ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ "သာဓုလူပါးဝတယ်" စာအုပ် ထဲက "ကားပေါ်ရောက် သွားတဲ့သူ" ဆိုတဲ့ စာတစ်ပုဒ် ကိုပြန်သတိရမိတယ်။ အဲ့ဒီအထဲမှာ ကားစီးနိုင်တဲ့သူတွေကို အမြဲဝေဖန်တတ်တဲ့ လူတစ်ယောက် အကြောင်းရေးထားတယ်။ တစ်နေ့ သာဓုနဲ့ အဲ့ဒီလူတို့ အတူတူ သာဓုကားနဲ့ သွားနေတုန်း လှည်း မောင်းတဲ့သူက ကုန်းဆင်းမှာ အရှိန်မထိန်းနိုင်ဘဲ လိမ့်ကျလာလို့ သာဓုရဲ့ကားကို ၀င်တိုက်တယ်။ အဲ့ဒီ့အချိန်မှာ ကားပေါ်မှာပါလာတဲ့ ကားစီးတဲ့သူတွေကို အမြဲ ကဲ့ရဲ့တဲ့သူက ဆင်းပြီး ဆဲပါလေရော။ သာဓုက ဒါကိုမြင်တဲ့အခါမှာ သူလဲကားပေါ်ရောက်သွားပြီကော ဆိုပြီး မှတ်ချက်ချခဲ့ဖူးတယ်။
နှစ်ပေါင်းများစွာ တိုင်းပြည်ကို မတရားအုပ်ချုပ်ခဲ့တဲ့ သူတွေကို တအားမုန်းပါသည်။ အထူးသဖြင့် နေရာတကာ အခွင့်အရေးပေါင်းစုံယူကြပြီး တိုင်းပြည်၏ ပညာရေး နှင့် စီးပွားရေး ကို စနစ်တကျ ဖျက်စီးပြီး လူငယ်များ၏ အနာဂတ် များကို ပျက်သုန်းအောင်လုပ်ခဲ့ တဲ့ အစိုးရနှင့် ထိပ်ပိုင်းကအစ လဒ်ပေးလဒ်ယူ လုပ်သော အောက်ခြေ၀န်ထမ်းများ အထိ အားလုံးကို မုန်းပါသည်။
အထူးသဖြင့် ဘယ်အချိန်မှာ အမုန်းဆုံးလဲ ဆိုရင် VIP ဆိုပြီး လမ်းမှာ မော်တော်ပီကယ် ကားများ တစ်ဝီ၀ီ နှင့် သွားလာနေကြသော ပုဂ္ဂိုလ်များကို လမ်းဘေး ကားရပ်ရပ်ပေး ရတိုင်း ဆဲမိပါသည်။
ဒီလိုနှင့် စင်ကာပူရောက်ပြီး ၁၀ နှစ်အကြာမှာ စီးပွားရေး အကြံပေး လုပ်ငန်းတစ်ခုကို စတင်ခဲ့ပြီး မြန်မာပြည် ပြန်ရောက် ဖြစ်တဲ့ အချိန်က အဖြစ်အပျက် ကလေးတစ်ခုပါ။ အဲ့ဒီ့အချိန်မှာ မြန်မာပြည်ကရှိတဲ့ လုပ်ငန်းတော်တော် များများကို နိုင်ငံတကာ ဘဏ်တွေက ငွေစာရင်းများပိတ်ပစ်ချိန်။ အဲ့ဒီ့အချိန်မှာ အရေးကြီးလို့ ဆိုပြီး လုပ်ငန်းရှင်ကြီး တစ်ဦးက တွေ့ချင်တယ် ဆိုပြီး ကားလွတ်လိုက်တယ် ပြောလို့ စောင့်နေမိတယ်။
အဲ့ဒီ့ ခေတ်က ကားဈေးအလွန်ကြီးပြီး ကားရှားတဲ့ အချိန်။ လာကြိုတဲ့ ကားကိုတွေ့လိုက်တော့ အတော် အံ့အားသင့် သွားမိတယ်။ ကာကီရောင် ပရာဒို။ ကားနံပတ်မှာ ကြယ် တံဆိပ် နဲ့။
လမ်းမှာ ယာဉ်မောင်းက မောင်းနေကြ အတိုင်း မီးကြီးထိုးပြီး မောင်းတယ်။ တွေ့တဲ့ ကားတွေက ဘေးထိုးရပ်ကြတယ်။ မီးပိုင့် မီးနီလဲ မရပ်ဘူး။ ယာဉ်ထိန်းရဲက ကမန်းကတန်း ကားတွေကို တားပေးရတယ်။
