Friday, 20 January 2017

ခေတ်နှင့်အမီ

စင်ကာပူ Shopping Malls တွေ ရောက်ဖြစ်တိုင်း ထူးထူးခြား ခြား ပြောင်းလဲသွားသောဆိုင်များ ကို သတိထားမိသည်။ ယခင်က ဆိုင်ကြီးကနားဖြင့် ဖွင့်ထားသော DVDs, VCDs နှင့် CDs အရောင်း ဆိုင်များ တဖြည်းဖြည်းပိတ်သွား ကြရပြီး အခြားသောဆိုင်များက နေရာဝင်ယူလာခြင်းဖြစ်သည်။ ကိုယ်ကိုယ်တိုင်လည်း DVDs, VCDs နှင့် Music CDs များ ဘယ် တုန်းက နောက်ဆုံးဝယ်မိမှန်း မမှတ်မိတော့။ ဝယ်ထားခဲ့သော ရုပ်ရှင်နှင့် သီချင်းခွေများကိုလည်း ဖွင့်မကြည့်၊ နားမထောင်မိခဲ့သည် မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ် သည်။
တကယ်တော့ DVDs, VCDs နှင့် CDs အရောင်းဆိုင်များ သည် ပြောင်းလဲလာသော ခေတ် နှင့် သုံးစွဲသူလူတန်းစား၏ သုံးစွဲမှု ပုံစံ ပြောင်းလဲလာမှုကို အမီ မလိုက်နိုင်ခဲ့ခြင်းကြောင့် တဖြည်း ဖြည်း ပျောက်ကွယ်သွားရခြင်းဖြစ် သည်။ ယခုခေတ်တွင် နားထောင် ချင်သော သီချင်းကို လက်ကိုင် ဖုန်းမှတစ်ဆင့် အလွယ်တကူဝယ် ယူရရှိနိုင်သည်။ ကြည့်ချင်သည့် ရုပ်ရှင်ကို အင်တာနက်မှတစ်ဆင့် ကြည့်ချင်သည့်အချိန်တွင် ပိုက် ဆံပေး၍ဖြစ်စေ၊ အလကားဖြစ် စေ အလွယ်တကူ ကြည့်ရှုလာနိုင် သည်။ ထိုတိုးတက်ပြောင်းလဲလာ မှုသည် သုံးစွဲသူများကို တကူး တက DVDs, VCDs နှင့် CDs အရောင်းဆိုင်များသို့ သွားရောက် ဝယ်ယူမှုကို ဟန့်တားခဲ့ပြီးနောက် ဆုံး မရောင်းရသည့်အတွက် တစ် ဆိုင်ပြီးတစ်ဆိုင် အရှုံးပေါ်ကာ ပိတ်သွားကြခြင်းဖြစ်သည်။
ရပ်တည်မှု
----------
ထိုဆိုင်များ ပျောက်ကွယ် သွားရခြင်း၏ အဓိကအကြောင်း ရင်းသည် သူတို့၏ ရပ်တည်မှုများ ကြောင့်ဖြစ်သည်။ ထိုဆိုင်များ၏ ရပ်တည်မှုသည် ဆိုင်ရောင်းအား ကောင်းရေးဖြစ်သည်။ ထိုသို့ ရောင်းအားကောင်းရေးအတွက် လျှော့ဈေးများ၊ လက်ဆောင် ပစ္စည်းများဖြင့် ဝယ်သူကို ဆွဲ ဆောင်ခဲ့ကြသည်။ တကယ်တမ်း သူတို့ သတိမမူလိုက်မိသော အဓိ ကအရေးပါမှုသည် သုံးစွဲသူများ ၏ စိတ်ဆန္ဒဖြစ်သည်။ ရုပ်ရှင်၊ ဇာတ်လမ်းကြည့်သူနှင့် သီချင်း နားထောင်သူများသည် ကိုယ် ကြည့်လို၊ နားထောင်လိုသည့် ဇာတ်လမ်းနှင့် သီချင်းများကို ကရိကထနည်းနည်းဖြင့် လွယ် လင့်တကူ ကြည့်ရှုနားဆင်လိုကြ သည်။ ရုပ်ရှင်ဇာတ်လမ်းနှင့် သီချင်း CDs များ အများအပြား ဝယ်ယူထားသူ တစ်ယောက်သည် သူကြည့်ရှုလိုသော၊ နားထောင်လိုသော ရုပ်ရှင်ဇာတ်လမ်း (သို့မ ဟုတ်) သီချင်းတို့အား DVDs, နှင့် CDs ပေါင်းများစွာတွင် ရှာဖွေ ရမည်။ မရှိလျှင် အရောင်းဆိုင်သို့ တကူးတက သွားဝယ်ဖို့လိုသည်။ ထိုအချက်ကို တွေ့ရှိသွားသော Apple Computer ၏ တည် ထောင်သူ Steve Jobs က iTune ဟုခေါ်သော Software ပေါ်တွင် သီချင်းနှင့် ရုပ်ရှင်များ ဝယ်ယူရ နိုင်အောင် တီထွင်ဖန်တီးခဲ့ပြီး လက်ကိုင်ဖုန်း၊ Tablets နှင့် တီဗီ ဖန်သားပြင်ပေါ်မှတစ်ဆင့် ကိုယ်ကြည့်ချင်သည့်  ရုပ်ရှင်၊ နားထောင်လိုသည့်  သီချင်းများ ကို အချိန်မရွေး အလွယ်တကူ ငှားရမ်းနားဆင်နိုင်အောင် ဖန်တီး ပေးခဲ့သည်။ ထိုအပြောင်းအလဲ တစ်ရပ်သည် ရုပ်ရှင်နှင့် ဂီတလုပ် ငန်းတစ်ခုလုံး၏ ခေတ်ပြောင်း တော်လှန်ရေးအသွင်တစ်ခုအဖြစ် သတ်မှတ်လိုက်ရသည်အထိ အရေးပါခဲ့သည်။ Steve Jobs ၏ရည်ရွယ်ချက်နှင့် သူ့ကုမ္ပဏီ၏ ရပ်တည်ချက်မှာ သူတို့ ထုတ်လုပ်သည့် ပစ္စည်းများအများအပြား ရောင်းချရရေးသည် အဓိကမကျပေ။ Apple ၏ အဓိကရည်ရွယ်ချက်သည် ဝယ်ယူသုံးစွဲမည့်သူများ မကြုံဖူးသေးသည့် အရင်ထက်ကောင်းမွန်သော  အဆင်ပြေချောမွေ့စွာ သုံးစွဲနိုင်မည့် ပစ္စည်းများနှင့် ဝန်ဆောင်မှုများ အစဉ်ပေးရန်ဖြစ်သည်။ ထိုနောက်ပိုင်း DVDs, VCDs နှင့် CDs အရောင်းဆိုင်များ ရောင်းအား သိသိသာသာ ကျဆင်းပြီး နောက်ဆုံးပိတ်ကုန်ရသည်အထိ အခြေအနေကို ရောက်သွားကြသည်။ ထိုဆိုင်များသာ သူတို့၏ ရည်ရွယ်ချက်ကို သူတို့ ကုန်ပစ္စည်းအများအပြား ရောင်းချဖို့ထက် ဝယ်ယူသုံးစွဲသူများ အဆင်ပြေပြေဖြင့် စိတ် အပန်းဖြေနိုင်အောင် ဖျော်ဖြေမှု ပေးနိုင်ရမည်ဟူသော ရည်ရွယ် ချက်ဖြင့် နည်းလမ်းကောင်းများ ရှာနိုင်ခဲ့လျှင် မဆီမဆိုင် IT ကုမ္ပဏီများ၏ နည်းပညာဖြင့် ဝင်ရောက်နေရာယူမှုကို တားဆီးနိုင်မည် ဖြစ်သည်။
ပြောင်းလဲလာသောခေတ်
-----------------------------
ရန်ကုန်ပြန်အရောက် အဆို တော်ကိုခင်မောင်ထူးနှင့် တစ် ရက်တွေ့မိသည်။ သူ၏ နောက် ဆုံးထွက်ထားသော သီချင်းခွေကို လက်ဆောင်ပေးရင်း မြန်မာပြည် ၏ အနုပညာဈေးကွက်အကြောင်း ကို ပြောပြသည်။ သူ့အခွေထွက် ထွက်ချင်း ခိုးကူးခွေများထွက်လာ ပြီး လမ်းဆုံမီးပွိုင့်များတွင် လက် ပွေ့ရောင်းသောသူများထံ ရောက်သွားကြောင်း၊ မကြာမီ Youtube ပေါ်ရောက်သွားပြီး မည်သူမဆို အလကား နားထောင်နိုင်သဖြင့် အခွေများ မရောင်းရကြောင်း၊ သူထုတ်သော အခွေသည်လည်း အမှတ်တရအတွက်သာ ထုတ်ထားပြီး အမြတ်အစွန်းအတွက် ရည်ရွယ်ထားခြင်း မဟုတ် ကြောင်း ရှင်းပြသည်။ ထိုပြဿနာမျိုးကို မြန်မာပြည်တွင်သာမက တစ်ကမ္ဘာလုံးရှိ အနုပညာသည် များ ခံစားနေကြရသည်။ သို့သော်အချို့ အနုပညာရှင်များသည် ထိုပြဿနာများကိုအခွင့်အလမ်း