Tuesday, 29 March 2016

လမ်းဘေးမှစီးပွားရေး အတွေးများ (၁)

ဘာကြောင့် စီးပွားရေးလုပ်ငန်း စသင့်သလဲ။
 =======================

တနေ့ စင်ကာပူတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်လာသော အင်ဂျင်နီယာ တစ်ယောက်နှင့်စကားပြောဖြစ်သည်။ သူထံတွင် စုဆောင်းထားသော အရင်းအနှီး အထိုက်အလျှောက်ရှိလို့ မြန်မာပြည်ပြန်ပြီး စီးပွားရေးလုပ်ငန်း လုပ်ရန် တိုင်ပင်သည်။ ကျွန်တော့်ကိုလည်း စီးပွားရေး အကြံပေးဆိုပြီး အထင်ကြီး ဟန်ရှိသည်။ သူက ဘာလုပ်ငန်းလုပ်ရင် ကောင်းမလဲဟု မေးလိုက်ကထဲက စီးပွားရေး အကြံပေး နှင့် ဘ၀ အောင်မြင်ရေး အကြံပေး ကိုကွဲကွဲပြားပြား မသိလို့ လာ အကြံဥာဏ်တောင်းမှန်း သိလိုက်သည်။ ကျွန်တော်လုပ်နေသော စီးပွားရေး အကြံပေးသည် ကုမ္ပဏီများ လုပ်ငန်းလုပ်ဆောင်ရာတွင် အစိုးရချမှတ်ထားသော စည်းမျဉ်းဘောင်များ ကိုလိုက်နာနိုင်ရန်၊ ဈေးကွက်ဖေါ်ဆောင်ရာတွင် အခြေအနေများကို လေ့လာသုံးသပ်ခြင်းများကို အကြံပေးခြင်းဖြစ်သည်။ ဘာလုပ်ငန်းလုပ်ရင် ကောင်းမလဲဆိုသည့် အကြံဥာဏ်ထက် ဘယ်လိုလုပ်သင့်သည်ကို နည်းလမ်းပေးသော အကြံပေးလုပ်ငန်း လုပ်ကိုင်သည်ဆိုလျှင် ပိုမှန်မည်။ လူတစ်ယောက်ကို သူ့ရဲ့ အရည်အချင်း၊ လုပ်တတ်ကိုင်တတ်မှု၊ အရင်းအနှီး ပမာဏ၊ စီမံခန်ခွဲ့မှု ကျွမ်းကျင်မှုတို့ကို မသိရပဲ ပုံသေနည်းတစ်ခုအနေနှင့် မည်သည့် လုပ်ငန်းလုပ်ရင် ကောင်းမည်ဟု မည်သို့ အကြံပေးရမှန်း မသိပေ။ ဒါနဲ့ သူ့ကို မေးခွန်းတစ်ခုမေးလိုက်သည်။ ထိုမေးခွန်းသည် လုပ်ငန်းရှင်တိုင်း လုပ်ငန်းမစခင် မေးသင့်ပြီး သူ့လုပ်ငန်း အောင်မြင်မှု ကျရှုံးမှုသည် ထိုမေးခွန်း အဖြေပေါ်တွင် မူတည်သည်။

"အကိုက ဘာလို့ လုပ်ငန်းတစ်ခု စလုပ်ချင်တာလဲ" ဟုမေးလိုက်သည်။

သူက အံ့သြတကြီးကြည့်ပြီး "လုပ်ငန်းလုပ်တယ်ဆိုတာ ပိုက်ဆံရှာဖို့ပေါ့ကွ။ လူများဆီမှာ အလုပ်လုပ်တာ ကြာပြီ တခါတလေတော့လဲ သူဌေးဖြစ်ချင်တာပေါ့ကွာ။ မြန်မာပြည်ကလဲ ပွင့်လင်းလာပြီဆိုတော့ အခွင့်အရေးကောင်းတွေ ရှိနေပြီလေ။ မင်းက မြန်မာပြည်မှာ လုပ်ငန်းလုပ်နေတာ ကြာပြီဆိုတော့ပိုသိမှာပေါ့။ ဒါကြောင့် ဘာလုပ်ငန်းလုပ်ရင် ကောင်းမလဲ မေးနေတာပေါ့။"

