နောက်ပိုင်း မိဘအထောက်အပံ့များများစားစား (မယူသလောက်) ဖြင့် ကျောင်းပြီးအောင်ကြိုးစားတက်သည်။ အလုပ်ကိုလည်း ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် ခိုင်းသမျှလုပ်ပေးပြီး လုပ်ငန်းများကို သင်ယူသည်။ ၂၀၀၁ ကျောင်းပြီးတော့ ကိုယ်နဲ့ သက်ဆိုင်ရာ စာရင်းစစ်ကုမ္ပဏီ တစ်ခုတွင် ၂ နှစ်ခန့် ပညာသင်အဖြစ်လုပ်ခဲ့သည်။ ထို့နောက် IT Startup တစ်ခုတွင် ၀င်ပြီး Chife Financial Officer အဖြစ် ၃နှစ်လုပ်ပေးပြီး ကိုယ်ပိုင် စီးပွားရေးအကြံပေး လုပ်ငန်းတစ်ခုကို ၀န်ထမ်းတစ်ယောက်ဖြင့် ၂၀၀၅ တွင်စတည်ထောင်ခဲ့သည်။ စစချင်းတွင် ဒုက္ခအခက်အခဲပေါင်းများစွာဖြင့် ရင်ဆိုင်ရသည်။ သို့သော် ထိုဒုက္ခများသည် ကျောင်းနေစဉ် ကြုံခဲ့ရသော ဒုက္ခများနှင့်ယာဉ်လျှင် အသေးအမွှားတွေဖြစ်ကုန်သည်။ ဤသို့ဖြင့် ကုမ္ပဏီတည်ထောင်ပြီး ၁၀နှစ်တာအကြာတွင် နိုင်ငံတကာမှ ကုမ္ပဏီကြီးများအပါအ၀င် လုပ်ငန်းတော်တော်များများ၏အကြံပေးအဖြစ် ခန့်အပ်ခြင်းခံရပြီး ၀န်ထမ်းပေါင်း ၄၀ကျော်ဖြင့် နိုင်ငံနှစ်နိုင်ငံတွင် ဒေါ်လာသန်းချီဝင်ငွေရသော လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်လာသည်။

လုပ်ငန်းလည်ပတ်လာသည့် ၁၀နှစ်တာ သမိုင်းကြောင်းကို ပြန်သုံးသပ်မိသောအခါတွင် ကျောင်းမှ သင်ပေးလိုက်သော ပညာများထက် ကိုယ်တွေ့ အတွေ့ အကြုံ တော်တော်များများက လုပ်ငန်းအောင်မြင်အောင် ထိန်းကျောင်းသွန်သင် လမ်းပြပေးသွားသည်ကို သတိထားမိလိုက်သည်။ ထို့ကြောင့် ကျောင်းစာထဲမှာ မသင်ခဲ့ရသည့် စီးပွားရေး အတွေးအမြင်များကို အတွေ့အကြုံများဖြင့် ယှဉ်ပြီး နောက်လူများ ကိုယ့်လို အမှားများ မကြုံရအောင် စပြီးလက်ဆင့်ကမ်းပေးရန် "လမ်းဘေးမှ စီးပွားရေး အတွေးများ" ကိုစရေးဖြစ်သည်။



တန်ဖိုး "Value"

ဘယ်လောက် ဈေးကြီးကြီး ကိုယ့်အတွက် အသုံးမ၀င်တဲ့ ပစ္စည်းတစ်ခုဟာ အမှိုက်ပဲ။

It is just a garbage if something is useless for you no matter how much it's worth.


ခံစားချက် နှင့် သတင်းအချက်အလက်

ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် သတင်းအချက်အလက်များသည် အရေးပါသလောက် မကျေနပ်မှု ဒါမှမဟုတ် ပျော်ရွှင်မှု ဒါမှမဟုတ် အကြောင်းတခုခုကြောင့်  ပွင့်အန်လာသော ခံစားချက်များသည် အလွန် အန္ဒရာယ်များသည်။

It is important to make decisions base on information and not with emotional messages.