အဖြစ် ပြောင်းလဲအသုံးချလာကြ သည်။ ထိုအနုပညာရှင်များထဲ မှ အထင်ရှားဆုံးမှာ ကိုရီးယား အဆိုတော် ‘ဆိုင်’ (PSY)ဆို သူဖြစ်သည်။ အင်တာနက်သီချင်း များကို တရားမဝင် ဖြန့်ချိမှုများ ကြောင့် သူ၏ OppaGanna Style သီချင်းကို သီချင်းခွေအဖြစ် ထုတ်ဝေမည့်အစား Youtube တွင် အလကား ကြည့်ခွင့်ပေးခဲ့ သည်။ သူ့သီချင်း မလာမီ ကြော်ငြာတစ်ခုကို Youtube မှ အရင်ပြသည်။ ဇူလိုင်လ ၂၀၁၂ မှစတင်ပြီး Youtube တွင် ပြသခဲ့သော OppaGanna Style သီချင်းသည် အခုအချိန်အထိ ကြည့်ရှုသူနှင့် ကြည့်ရှုနှုန်း သန်း ၂,၇၀၀ ကျော် ရှိနေပြီဖြစ်သည်။ ၂၀၁၃ တွင် ‘ဆိုင်’၏ OppaGanna Style သီချင်းမှ ဒေါ်လာ ရှစ်သန်း ကြော်ငြာခရခဲ့သည်ဟု သိရ သည်။ ယခုအချိန်တွင် ထို့ထက် အဆပေါင်းများစွာ ပိုမိုရရှိနေမည် ဖြစ်သည်။
မြန်မာပြည်မှ ဂီတနှင့်ရုပ်ရှင် အနုပညာရှင်များလည်း ရေရှည် တည်တံ့အောင်မြင်ရန် သမားရိုး ကျ လုပ်ကိုင်မှုများမှ သွေဖည်၍ ပြောင်းလဲလာသော ခေတ်ကို မူ တည်ပြီး အနုပညာဗဟာဗျူဟာ များ ချမှတ်ရန်လိုအပ်လာပြီဖြစ် သည်။ ကိုယ်ထုတ်လုပ်လိုက် သော အနုပညာဖန်တီးမှုအတွက် အခွေများ ရောင်းချရမှုကို မူ မတည်တော့ဘဲ ပရိသတ်ထံသို့ စရိတ်သက်သက်သာသာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရောက်သွား မှုကို ဦးတည်သင့်သည်။ ထိုရည် ရွယ်ချက်နှင့် ဖြန့်ချိလျှင် တရား မဝင် ခိုးကူးသူများသည် ကိုယ့် အတွက် ဝန်ထမ်းခပေးရန်မလို သည့် ဖြန့်ချိရေးကွန်ရက်ဖြစ်လာ ပေမည်။ Youtube နှင့် လူမှုကွန် ရက်များတွင် လူပေါင်းများစွာမှ ပြန်လည်ဖြန့်ချိမှုကို ဦးစားပေး သင့်သည်။ ထိုအနုပညာဖန်တီးမှု များအတွက် ဝင်ငွေသည် ကုန် ပစ္စည်းကြော်ငြာများတွင် အဓိက ထားနိုင်သည်။ နိုင်ငံတကာတွင် ထိုအနုပညာရှင်များနှင့် ကုန် ပစ္စည်း ဖြန့်ချိသူများအတွက် မဟာဗျူဟာများ ရေးဆွဲချိတ် ဆက်ပေးသော အကျိုးဆောင် လုပ်ငန်းများ အများအပြားရှိ သော်လည်း မြန်မာပြည်တွင် မတွေ့မိသေးပေ။ နောင်တွင် ဈေးကွက်လိုအပ်ချက်အရ ပေါ် ပေါက်လာမည်ဖြစ်သည်။
ခေတ်နှင့်အမီ
----------------
နိုင်ငံတကာတွင် အင်တာ နက်နှင့် နည်းပညာကို ရှေ့ဆောင် ခဲ့သော ကုမ္ပဏီအတော်များများ ခေတ်နှင့်အမီ မလိုက်နိုင်၍ နောက်ဆုံး ဈေးကွက်အတွင်း ပျောက်ကွယ်သွားကြသည်ကို သတိထားမိသည်။ နောက်ဆုံး ပျက်သုဉ်းသွားသော အင်တာနက် ၏ ရှေ့ဆောင်ကုမ္ပဏီတစ်ခုသည် Yahoo! ဖြစ်သည်။ ၁၉၉၄ ကစတင် တည်ထောင်ခဲ့သော Yahoo! ကုမ္ပဏီသည် တစ်ချိန်က ဒေါ်လာသန်း တစ်သိန်းကျော် တန်ဖိုး သတ်မှတ်ခြင်းခံရသော် လည်း နောက်ဆုံး ဒေါ်လာသန်း ငါးထောင်ဖြင့် အင်တာနက်နှင့် တယ်လီဖုန်းကုမ္ပဏီ Verizon မှ ဝယ်ယူပြီး Altaba အဖြစ် နာမည် ပြောင်းလဲကာ Yahoo! နာမည်ကို အဆုံးသတ်စေခဲ့သည်။ Yahoo! သည် အင်တာနက်ခေတ်အစ တွင် နည်းပညာသာလွန်မှုနှင့် ဈေးကွက်တွင် အောင်မြင်မှုရရှိခဲ့ သော်လည်း သူ့နောက်မှ တည် ထောင်ခဲ့သော Google ကိုယှဉ် ပြိုင်နိုင်စွမ်း မရှိခဲ့ဘဲ ဈေးကွက်မှ ပျောက်ကွယ်သွားရခြင်းဖြစ်သည်။ လက်ကိုင်ဖုန်း နည်းပညာကို ရှေ့ ဆောင်ခဲ့သော Nokia, Ericsson နှင့် Motorola တို့သည်လည်း နောက်မှပေါ်လာသော Apple နှင့် Samsung တို့ကို မယှဉ်နိုင်ဘဲ လက်ကိုင်ဖုန်းဈေးကွက်မှ လုံးဝ ပျောက်ကွယ်သွားခဲ့ကြသည်။
အမေရိကန် အာကာသ ယာဉ်မှူး Jim Lovell က ပြောခဲ့ ဖူးသည့် ထင်ရှားသော အဆို အမိန့်တစ်ခုရှိသည်။ ‘တချို့လူ တွေဟာ အဖြစ်အပျက်တွေကို ဖန်တီးနေကြတယ်။  တချို့က တော့ ဘာတွေဖြစ်တယ်ဆိုတာကို စောင့်ကြည့်နေကြပြီး တချို့က တော့ ဘာတွေဖြစ်နေမှန်းမသိ ကြသူတွေဖြစ်တယ်’ဟု  ဆိုခဲ့ သည်။
ယခုခေတ်သည် လျင်မြန်စွာ ပြောင်းလဲနေသောခေတ်တစ်ခု ဖြစ်သည်။ နည်းပညာများ နေ့စဉ် နှင့်အမျှ ပြောင်းလဲနေပြီး ကိုယ် ကိုယ်တိုင် နည်းပညာဖန်တီးမယူ နိုင်သည့်တိုင်အောင် ခေတ်နှင့် အညီ ပြောင်းလဲလာမှုများကို မျက်ခြည်မပြတ်သင့်ပေ။ နည်းပညာ တိုးတက်မှုသည် စီးပွားရေးနှင့် အနုပညာလုပ်ငန်းများသာမက နေ့စဉ်လူနေမှုများကိုပါ ရိုက်ခတ်လျက်ရှိသည်။
အရာရာကို ခေတ်နှင့်အမီ မလိုက်နိုင်ပါက ဒိုင်နိုဆောများ ကမ္ဘာမြေမှ ပျောက်ကွယ်သွား သကဲ့သို့ စီးပွားရေးလုပ်ငန်းများ သည်လည်း ပျောက်ကွယ်သွား မည်ဖြစ်ကြောင်း ...။
(7 Day Daily, 19 Jan 2017)

Tuesday, 10 January 2017

ကြေမွသွားသော ကျောက်ရိုင်းတုံးများ

ငယ်ငယ်တုန်းကကျောင်း နေစဉ် ပထမတန်းလောက်က ထင်သည်။ ကျောင်းတွင် ပတ်ဝန်းကျင် ဆိုသည့် သင်ခန်းစာ သင်ရသည်။ ဆရာမက သင်၏ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်ငါးမျိုးကို သင်သည်။ ဖတ်စာအုပ်ထဲတွင် ဝက်၊ ဘဲ၊ ငါး၊ကြက်နှင့်ခွေးဟု ရေးထားသည်ထင်သည်။ သိပ်တော့ မမှတ်မိတော့။ ဒါပေမဲ့ တစ်သက်မေ့မရသော အဖြစ်အပျက်တစ်ခုသည် ကျွန်တော့်ဘဝကို ပြောင်းလဲခဲ့ သည်ဆိုလျှင် မမှားပေ။
ဆရာမက နောက်နေ့မေး မည်ဟု ပြောလိုက်သဖြင့် အိမ်ပြန် ရောက်သောအခါ ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်ငါးမျိုးကို အလွတ်ကျက် ရသည်။ မည်သို့မျှ ကျက်၍မရ။ ထိုအချိန်က ကျွန်တော်သည် ရန်ကုန်မြို့ တရုတ်တန်းတွင်နေသဖြင့် ပတ်ဝန်းကျင်တွင် ဘာ ဝက်၊ ဘဲ၊ ငါးနှင့် ကြက်မှ မတွေ့ရ။ ပတ်ဝန်းကျင်တွင် ကြွက်၊ ပိုးဟပ်၊ ကြောင်၊အိမ်မြှောင်နှင့် ခွေးလေခွေးလွင့်များကိုသာ တွေ့နေရသည်။