ဒါနဲ့ သူ့ကို အောင်မြင်သော လုပ်ငန်းရှင် အများစုတို့၏ တူညီသောလုပ်ငန်းစတင်ကြပုံကို ပြောပြမိသည်။ " အောင်မြင်တဲ့ သူတော်တော်များများက ပိုက်ဆံရှာဖို့ လုပ်ငန်းတွေ စခဲ့ကြတာ မဟုတ်ဘူး။ လုပ်ငန်းတွေ စဖို့ ပိုက်ဆံရှာခဲ့ကြတာ။ အကိုရဲ့။"

သူက ရှုပ်သွားဟန်ဖြင့် ထပ်မေးသည်။ "မင်းဟာက တူတူပဲ မဟုတ်ဘူးလား။ ပိုက်ဆံရှာဖို့ စီးပွားရေး လုပ်တာနဲ့ စီးပွားရှာဖို့ ပိုက်ဆံရှာတာနဲ့။ ငါတော့ မင်းကိုမေးမှ ပိုခေါင်းရှုပ်လာပြီ။"

"ဒီလိုအကိုရဲ့ ကြီးကြီးကျယ်ကျယ် စပြောမယ်ဆိုရင် အကို အခုသုံးနေတဲ့ Facebook တည်ထောင်တဲ့သူကိုသိလား။"

"သိတာပေါ့ကွာ။ ဒီလောက်နာမည်ကြီးတဲ့သူပဲ။ နာမည်သာ မခေါ်တတ်တာ။"

"သူ Facebook စခဲ့တုန်းက ပိုက်ဆံရှာဖို့ ဘီလျှံနာ ဖြစ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စခဲ့တာ မဟုတ်ဘူး။ Bill Gates တို့ Steve Jobs တို့လဲ ပိုက်ဆံရှာဖို့ ဒီလိုကမ္ဘာကျော် ကုမ္ပဏီတွေ စတင်ခဲ့တာ မဟုတ်ဘူး။ သူတို့ ဒီလုပ်ငန်းတွေ စတင်ဖို့ နဲ့ အောင်မြင်ဖို့ ပဲ ပိုက်ဆံရှာခဲ့ ကြတာ။ အဲဒါကြောင့် ဘာလုပ်ငန်းဆိုတာ အရေးမကြီးဘူး။ အကိုလုပ်ချင်တဲ့ လုပ်ငန်းကို စတင်ဖို့နဲ့ အောင်မြင်အောင်လုပ်ဖို့ အရေးပါတဲ့ အချက်တွေ အများကြီးရှိတယ်။ ဒီထဲမှာ အရေးအပါဆုံးက အကို ဘာကြောင့် လုပ်ငန်းတစ်ခုကို စချင်တယ် ဆိုတာပဲ။ ဘာကြောင့် လုပ်ချင်တယ်ဆိုတဲ့ အပေါ်မှာမူတည်ပြီး အကိုအောင်မြင်အောင်လုပ်နိုင်မလား ဆိုတာ အချိန်က ဆုံးဖြတ်သွားလိမ့်မယ်။"