ကားထဲမှာ အငြိမ့်သား ထိုင်လိုက် လာရင်း "ငါ တော်တော် အရေးပါတဲ့ သူတစ်ယောက်ပါလား လို့ မြင်လာတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး လဲ ငါကယ်တင်မှ ဖြစ်တော့မယ် ဆိုတဲ့ အတွေးတွေ ၀င်လာတယ်။ " ကိုယ့်အတွေးနဲ့ကိုယ် ပီတိဖြစ်နေတုန်း ကားက၀ုန်းဆို ဘရိတ်အုပ် ပြီးထိုးရပ်လိုက်တော့ ကမန်းကတန်း ရှေ့ခုံကို ဆွဲကိုင်လိုက်ရတယ်။
Taxi အငှါးယာဉ် တစ်စီး က ရဲတားထားတာကို မမြင်ဘဲ မီးပွိုင့် မှာ မီးစိမ်းလို့ အထွက်မှာ ကျွန်တော်စီးလာတဲ့ ကားနဲ့ တိုက်မိမလို ဖြစ်သွားတယ်။ ရဲက အငှါးကားကို ဖမ်းတားလိုက်တယ်။
ကျွန်တော်လဲ့ ဒေါသထောင်း ကနဲဖြစ်သွားပြီး "ဘယ်လိုမောင်းနေတာလဲကွ" ဆိုပြီး လှမ်းအော်လိုက်မိတယ်။ ယာဉ်ထိန်းရဲ တစ်ယောက်က ကားနားကို အပြေးရောက်လာပြီး "အဘ၊ Taxi သမားကို ဘာလုပ်လိုက် ရမလဲ။" ဆိုပြီး ကြောက်လန့်တကြား လှမ်းမေးတယ်။
ဒီနေရာမှာ တကယ့် "အဘ" တွေဆို ဘာလုပ်မယ်မသိ။ ကျွန်တော်ကတော့ ဒေါသ အလွန်ထွက်နေပြီ။ ဒီလိုအရေးတကြီး သွားလာနေတဲ့သူကို လမ်းပေးရမယ်ဆိုတာ နားမလယ်ကြဘူးလား ဆိုပြီး။ ဒီလိုကားမျိုးကို လမ်းမပေးတဲ့ ကောင်တော့ ငါလုပ်လိုက်ရ ဆိုပြီး ကြုံးဝါးနေမိသည်။
သိပ်မကြာပါဘူး ဒီလိုကားမျိုးတွေကို တွေ့တိုင်း ငါကိုယ်တိုင် ဆဲမိနေကြဆိုတာ ပြန်ပြီး သတိလယ်လာမိတယ်။ တကယ်ဆို Taxi အမှားမဟုတ်။ မီးနီကို အတင်း မောင်းထွက်တဲ့ ကားရဲ့ အမှား ဖြစ်သည်။
တစ်ချိန်ထဲမှာ ဒီလိုကားမျိုးပေါ်မှာ ခနတာ ထိုင်ခွင့်ရလိုက်ချိန်တွင် ပြောင်းလဲသွားသော စိတ်ကို ကြောက်လန့်တကြား ဖြစ်မိလိုက်သည်။ ငါလို ခနသာ ထိုင်ခွင့်ရလိုက်ချိန်မှာ ဒီလောက် အရေးပါလိုစိတ်၊ အနိုင်ယူလိုစိတ် တွေဖြစ်မိရင် အကြာကြီး ထိုင်ခွင့်ရသူတွေ ဆိုဘယ်လို လုပ်မလဲ။ ဒီလို ဇိမ်ကျကျ လုပ်ချင်ရာလုပ်လို့ ရတဲ့ ဘ၀ကို အမြဲလိုလို ရနိုင်ဖို့ တရားသောနည်းဖြစ်ဖြစ် မတရားသောနည်းဖြစ်ဖြစ် ရနိုင်သမျှ ကြိုးစားတော့ပေမည်။
ဒီအချိန်မှာ ကြောက်ကြောက်နဲ့ ကြည့်ပြီး အမိန့်ကို စောင့်နေသော ယာဉ်ထိန်းရဲကို လှမ်းပြောလိုက်တယ်။ Taxi ကိုသွားခိုင်းလိုက်ပါ လို့။ ယာဉ်ထိန်းရဲ လဲခပ်ကြောင်ကြောင်မျက်နှာဖြင့် ထွက်သွား တယ်။
No comments:
Post a Comment