ထို့ကြောင့် နောက်နေ့ ကျောင်းတွင် ဆရာမစာမေးသော အခါ ကျွန်တော့်ပတ်ဝန်းကျင်တွင် တွေ့ရသည့် တိရစ္ဆာန်များဖြစ် သော ကြွက်၊ ပိုးဟပ်၊ ကြောင်၊ အိမ်မြှောင်နှင့် ခွေးကို ရွတ်ပြမိ သည်။ စာဖြေအပြီးတွင် နဂိုက ပုံမှန်တင်းမာနေသော ဆရာမ၏ မျက်နှာသည် ချက်ချင်း ဒေါသ ကြောင့် နီရဲသွားပြီး ခေါင်းကို လက်ခေါက်ဖြင့် ဒေါက်ခနဲမြည် အောင် ခေါက်ချလိုက်ရာ ခေါင်း ထဲ မိုက်ခနဲဖြစ်ပြီး မျက်ရည်များ အလိုလို ကျလာခဲ့မိသည်။ ဆရာမက စိတ်ရှိလက်ရှိ ဆဲဆိုပြီးနောက်အတန်းထဲတွင် တစ်နေကုန် ခုံပေါ်တက် မတ်တတ်ရပ်ခိုင်းကာ ဒဏ်ပေးတော့သည်။
ကြက်တူရွေး ပညာရေး
---------------------------
ထိုနောက်ပိုင်းကစ၍ အင်္ဂလိပ်စာ သင်ရာတွင်လည်း My Name is Mg Ba မှစပြီး မြန်မာစာတွင် စာစီစာကုံးများကိုပါ အလွတ်ကျက်ခဲ့ရသည်။ စာစီစာကုံးများတွင် ဆရာမပေးသော စာစီစာကုံးကို ‘၏’ ‘သည်’မရွေးရေးနိုင်သူသည် မြန်မာစာတွင် အမှတ် ၁၀၀ အထိရနိုင်ပြီးကိုယ့် စိတ်ကူးဖြင့်ရေးမိပါက အမှတ်လျှော့သည့်အပြင် ညံ့ဖျင်းသူအဖြစ် သတ်မှတ်ခံရသည်။
တကယ်တော့ ထိုအချိန်က ‘မဆလ’ခေါ် ‘မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ’ခေတ်တွင် ပညာ ရေးကို တွေးခေါ်မြော်မြင်မှုနှင့် ဆန်းသစ်တီထွင်မှု မရှိစေရန် ရည် ရွယ်ချက်ကြီးကြီးဖြင့် လုပ်ဆောင် ခဲ့ပုံရသည်။ ကျောင်းများအားလုံး နီးပါးမှ ဆရာ၊ ဆရာမများသည် အလွတ်ကျက်ပညာရေးကို ကျောင်းသားများကို ရိုက်သွင်းပေးခဲ့သည်။
ထိုသို့ ကြက်တူရွေးပုံစံ သင်ကြားရသော ပညာရေးကို တဖြည်းဖြည်း စိတ်ဝင်စားမှု လျော့နည်း လာသော ကျွန်တော့်ကို ကျောင်း တွင်သာမက မိဘဆွေမျိုးအသိုင်း အဝိုင်းကပါ လူညံ့တစ်ဦးအဖြစ် သတ်မှတ်ခံရသောကြောင့် ငယ် စဉ်ကစပြီး တဖြည်းဖြည်း သိမ် ငယ်လာကာ ကိုယ့်ကိုယ်ကိုယ် လူညံ့တစ်ယောက်အဖြစ် ထင် မှတ်ထားမိတော့သည်။ သို့သော် မထူးချွန်ပေမယ့် စာမေးပွဲတော့ တစ်ခါမှ မကျခဲ့ပေ။
ပုံစံခွက်ထဲက မျိုးဆက်
-------------------------
ထိုအချိန်က ရှစ်တန်း အ ရောက်တွင် အရေးကြီးသော နှစ် အဖြစ် ကျောင်းသား၊ ဆရာနှင့် မိဘများက သတ်မှတ်ထားကြ သည်။ ရှစ်တန်း စာမေးပွဲအပြီး တွင် သိပ္ပံနှင့် ဝိဇ္ဇာလိုင်းဟူ၍ ခွဲ ထားသည်။ အမှတ်ကောင်းသော သူများ သိပ္ပံလိုင်းဝင်ပြီး တော် တော်ညံ့သောသူများ ဝိဇ္ဇာလိုင်း ဝင်ကြသည်ဟု သတ်မှတ်ထား သည်။ သိပ္ပံလိုင်းရလျှင် ၁၀ တန်း အောင်သောအခါ ဆရာဝန်မှစပြီး အင်ဂျင်နီယာနှင့် တခြားလိုင်း ကောင်းကောင်းများကို ရနိုင် သည်။ ဝိဇ္ဇာလိုင်းဆိုလျှင်တော့ ဘယ်သူမှ မတက်ချင်သော ရိုးရိုး ဘာသာရပ်များကိုသာ ရနိုင်သည်။ တက္ကသိုလ်ပြီးလျှင် ဆရာဝန်ဆို လျှင် ဂုဏ်တအားရှိပြီး ဝင်ငွေ ကောင်းနိုင်ကာ ရိုးရိုးဘာသာရပ် များမှ ဘွဲ့ရလျှင် လူစဉ်မမီ၊ လူ ရာမဝင်သည့်ဘဝကို ရသွားနိုင် သည်ဆိုပြီး သတ်မှတ်ထားကြ သည်။
ကျွန်တော် ရှစ်တန်းအောင် တော့ သင်္ချာဂုဏ်ထူးဖြင့် သိပ္ပံ လိုင်းဝင်သည်။ သို့သော် ရူပဗေဒ နှင့် ဇီဝဗေဒ ဘာသာရပ်များကို လုံးဝစိတ်မဝင်စား။ ထိုအချိန်က စာရူး၊ ကဗျာရူးဖြစ်နေသော ကျွန် တော်သည် ဝိဇ္ဇာလိုင်းမှာပါသည့် အပိုမြန်မာစာနှင့် အပိုအင်္ဂလိပ် စာကိုသာ လေ့လာသင်ကြားချင် သည်။ ဝိဇ္ဇာလိုင်းမှ သိပ္ပံလိုင်းသို့ ပြောင်းမရသော်လည်း သိပ္ပံလိုင်း မှ ဝိဇ္ဇာလိုင်းသို့ လွယ်လွယ်ကူကူ ပြောင်း၍ရသည်။ သိပ္ပံလိုင်းဝင် လျက်နှင့် ဝိဇ္ဇာလိုင်းကို ပြောင်း မည်ဆိုသည်ကို မိဘများက လုံးဝ လက်မခံ။ အမေက ငိုတစ်ခါ၊ အဖေက ခြောက်တစ်လှည့်ဖြင့် ခွင့်မပေးနိုင်ကြောင်း ပြောသည်။ သို့သော် ငယ်ငယ်ကတည်းက ခေါင်းမာသည်ကိုသိ၍ မတတ် သာသည့်အဆုံး လိုက်လျောလိုက် ရသည်။ ဝိဇ္ဇာဘာသာရပ် အပို မြန်မာစာနှင့် အင်္ဂလိပ်စာကို သင် ယူလိုသော်လည်း ရန်ကုန်တစ်မြို့လုံး ကျောင်းများတွင် ဘယ် ကျောင်းမှ မသင်ကြားပေးတော့ ဟု သိလိုက်ရ၍ ဘောဂဗေဒနှင့် သမိုင်းဘာသာရပ်ကိုသာ ယူခဲ့ရ သည်။ ထိုဆုံးဖြတ်ချက်သည် ကျွန်တော့်အတွက် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်တစ်ခုအဖြစ် နှစ်ပေါင်းများစွာကြာသောအခါ သိရှိလာရသော်လည်း ထိုအချိန်ကလူတကာ၏ အထင်သေးအပြစ်တင်မှုကို ခံခဲ့ရသည်။
ဉာဏ်မမီလို့ သိပ္ပံလိုင်းလို လိုင်းကောင်းရရက်နဲ့ ဝိဇ္ဇာကို ပြောင်းတက်ရသည်ဟု ဆွေမျိုး များက ပြောသည်။ မိဘကတော့ ဒီကောင် ပညာတတ်မဖြစ်ချင်တဲ့ ကောင်ဟုဆိုသည်။ ဆဲသည်။ အပေါင်းအသင်းများကတော့ လူရာဝင်တော့မည့်ကောင် မဟုတ်ဟုဆိုပြီး ကဲ့ရဲ့သည်။