ပြီးတော့ လုပ်ငန်းဘယ်လိုစခဲ့သည်ကို ပြောပြဖြစ်သည်။

"ကျွန်တော်လုပ်ငန်းစတဲ့ အချိန်မှာ လက်ထဲမှာ ပိုက်ဆံ သိပ်မရှိဘူး။ ဒါနဲ့ ဈေးပေါပေါ ရုံးခန်းလေးတစ်ခုငှားပြီး ၀န်ထမ်းတစ်ယောက်နဲ့ စတယ်။ အလုပ်စပြီး လအနည်းငယ် ကြာတဲ့ အထိ အလုပ်အပ်တဲ့ သူ မပေါ်သေးဘူး။ စရိတ်တွေက အတော် ကုန်နေပြီ။ ဒီတော့ လုပ်ငန်းဆက်ပြီးရပ်တည်ဖို့ ဘဏ်တွေနဲ့ စကားပြောပြီး ပိုက်ဆံချေးရတယ်။ ဒုတိယ နှစ်မှာ လုပ်ငန်းက စရိတ်ကြေရုံပဲရှိတယ်။ သုံးနှစ်မြှောက်မှာ အမြတ်နည်းနည်းရလာတယ်။ ဒီကြားထဲ ဘဏ်ချေးငွေ မှန်မှန်ပြန် မဆက်နိုင်လို့ ဘဏ်တွေက တရားဆွဲတာ ခံရသေးတယ်။ ဒါတွေကိုတောင့်ခံမထားပဲ လက်လျှော့ပြီး လုပ်ငန်းရပ်လိုက်မိရင် အခုအချိန် ဆိုဘဏ်တွေကို အကြွေးမပေးနိုင်လို့ လူမွဲတစ်ယောက်ဖြစ်နေပြီး ဘာလုပ်ငန်းမှလုပ်ခွင့်ရတော့ မှာ မဟုတ်ဘူး။"

"မင်းပြောသလိုဆိုရင် လုပ်ငန်းလုပ်ရတာ တော်တော်ခက်တာပဲ။ ငါတောင် စိတ်ပျက်ချင်သလို ဖြစ်လာပြီ။"

"အကို့ကို စိတ်ပျက်အောင် ပြောတာ မဟုတ်ပါဘူး။ ကြိုတင် ပြင်ဆင်နိုင်အောင် ပြောတာပါ။ ဘယ်လုပ်ငန်းမှ အခုထလုပ် အခုအောင်မြင်တယ်ဆိုတာ မရှိဘူး။ အခက်အခဲ ရင်ဆိုင်ရရင် တချို့က လက်လျှော့သွားရော။ လက်လျှော့သွားသူ အများစုက ပိုက်ဆံရှာဖို့ စီးပွားရေးလုပ်တဲ့သူတွေ။ လက်လျှော့လိုက်တာနဲ့ အကို့ အရင်းအနှီးတွေ အချိန်တွေ ကြိုးစားမှုတွေ အလာဟသပ်ဖြစ် သွားရော။ ဒါကြောင့် ဘာလုပ်ငန်း လုပ်သင့်တယ် ဆိုတာထက် ဘာကြောင့် လုပ်ချင်တာလဲ နဲ့ ဘယ်လိုအောင်မြင်အောင် လုပ်မလဲဆိုတာ ကို အကို့ကို ရှင်းပြတာပါ။"

 နောက်ပိုင်း ထိုသူနှင့် ပြန်မတွေဖြစ်တော့၍ သူစီးပွားရေးလုပ်ငန်း တစ်ခုခု စဖြစ်လား အရင်အလုပ်ပဲ ပြန်လုပ်နေလား မသိရတော့။ သူ့ကိုပြောပြရင်းဖြင့် ကိုယ်တိုင် စခဲ့ သော လုပ်ငန်းတစ်ခု ရင်ဆိုင်ခဲ့ ရသော အခက်အခဲများနှင့် မည်သို့ကျော်လွှားခဲ့ ပုံကို ပြန်တွေးမိသည်။

ကိုယ်တိုင် ဘာကြောင့် လုပ်ငန်း စမိသလဲဆိုတော့ စင်ကာပူလိုနိုင်ငံမျိုးမှာ မြန်မာလူမျိုးတစ်ဦးအနေနှင့် နိုင်ငံတကာ စီးပွားရေး အကြံပေး လုပ်ငန်းတစ်ခုကို အောင်အောင်မြင်မြင်ထူ ထောင်နိုင် တယ်ဆိုတာကို ပြချင်စိတ် ကြောင့်ဖြစ်သည်။

No comments:

Post a Comment