ဆယ်တန်းအောင်သည့် အချိန်တွင် ကိုယ်လိုချင်သည့် တက္ကသိုလ်ကို ကိုယ်တက်ခွင့်မရှိ။ အားလုံးကို အမှတ်ဖြင့်ခွဲထား သည်။ သိပ္ပံလိုင်းမှ အောင်လျှင် အမှတ် အကောင်းဆုံးသူများ သည် ဆေးတက္ကသိုလ် တက်ခွင့် ရရှိသည်။ ပြီးလျှင် အင်ဂျင်နီယာ နှင့် ကွန်ပျူတာစသည်ဖြင့် တဖြည်းဖြည်း လူကြိုက်နည်းရာ လိုင်းများကို အမှတ်ဖြင့် အစဉ်တစိုက် ခွဲသွားသည်။ ဝိဇ္ဇာလိုင်းတွင် အမြင့်ဆုံးက ဘောဂဗေဒ၊ နိုင်ငံခြားဘာသာသိပ္ပံ စသည်ဖြင့် ခွဲထားပေးသည်။ သူငယ်ချင်း တစ်ယောက် အင်ဂျင်နီယာ တအားဖြစ်လိုသည်။ သူ့အဖေက လုံးဝလက်မခံ။ ဒါနဲ့ အမှတ်ကို အင်ဂျင်နီယာလိုင်း အမှတ်ရအောင် ကပ်ဖြေသည်။ အမှတ်မမီလို့ ဆေးကျောင်း မလျှောက်ပါရစေနှင့်ဆိုသည်ကို သူ့အဖေက လက်မခံသဖြင့် နောက်ဆုံး ဆေးတက္ကသိုလ်တက်လိုက်ရပြီး သွားဆရာဝန်ဖြစ်သွားသည်။ စိတ်မဝင်စားသည့်အလုပ်ဖြစ်သည့်အတွက် ပေါက်ပေါက်မြောက်မြောက် အောင်အောင်မြင်မြင် မဖြစ်ဘဲ အခုထိဆရာဝန်လိုလိုဆေးဆိုင်ဖွင့်သလိုလိုဖြင့် ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်နေသည်။
ဟိုတစ်လောက ကာတွန်း ဆရာအော်ပီကျယ်၏သား ဉာဏ် ကျယ်စေအကြောင်း ဂျာနယ်ထဲ တွင် ဖတ်လိုက်ရသည်။ သူရေးဆွဲ ရိုက်ကူးသော ‘ကျွန်မ မလိုချင် သည့် ကျွန်မဘဝ’ ကာတွန်းရုပ်ရှင် သည် နိုင်ငံတကာ ရုပ်ရှင်ဆုပေါင်းများစွာရရှိပြီး ကမ္ဘာကျော်သွားသည်ဆိုသည့်အကြောင်း၊ သူ့ အတွက် ဝမ်းသာရသော်လည်း သူ၏ လူမှုကွန်ရက်တွင် ရေးထား သော ဒီငါးမိနစ်စာ ရုပ်ရှင်တကား ရဖို့ ဆေးကျောင်းအပြီး ဆေးရုံ တွင် အလုပ်သင်ဆင်းနေရချိန် အချိန်တွေလုပြီး ကြိုးစားခဲ့ရ ကြောင်း ကြားသိရ၍ ဝမ်းနည်းမိ သည်။ သူသည် အရမ်းတော် သော ကလေးဖြစ်ပါလျက်နှင့် ကိုယ်ဝါသနာပါသည့် ကာတွန်း ရေးဆွဲခြင်းကို အချိန်ပြည့်လုပ် ခွင့်မရ။ စာတော်ပါက ဆရာဝန် ဖြစ်ရမည်ဆိုသည့် ဘောင်အတွင်းမှ သူ၏တန်ဖိုးရှိသော တီထွင် ဆန်းသစ်နိုင်စွမ်းများကို အချိန် ပြည့် လုပ်ကိုင်ခွင့် သူဆုံးရှုံးခဲ့ရ သည်။ ဒီဘောင်အတွင်းမှ ထိုး ဖောက်ခဲ့ပါက ‘ကျွန်မ မလိုချင် သည့် ကျွန်မဘဝ’ထက် အဆ ပေါင်းများစွာကောင်းမွန် သာလွန် သော ကာတွန်းဇာတ်ကားပေါင်း များစွာဖြင့် သူသည် ကမ္ဘာကျော် ကာတွန်းဆရာတစ်ဦး ဖြစ်နေ လောက်ပြီဖြစ်သည်။
ကြေမွသွားသောကျောက်ရိုင်းတုံးများ
----------------------------------------
ငယ်ငယ်ကတည်းက ဆရာ၊ ဆရာမများ၊ မိဘများ ရိုက်နှက် ဆုံးမမှုကို ခံခဲ့ရသည်။ ရိုက်ပြီး တိုင်း အိုးကောင်းလိုချင်လျှင် နာနာရိုက်ရသည်ဆိုသည့် အ ကြောင်းပြချက်များကို ပေးလေ့ ရှိသည်။ မြန်မာပြည်မှ လူကြီး၊မိဘဆရာများသည် ကလေး သူငယ်များကို လိုရာပုံသွင်းလို့ ရသည့် ရွှံ့စေးများအဖြစ် သတ် မှတ်ထားကြသည်။မြန်မာပြည်၏ ပညာရေး စနစ်တစ်ခုလုံးသည်လည်း ထိုပုံ သွင်းသင်ကြားရေးကို အခြေခံ ထားသည်။ စာတော်လျှင် ဆရာ ဝန်ဖြစ်မည်။ နောက်တစ်ဆင့် အင်ဂျင်နီယာ။ ထိုမှတစ်ဆင့် တစ်ဆင့်ဖြင့် နောက်ဆုံး အမှတ် အ နည်းဆုံး ကျောင်းသားများ ရွေးချယ်ရသည့် သမိုင်း၊ ပထဝီ ဘာသာရပ်တို့သည် လူညံ့များသာ ရွေးချယ်သည်ဟု သတ်မှတ်ပေး ထားသည်။ ထို့ကြောင့် သမိုင်းဘာသာရပ်ကို စိတ်ဝင်စားသူ သည် သမိုင်းဘာသာရပ်ကို မရွေး ချယ်ရဲတော့။ သူအမှတ်မီရာ ဘယ်ဘာသာဖြစ်ဖြစ် ရွေးရတော့ သည်။ ဤသို့ ပုံသွင်းထားသော ပညာရေးဖြင့် ဘွဲ့ရပညာမတတ် များစွာကို နှစ်ပေါင်းဆယ်စုနှစ် များစွာ မွေးထုတ်ပေးခဲ့တော့ သည်။
ကျွန်တော် ဆယ်တန်း အောင်သည့်အချိန်တွင် မြန်မာ ပြည်တွင် တက္ကသိုလ်ဆက် မတက်ဖြစ်တော့။ ဒုက္ခခံ ကြိုးစား ရင်းဖြင့် ပညာရေးကို ဦးစားပေး သော နိုင်ငံများတွင် ပညာသင် ကြားခွင့် နောက်ပိုင်းတွင် ရခဲ့ သည်။ ထိုနိုင်ငံများသည် ကလေး လူငယ်များကို ကျောက်ရိုင်းတုံး များသဖွယ် သတ်မှတ်ပြီး ပညာ သင်ကြားပေးသည်။ ကလေးတွေ ရှိနေသည့် ပုံပန်းသဏ္ဌာန်ကို မူတည်ပြီး ပညာရေးဖြင့် ထုဆစ် ပေးသည်။
ထိုကဲ့သို့ ကျောက်ရိုင်းတုံး များကို မြန်မာပြည်တွင် လူ့အဖွဲ့ အစည်းတစ်ခုလုံးမှ ပုံစံခွက်ထဲသို့ ရိုက်နှက်ကာ ပုံသွင်းနေကြသည် ကို စိတ်မကောင်းဖွယ်ရာ တွေ့ မြင်နေရသေးသည်။ ဤသို့ ပုံစံ ဝိုင်းသွင်းကြခြင်းကြောင့် နှစ် ပေါင်းငါးဆယ်နီးပါး ကြေမွသွား ကြသော ကျောက်ရိုင်းတုံးများ ကို နှမြောတသမိရင်း နောင်တွင် ကြေမွသွားနိုင်သည့် ကျောက်ရိုင်း တုံးများအတွက် ပညာရေးပြု ပြင်ပြောင်းလဲမှုများ အလျင်အ မြန်ပြုလုပ်ရန် လိုအပ်နေကြောင်း . . .။

(7 Day Daily, 10 Jan 2017)


Sunday, 8 January 2017

ဒီမိုကရေစီ နိဒါန်း

၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခြားပါတီများကို အပြတ်အသတ် အနိုင်ရရှိကာ ၈၀ ရာခိုင် နှုန်းကျော် လွှတ်တော်အမတ်နေ ရာများ ရရှိခဲ့ပြီး အစိုးရတစ်ရပ်ဖွဲ့ နိုင်ခဲ့သည်။ ခေါင်းစဉ်အမျိုးမျိုးတပ် ထားသော အာဏာရှင်စစ်အုပ် ချုပ်ရေးစနစ်ဖြင့် နှစ်ပေါင်း ၅၀ ခန့် အသားကျနေခဲ့သော မြန်မာပြည် သည် ၂၀၁၁ ရွေးကောက်ပွဲတွင် ဦးသိန်းစိန်သမ္မတအဖြစ် အုပ်ချုပ် ခဲ့သော အရပ်သားအုပ်ချုပ်ရေးဖြင့် စတင်ရင်းနှီးခွင့်ရခဲ့သည်။ ဦးသိန်း စိန်အစိုးရလက်ထက်တွင် နိုင်ငံ ရေးအကျဉ်းသားများကို လွှတ်ပေး ခြင်း၊ စာပေလွတ်လပ်ခွင့်ပေးခြင်း နှင့် အရေးပါဆုံးပြုပြင် ပြောင်းလဲ မှုအဖြစ် အတိုက်အခံပါတီမှ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ်အကျယ်ချုပ် မှ လွှတ်ပေးခဲ့ပြီး ကြားဖြတ်ရွေး ကောက်ပွဲဝင်ခွင့်ပေးကာ နိုင်ငံရေး ရင်ကြားစေ့ရေးကို စတင်အကောင်အထည်ဖော်ဆောင်ပေးခဲ့သည်။
.
၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူလူထု စိုးရိမ်သလို မဲမသ မာသူများဖြစ်မလာဘဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိမှုကို အသိအမှတ်ပြုပြီး ဦးသိန်းစိန်အစိုး ရက ငြိမ်းချမ်းစွာအာဏာလွှဲပေးခဲ့ သည်။
.
လူလားမြောက်ချိန်မှစ၍ လူ့သက်တမ်းတစ်ခု နည်းပါးတမျှ နှစ်ပေါင်းများစွာ အာဏာရှင်အုပ် ချုပ်ရေးဖြင့်သာ အကျွမ်းတ၀င် ရင်းနှီးလာသော ပြည်သူလူထုသည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရတစ်ရပ် တက်လာ သောအခါ အောင်ပွဲတစ်ခုအဖြစ် ၀မ်းပန်းတသာ ဖြစ်ခဲ့ကြသည်။ ဒီမိုကရေစီဆိုသည်မှာ အရာရာပြီး မြောက်အောင်မြင်သည့် ပန်းတိုင်တစ်ခုအဖြစ် ချက်ချင်းလက်ငင်း နိုင်ငံတိုးတက်မှု၊ စီးပွားရေး အ ဆင်ပြေမှုနှင့် လူမှုရေးတိုးတက်မြင့်မားမှုတို့ကို မျှော်လင့်ထားကြသည်။
.
အစိုးရအသစ်တက်လာပြီး ရှစ်လကျော်ကျော်အကြာအထိ သိသာထင်ရှားသော ပြောင်းလဲမှု မျိုးမမြင်တွေ့ကြရဘဲ ငွေတန်ဖိုး ကျဆင်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အမှုအခင်းများနှင့် တရားဥပဒေကို စိန်ခေါ်သော ရာဇ၀တ်မှုများ များ ပြားလာမှု၊ တိုင်းရင်းသားလက် နက်ကိုင်တိုက်ပွဲများနှင့် ရခိုင်ပြည် နယ်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီ  အကြမ်းဖက်မှုများကြောင့် ပြည် သူအများအပြားက အစိုးရသစ်နှင့် ဒီမိုကရေစီအပေါ်တွင် မေးခွန်း ထုတ်ခြင်းများရှိလာကြသည်။ ယခင်ဦးသိန်းစိန်အစိုးရနှင့် နှိုင်း ယှဉ်ပြောဆိုမှုများကို အဖွဲ့အစည်း အုပ်စုတစ်ခုက သိသိသာသာလုပ် လာသည်ကိုလည်း တွေ့ရသည်။
.
ဒီမိုကရေစီသည် ပန်းတိုင်မဟုတ် လမ်းခရီးတစ်ခုသာ ဖြစ်သည်
-----------------
.
တကယ်တော့ ဒီမိုကရေစီ ဆိုသည်မှာ လမ်းခရီးတစ်ခုဖြစ်ပြီး ပန်းတိုင်မဟုတ်ကြောင်း မြန်မာ ပြည်သူများ နားလည်မှုလွဲခဲ့ခြင်း ကြောင့် ထိုကဲ့သို့သော မေးခွန်း များ ထွက်ပေါ်လာခြင်း ဖြစ်သည်။
.
ဦးသိန်းစိန်အစိုးရခေတ်က တိုင်းပြည်ကို တိုးတက်လိုစိတ်ဖြင့် လူမမာကိုဆေးမြီးတိုများ တိုက် ကာ တာဝေးအပြေးပြိုင်ပွဲဝင်ခိုင်း သလို လုပ်မိခဲ့သည်။ ပြိုင်ပွဲအစ တွင် ငေါက်ခနဲ ထပြေးသွားသဖြင့်ပရိသတ်များ လက်ခုပ်ဝိုင်းတီးကြ
သည်။ သို့သော် လမ်းခုလတ်တွင် အမောဖောက်ကာ လဲသွားခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်တွင် လူနာကို ဆေးအရင်ကုပြီးမှ တာဝေးပြေး ခိုင်းဖို့ ကြိုးစားနေပုံရသည်။ အိပ် ရာထဲတွင် ပက်လက်လဲနေသောလူမမာကို ဘေးကပရိသတ်ကအားမရ၊ အတင်းထပြေးခိုင်းသည်။ ယခင်သမားတော် လက်ထက်က ဒီလိုပဲ ပြေးထွက်သွားတာပဲလို့ ၀ိုင်းပြောသည်။ ဒီသမားတော်က တော့ ခေါင်းမာသည်။ မည်သူ့စ ကားကိုမျှ နားမထောင်။ နာတာ ရှည်ရောဂါကို အမြစ်ပြတ်အောင် ကုမည်ဟု စိတ်တုံးတုံးချထားပုံရ သည်။
.
တကယ်တော့ မြန်မာ့ဒီမိုက ရေစီ လမ်းခရီးသည် ယခုမှ တာ ထွက်ရုံပင်ရှိသေးသည်။ မြန်မာ နိုင်ငံဒီမိုကရေစီနိဒါန်းကို လေ့လာ ရသလောက် တင်ပြပေးရလျှင် ..
.
ခြင်းတောင်းကို စောင်အုပ်ထား တဲ့ ဒီမိုကရေစီ
----------------------------------------
.
တစ်ခါက ဟောပြောပွဲတစ် ခုတွင် ကာတွန်းဆရာအော်ပီ ကျယ်ဟောပြောခဲ့ဖူးသည်ကို အ မှတ်ရမိသည်။ ၁၉၈၈ အရေးအ ခင်းကာလက တကယ်ဖြစ်ခဲ့သည် ဟု ဆိုသည်။ အရေးအခင်းကာလ တွင် တစ်နိုင်ငံလုံးဒီမိုကရေစီ ရရှိ ရေးဆိုပြီး တောရော မြို့ပါမကျန် ဆန္ဒပြကြသည်။ ရွာတစ်ရွာတွင် လည်း ရပ်ကွက်ကောင်စီဥက္ကဋ္ဌ အိမ်ရှေ့သို့ ရွာသားတွေ သွားဆန္ဒ ပြကြသည်။ အများဆန္ဒပြသလို ဒီမိုကရေစီရရှိရေး ဒို့အရေးဆိုပြီး အိမ်ရှေ့မှ ကြွေးကြော်ကြသည်။ မြို့ပေါ်တွင် ခေါင်းဖြတ်ခံရမှု၊ ရဲစခန်းဝင်စီးမှုတွေကိုကြားပြီး ကောင် စီဥက္ကဋ္ဌနှင့် ဥက္ကဋ္ဌကတော်တို့ လန့် ဖျပ်နေကြသည်။ ကောင်စီဥက္ကဋ္ဌ ကို သူ့မိန်းမကနေပြီး ရွာသားတွေ  တောင်းနေတဲ့ ဒီမိုကရေစီကိုအ မြန်ပေးလိုက်ရန်နှင့် လူကိုအန္တ ရာယ်ပြုလျှင် ဒုက္ခရောက်မည်ဖြစ် ကြောင်း ပြောလိုက်ရာ ကောင်စီ ဥက္ကဋ္ဌကလည်း ငါကပေးတော့ ပေးချင်ပါရဲ့ ဒါပေမဲ့ သူတို့ပြောနေ တဲ့ ဒီမိုကရေစီဆိုတာ ဘာမှန်းငါ မသိဘူးဟု ပြန်ပြောလိုက်သည်။ ဒီလိုနှင့် ဥက္ကဋ္ဌကတော်လည်း အ ပြင်ထွက်ရွာသားတွေနှင့်တွေ့ပြီး ဘာကိုပေးရမည်နည်းဟု မေး သည်။ ရွာသားတွေကလည်း ဒီမို ကရေစီဆိုတာ ဘာမှန်းမသိ။ ဒါ နှင့် ဒီမိုကရေစီရရှိရေး ဒို့အရေးပဲ ဆက်အော်နေသည်။ နောက် တော့ ရရင်ရ၊ မရရင်ချတွေပါ ပါ လာသည်။ ဒါနဲ့ကြံရာမရတဲ့အဆုံး ခြင်းတောင်းတစ်လုံးကို စောင်အုပ် ပြီး ကဲ မင်းတို့တောင်းနေတဲ့ ဒီမိုက ရေစီယူသွားပေတော့ဆိုပြီး ဥက္ကဋ္ဌ က ပေးလိုက်သည်။ သည်တော့မှ  ရွာသားများလည်း ကျေနပ်ပြီးပြန် သွားကြတော့သည်။
.
မြန်မာပြည်လက်ရှိအစိုးရ ရင်ဆိုင်နေရသော ပြဿနာသည် ပြည်သူများ၏ ဒီမိုကရေစီအပေါ် နားလည်မှုဖြစ်သည်။ ဖြစ်ပေါ်နေ သော မကျေနပ်ချက်များသည် ဒီမို ကရေစီဆိုသည်မှာ ဆုလာဘ်တစ် ခု၊ ပန်းတိုင်တစ်ခုဟု ထင်နေသော စိတ်ဖြစ်သည်။
.
တကယ်တော့ ဒီမိုကရေစီဆို သည်မှာ ခြင်းတောင်းကိုစောင် အုပ်ထားသလိုမျိုး ပစ္စည်းတစ်ခု၊ ရယူရမည့်အရာတစ်ခု မဟုတ်ပေ။ဒီမိုကရေစီဆိုသည်မှာ တိုင်းပြည် အုပ်ချုပ်မှု နည်းစနစ်တစ်ခုဖြစ်ပြီး အမေရိကန်၏ ၁၆ ယောက်မြောက် သမ္မတအေဗရာဟင်လင်ကွန်းက ‘‘ဒီမိုကရေစီစနစ်သည် ပြည်သူ များ ရွေးကောက်တင်မြှောက် သော ပြည်သူ့အစိုးရမှ ပြည်သူများ အတွက် အုပ်ချုပ်ခြင်းဖြစ်သည်’’ ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။
.
ပြည်သူ့အတွက် ပြည်သူ့အစိုးရ
--------------------
.
ယခုလက်ရှိအစိုးရသည် ပြည်သူများက ရွေးချယ်တင်မြှောက် လိုက်သော ပြည်သူ့အစိုးရဖြစ် သည်ဆိုသည်မှာ မည်သူမျှငြင်း၍ မရပေ။ သို့သော် ပြည်သူအများ ထင်နေသလို ချက်ချင်းလက်ငင်း ကြီး တိုင်းပြည်တိုးတက်သွားအောင်တော့ ဒီမိုကရေစီစနစ်ဖြင့် မျက်လှည့်ပြလိုက်သလို လုပ်၍တော့ မရနိုင်ပေ။
.
အဓိက အရေးပါသော အ ချက်က အစိုးရသည် မည်သူ့အ တွက် အလုပ်လုပ်နေသနည်းဟူ သည့် အချက်ဖြစ်သည်။ ဒီမိုကရေ စီအစိုးရမှန်လျှင် ပြည်သူအတွက် အလုပ်လုပ်ရမည်ဖြစ်သည်။
.
လက်ရှိအမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ ဦးဆောင်သော အစိုး ရ၏ လုပ်ရပ်များကိုကြည့်လျှင် မည်သူ့အတွက် အလုပ်လုပ်နေ သည်ကို အထင်းသားတွေ့နိုင်ပေ မည်။ လူအများက အစိုးရသစ် တက်လာချိန် လအနည်းငယ်အ တွင်း လျှပ်စစ်မီးမှန်မှန်မလာမှုကို ဝေဖန်ကြသည်။ ထိုလျှပ်စစ်မီးမှန် မှန်မလာခြင်းသည် မီးအားပိုလျှံ နေပါသည်ပြောပြီး ထွက်သမျှ သဘာဝဓာတ်ငွေ့တွေကို တိုင်း တစ်ပါးသို့ ရောင်းစားခြင်းကြောင့် လား၊ ခေတ်အဆက်ဆက်က ပြု ပြင်ထိန်းသိမ်းမှု သေသေချာချာ မလုပ်ခဲ့သည့်အတွက်နှင့် ထွက်သ မျှ စွမ်းအင်အကုန်လုံး ယခင်အစိုး ရလက်ထက်က တိုင်းတစ်ပါးကို ရောင်းခဲ့သည့် အတွက်ကြောင့် လားဆိုသည်ကို ကွဲကွဲပြားပြားသိဖို့လိုပေမည်။
.
ငွေတန်ဖိုးလျော့ကျမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုတို့သည် လည်း ဒီမိုကရေစီနိုင်ငံတိုင်း ဖြစ် လေ့ဖြစ်ထရှိသော အလေ့အထ များဖြစ်သည်။ အစိုးရအနေဖြင့် ဈေးကွက်ကို တည့်မတ်မှုသာ ပေး နိုင်သည်။ ထိန်းချုပ်မှုလုပ်၍ မရ ပေ။ ယခင်အာဏာရှင်အစိုးရများ လုပ်သလို ဒေါ်လာအရောင်းအ ၀ယ် လုပ်သူတွေကို အချုပ်ထဲဖမ်း ထည့် ဈေးကြီးကြီးရောင်းသူတွေ ကို အရေးယူသကဲ့သို့ ဆေးမြီးတို များဖြင့် ကုစား၍မရပေ။ ထိုဆေး မြီးတိုများကလည်း မည်သည့်အခါ ကမှ အရာရောက်ခဲ့ခြင်း မရှိပေ။
.
လက်ရှိ အစိုးရ အနေဖြင့် ပြည်သူ့အတွက်ဟူသော ရည်ရွယ် ချက်ဖြင့် ဆောင်ရွက်နေသမျှ ရေ ရှည်တွင် ပြည်သူများအကျိုးဖြစ် ထွန်းပြီး တိုင်းပြည်တိုးတက်လာ မည် ဖြစ်သည်။
.
ဒီမိုကရေစီဘိုးအေ အမေရိကန် ပြည်ထောင်စုတွင်လည်း ပြည်တွင်းစစ်မကင်းခဲ့
-------------------------
.
လက်ရှိအစိုးရအတွက် အဓိ ကစိန်ခေါ်မှုသည် တိုင်းရင်းသား များအားလုံးနှင့် ငြိမ်းချမ်းရေးရယူ ရန် ဖြစ်သည်။ မြန်မာနိုင်ငံသည် လက်နက်ကိုင်အဖွဲ့ အများဆုံးဟု စံတင်လောက်အောင် အဓိကလူ မျိုးစုအားလုံးနီးပါးတွင် လက်နက် ကိုင်တပ်များရှိကြပြီး အခွင့်အရေး များ တောင်းနေကြသည်။ ထိုပြ ဿနာသည် တိုင်းရင်းသားလူမျိုး စု ပြဿနာဖြစ်နေသောကြောင့် အခြားနိုင်ငံများမှာလို ပုန်ကန်သူ များကို ချေမှုန်းရုံဖြင့် တိုင်းရင်းသား လက်နက်ကိုင်ပြဿနာများ ပြေ လည်သွားမည်မဟုတ်ပေ။
.
ခေတ်သစ်ဒီမိုကရေစီ၏ ဘိုး အေဟု တင်စားနိုင်သည့် အမေရိ ကန်ပြည်ထောင်စုသည်ပင်လျှင် ပြည်တွင်းစစ်ဖြင့် မကင်းခဲ့ပေ။
.
၁၈၆၁ မှ ၁၈၆၅ အထိ လေးနှစ် ကြာစစ်ပွဲအတွင်း လူပေါင်း ခြောက်သိန်းမှ ခုနစ်သိန်းအထိ အသက် ဆုံးရှုံးခဲ့ရသည်။ စစ်ပွဲဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းသည် ကျွန်ပြုမှုစနစ်ကို လက်ခံသည်၊ လက်မခံသည်မှ စတင်ပြီးအခြား ကွဲပြားသော အယူဝါဒများကြောင့် ပြည်တွင်းစစ်ဖြစ်ခဲ့ရပြီး နောက်ဆုံးတွင် တောင်နဲ့မြောက် ပြည်ထောင်စု များ ပြန်ပေါင်းစုကာ ကမ္ဘာ့အင် အားကြီး ဒီမိုကရေစီ၏ ဦးဆောင် နိုင်ငံတစ်ခုဖြစ်လာခဲ့သည်။
.
မြန်မာနိုင်ငံတွင်လည်း စစ် မှန်သော ဒီမိုကရေစီလမ်းစဉ်ဖြင့် တိုင်းရင်းသားတစ်ဦးနှင့်တစ်ဦး ယုံ ကြည်ရိုင်းပင်းမှု တည်ဆောက်နိုင် လျှင် ငြိမ်းချမ်းရေးလမ်းအလိုလို ပွင့်လာမည် ဖြစ်သည်။
.
ဒီမိုကရေစီတွင် ခေါင်းဆောင်က အဓိကမဟုတ်
-----------------------
.
မြန်မာလူမျိုးအများအပြား စိုးရိမ်နေကြသော အချက်တစ် ချက်ရှိသည်။ ဒေါ်အောင်ဆန်းစု ကြည် နိုင်ငံရေးမှ အနားယူသွား လျှင် နောက်ဆက်ခံမည့် ခေါင်း ဆောင်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တွင် ရှာမတွေ့ခြင်း ဖြစ်သည်။ တကယ်တမ်း ဒီမိုကရေစီနိုင်ငံတွင် ခေါင်းဆောင်သည် အရေးမပါ တော့ပေ။ အမေရိကန်နိုင်ငံတွင် မည်သူသမ္မတဖြစ်ဖြစ် အရေးမ ကြီး။ အရေးကြီးသည်မှာ သင့်လျော်သည့် သမ္မတကိုရွေးချယ်မိဖို့ဖြစ် သည်။ လေးနှစ်တစ်ကြိမ်ပြုလုပ် သော ရွေးကောက်ပွဲတွင် ကိုယ်အ လိုမရှိသည့် သမ္မတကိုဖြုတ်ချခွင့် ရှိသည်။ ထိုသမ္မတ၏ လုပ်ပိုင်ခွင့် များကို လွှတ်တော်မှ ပြန်လည် ထိန်းချုပ်ထားသည်။
.
ဒေါ်အောင်ဆန်းစုကြည်အ နေနှင့်လည်း နောင်ပေါ်မလာနိုင် သည့် သူလိုလူမျိုးတစ်ယောက်ကို ပါတီအတွက် မွေးထုတ်မနေတော့ ဘဲ တိုင်းပြည်ဒီမိုကရေစီအခြေခံ အဆောက်အအုံ တည်တံ့ခိုင်မြဲမှု အတွက် ပိုပြီး ဂရုစိုက်လုပ်နေပုံရ သည်။
.
ဒေါ်အောင်ဆန်းစုကြည် မရှိ တော့သည့်နောက်ပိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် အ စိတ်စိတ်အမြွှာမြွှာ ကွဲသွားနိုင်သည်။ သို့သော် ဒီမိုကရေစီစနစ်အမြစ် တွယ်သွားလျှင် ထိုအချက်သည် လွန်စွာစိုးရိမ်ဖွယ် အချက်တစ်ခု မဟုတ်တော့။ မြန်မာနိုင်ငံလွတ် လပ်ရေးရပြီးနောက်ပိုင်း တိုင်း ပြည်မွဲသွားခြင်းသည် ဖဆပလ အဖွဲ့နှစ်ခြမ်းကွဲသွားခြင်းကြောင့် မဟုတ်ပေ။ စစ်တပ်မှ အာဏာ သိမ်းပြီး အာဏာရှင်စနစ်ဖြင့် အုပ် ချုပ်ခဲ့သောကြောင့်သာ ဖြစ်သည်။
.
ဒီမိုကရေစီနိဒါန်း
------------------
.
တကယ်တမ်း ၇၅ ရာခိုင်နှုန်း သာရရှိထားသော အရပ်သားအ စိုးရအုပ်ချုပ်သော ဒီမိုကရေစီကို ရရှိခြင်းသည် လပိုင်းလောက်သာ ရှိသေးသည်ကို မမေ့သင့်ပေ။ အခြားအောင်မြင်သော ဒီမိုကရေ စီနိုင်ငံများမှာလည်း လပိုင်းဖြင့် တိုင်းပြည်ကို တည်ထောင်လာကြ သည်မဟုတ်။ မြန်မာပြည်လို အဘက်ဘက်မှ ယိုယွင်းနေသော တိုင်းပြည်အတွက် ဒီမိုကရေစီ လမ်းကြောင်းသည် ပိုမိုခက်ခဲမည် ဖြစ်သည်။ ဒီအချိန်တွင် စောင်အုပ် ထားသော ခြင်းတောင်းကိုဒီမိုက ရေစီအဖြစ် မှတ်ယူနေသူများ ဒီမို ကရေစီအနှစ်သာရကို နားလည် လာပြီး အတူတကွ ခရီးလမ်းကို လျှောက်လှမ်းကြဖို့ ပိုအရေးကြီး သည်။

(7 Day Daily, 7 Jan 2017)


စင်ကာပူကို အနှစ်၂၀ အတွင်း ကျော်တက်ခြင်း

ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ၊ ဒီဇင်ဘာလအတွင်း စင်ကာပူသို့ လာရောက်လည်ပတ်ချိန်တွင် ဂယက်ထအသွားဆုံး ကိစ္စမှာ မြန်မာနိုင်ငံသည် စင်ကာပူကို အ နှစ် ၂၀ အတွင်း ကျော်ဖြတ်သွား မည်ဟု ကြေညာလိုက်ခြင်းဖြစ် သည်။ ထိုစကားကို နိုဝင်ဘာ ၃၀ ရက်နေ့က စင်ကာပူစီးပွားရေး သမားများအတွက် ကျင်းပပေး သော IE Singapore's Global Conversations Business Dialogue တွင် ပြောလိုက်ခြင်း ဖြစ်သည်။ ဒီဇင်ဘာ ၁ ရက်နေ့ စင်ကာပူရောက် မြန်မာမိသားစု များနှင့် တွေ့ဆုံပွဲတွင် တက် ရောက်လာသူတစ်ယောက်က မေးသော ‘အနှစ် ၂၀ အတွင်း စင် ကာပူကို မည်သို့အမီလိုက်မည် နည်း’ဟူသော မေးခွန်းကို ပြန် လည်ဖြေကြားရာတွင် ဒေါ်အောင် ဆန်းစုကြည်က စင်ကာပူကို အ နှစ် ၂၀ အတွင်း အမီလိုက်မည်ဟု ပြောခဲ့ခြင်းမဟုတ်ဘဲ အနှစ် ၂၀ အတွင်း စင်ကာပူကို ကျော်တက် မည်ဟု ပြောခဲ့ခြင်းဖြစ်ကြောင်း ထပ်မံအသိပေးခဲ့သည်။ ထိုစကား ၏ မြစ်ဖျားခံစတင်ရာသည် မလေးရှားထံမှ စင်ကာပူ စတင်ခွဲထွက်ခဲ့ ချိန်က စင်ကာပူနိုင်ငံ၏ ဖခင်ကြီး ဟု အသိအမှတ်ပြုထားကြသော လီယွမ်ယု မြန်မာပြည်ကို လာ ရောက်လေ့လာခဲ့စဉ် လွန်ခဲ့သော အနှစ် ၅၀ ကျော်က ပြောခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် မြန်မာ နိုင်ငံသည် အရှေ့တောင်အာရှ၌ အတိုးတက်ဆုံးနိုင်ငံတစ်ခုဖြစ်ခဲ့ ပြီး နိုင်ငံတကာလေဆိပ်ပိုင်ဆိုင် သော တစ်ခုတည်းသော နိုင်ငံဖြစ် ခဲ့သည်။ လီကွမ်ယုက ထိုအချိန်က စင်ကာပူသည် နှစ် ၂၀ အတွင်း မြန်မာပြည်ကို အမီလိုက်မည်ဟု သမိုင်းဝင်စကားတစ်ခု ပြောကြားခဲ့သည်။ စင်ကာပူဝန်ကြီးချုပ် လီကွမ်ယု ကျောင်းလျှောက်သော အခါတွင် ရန်ကုန်တက္ကသိုလ်ကို လျှောက်ထားခဲ့ပြီး ဝင်ခွင့်မရခဲ့ သောကြောင့် အောက်စဖို့ဒ်တက္က သိုလ်ကို ရွေးလိုက်ရသည်ဟု ယုံ တမ်းစကားများလည်းရှိခဲ့သည်။
.
ဒေါ်အောင်ဆန်းစုကြည် ထို စကားပြောပြီးနောက်ပိုင်း စင်ကာ ပူနှင့် မြန်မာအသိုင်းအဝိုင်းတွင် ဂယက်တစ်ခုထသွားခဲ့သည်။ ဒီ လောက်အဘက်ဘက်က ယိုယွင်းနေသော မြန်မာပြည်သည် မည် သို့မည်ပုံ စင်ကာပူကိုကျော်တက် ဖို့ နေနေသာသာ အမီလိုက်မည် နည်းဆိုပြီး ထောက်ခံသည့်သူများ နှင့် ဝေဖန်သူများ ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို အငြင်းပွားကြ တော့သည်။
.
ကျွန်တော့်အနေနှင့် မြန်မာ နိုင်ငံရေးနှင့် စီးပွားရေးအခြေအ နေတို့ကို အစဉ်တစိုက် လေ့လာ စောင့်ကြည့်မှု လုပ်ခဲ့သော်လည်း နိုင်ငံအုပ်ချုပ်ရေးနှင့်ပတ်သက်၍ လက်လှမ်း မမီသောကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ပြော ကြားချက်ကို ဝေဖန်ဆန်းစစ်နိုင် စွမ်းမရှိပေ။ သို့သော် တိုက်တိုက် ဆိုင်ဆိုင် ၂၀၁၇ ဇူလိုင်လတွင် ကျွန်တော် စင်ကာပူသို့ ရောက်ရှိ နေထိုင် အခြေချခဲ့သည်မှာ အနှစ် ၂၀ တင်းတင်းပြည့်တော့မည်ဖြစ် သည်။ လွန်ခဲ့သော အနှစ် ၂၀ ခန့် က စင်ကာပူသို့ လက်ဆွဲအိတ် ကလေးတစ်လုံးနှင့် မျှော်လင့်ချက်များစွာဖြင့်သာ လာရောက်ခဲ့ပြီး ဖြတ်သန်းခဲ့ရသော အခက်အခဲ များကို ပြန်တွေးမိရင်း စင်ကာပူ ကို တကယ်တမ်း အနှစ် ၂၀ အ တွင်းမှာ ကျော်ဖြတ်နိုင်ကြောင်း ကို အတွေ့ကြုံများပေါ်မူတည်၍ သုံးသပ်ကြည့်မိပါသည်။
.
နည်းပညာကြားဖြတ်ရယူခြင်း
--------------------------------
.
၁၉၉၇ ဇူလိုင်လတွင် စင် ကာပူကို စတင်ရောက်ရှိခဲ့သည်။ ထိုအချိန်က လက်ကိုင်ဖုန်းများ စတင်ခေတ်စားနေပြီဖြစ်သော် လည်း ဖုန်းတန်ဖိုးနှင့် ခေါ်ဆိုခ ဈေးကြီးသောကြောင့် ဝယ်မကိုင် နိုင်ပေ။ ဒေါ်လာ ၅၀ လောက်သာ ပေးရသော ပေဂျာ (Pager)ဟု ခေါ်သော တစ်ယောက်ယောက် က ကိုယ့်ကို ဆက်သွယ်လိုလျှင် နီးစပ်ရာဖုန်းဖြင့် အချက်ပေးသော ကိရိယာလေးသာ ဝယ်ကိုင်နိုင် သည်။ ထိုအချိန်က လူတိုင်း လက်ကိုင်ဖုန်းမကိုင်နိုင်သဖြင့် စင်ကာ ပူတစ်မြို့လုံးတွင် ပိုက်ဆံအကြွေ နှင့် ဖုန်းကတ်များထည့်၍ ဆက် နိုင်သော လမ်းဘေးအများသုံး တယ်လီဖုန်းများ တစ်မြို့လုံးအနှံ့ တွင် ထားပေးထားသည်။ တစ် ယောက်ယောက်က ဆက်သွယ် လိုလျှင် ထိုဖုန်းများနှင့် ပေဂျာကို လှမ်းနံပါတ်ပေးရသည်။ ကိုယ်က ပြန်ခေါ်လိုလျှင် နီးစပ်ရာဖုန်းဖြင့် ပေါ်လာသော နံပါတ်ကို ပြန်ခေါ် ရသည်။ ထို့နောက် လက်ကိုင်ဖုန်း များ တွင်ကျယ်လာသည်။ တဖြည်းဖြည်းဖြင့် ပေဂျာများ ပျောက်ကွယ်သွားသည်။ နောက် ပိုင်း 3G/4G ကွန်ရက်များကြောင့် လမ်းသွားရင်း ဖုန်းဖြင့် အင်တာ နက်ထဲဝင်ကာ တစ်ဦးနှင့်တစ်ဦး အလွယ်တကူဆက်သွယ်လာနိုင် ကြသည်။ နိုင်ငံတွင်းသာမက နိုင်ငံတကာဖြင့်ပါ ဈေးသက်သက်သာ သာဖြင့် ဆက်သွယ်လာနိုင်သည်။ ထိုမှတစ်ဆင့် လူမှုကွန်ရက်များ ဖြင့် တစ်ကမ္ဘာလုံး ဘာဖြစ်ဖြစ် စက္ကန့်ပိုင်းအတွင်း လူတိုင်းကို အသိပေးနိုင်လာသည်။
.
မြန်မာနိုင်ငံသို့ နည်းပညာ များ ရောက်လာသောအခါ စလုံး ရေးစအဆင့်ဖြင့် ဝင်ရောက်လာ ခြင်းမဟုတ်ပေ။ မြန်မာလူမျိုးများ ပေဂျာ (Pager) ဆိုသည်မှာ ဘာ မှန်းမသိဘိုက်ဘဲ လက်ကိုင်ဖုန်း ကို 2G/3G အင်တာနက်ကွန်ရက် များဖြင့် ချက်ချင်းစတင်သုံးစွဲနိုင် ခဲ့သည်။ လူမှုကွန်ရက်များကို လည်း အခြားနိုင်ငံများနည်းတူ စတင်သုံးစွဲခွင့်ရခဲ့သည်။
.
စင်ကာပူကို အနှစ် ၂၀ အ တွင်း ကျော်တက်ရန် အများထင် နေသလို စင်ကာပူ၏ လွန်ခဲ့သည့် အနှစ် ၅၀ က အခြေအနေမျိုးမှ စတင်ရန်မလိုအပ်ဘဲ လက်ရှိအ ခြေအနေပေါ်တွင် အမီလိုက်နိုင် အောင် ကမ္ဘာကြီးက ပြောင်းလဲ နေပြီဖြစ်သည်။
.
ပညာရေးကို အမီလိုက်ခြင်း
-----------------------------
.
နိုင်ငံတစ်ခု တိုးတက်ရေးအ တွက် ပညာရေးသည် မရှိမဖြစ် အရေးပါသော လိုအပ်ချက်တစ်ခု ဖြစ်သည်။ မြန်မာပြည်၏ ပညာ ရေးသည် ဆယ်စုနှစ်ပေါင်းများစွာ အစိုးရ၏ လျစ်လျူရှုမှုနှင့် ရည် ရွယ်ချက်ရှိရှိ ဖိနှိပ်မှုတို့ကြောင့် အတော်နိမ့်ကျလျက်ရှိသည်။ ထို ပညာရေးစနစ်ဖြင့် အထက်တန်း အောင်လာသော ကျွန်တော်ကိုယ် တိုင် စင်ကာပူကို ပညာသင်ကြား ရန် လာရောက်သောအခါ အခက် အခဲပေါင်းစုံနှင့် ကြုံခဲ့ရသည်။ အင်္ဂလိပ်စာအားနည်းခြင်းကြောင့်ဆရာများသင်ပြမှုကို နားမလည် ခြင်း၊ စာဖတ်ရာတွင် အခက်အခဲ များနှင့် ကြုံရခြင်းတို့ကို လအနည်းငယ်ခံခဲ့ရသည်။ သို့သော် ပညာ ရေးညံ့ဖျင်းမှုသည် စနစ်ကြောင့် သာဖြစ်ပြီး လူတိုင်းကိုတော့ ညံ့ ဖျင်းအောင် လုပ်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် စင်ကာပူ၏ ဖခင်ကြီး လီကွမ်ယုကတောင် မြန်မာပြည် က ညံ့လာတဲ့ကျောင်းသားတွေ စင်ကာပူရောက်တာနှင့် မိုးပျံ အောင်တော်ပြီး စင်ကာပူလူမျိုး တွေထက် သာသွားကြောင်း ဝန် ခံပြောကြားခဲ့ဖူးသည်။ သူက သူ့ တိုင်းပြည် ပညာရေးကို အမွှမ်း တင်လိုစိတ်နှင့် ပြောလိုက်သော် လည်း ထိုအဖြစ်အပျက်ကို နိုင်ငံ တကာတွင် ပညာထူးချွန်စွာသင် ကြားနေသော မြန်မာကျောင်း သားများက သက်သေတည်ပါ သည်။
.
စင်ကာပူကို ကျော်ဖြတ်ရန် အတွက် လက်ရှိစနစ်ဆိုးဖြင့် ပညာသင်ကြားခဲ့ရသော မြန်မာ လူတန်းစားတစ်ရပ်လုံးကို သူငယ် တန်းမှ စတင်စရာမလိုပေ။ အဓိ ကအနေဖြင့် ပညာသင်ကြားနိုင် ရေးအတွက် အခွင့်အလမ်း ကောင်းများကို အစိုးရအနေဖြင့် ဖော်ဆောင်ပေးနိုင်လျှင် နှစ်အ နည်းငယ်အတွင်း နိုင်ငံအတွက် လိုအပ်သော အရည်အချင်းပြည့် မီသည့် ကာယဉာဏဝန်ထမ်းများ ပေါ်ထွက်လာမည်ဖြစ်သည်။
.
စမ်းသစ်တီထွင်မှုနှင့်ဉာဏ်ရည်
-----------------------------------
.
စင်ကာပူနိုင်ငံမှ ကျောင်း သားများသည် သင်္ချာနှင့် သိပ္ပံ ပညာတွင် ကမ္ဘာ့ထိပ်ဆုံးအဖြစ် သတ်မှတ်ခြင်းခံရသည်။ ထိုအ ချက်သည် မြန်မာနိုင်ငံအနေဖြင့် အနှစ် ၂၀ အတွင်း စင်ကာပူကို ကျော်ဖြတ်သွားနိုင်သည့် အဓိက အချက်လည်းဖြစ်သည်။
.
စင်ကာပူပညာရေးစနစ် သည် ဆန်းသစ်တီထွင်မှုကို ဦးစားမပေးဘဲ ဉာဏ်ရည်ဉာဏ် သွေးကို အဓိကဦးစားပေးသည်။ အကျိုးဆက်အနေဖြင့် စွန့်စားတီ ထွင်လုပ်ကိုင်နိုင်သည့် အလုပ်အ ကိုင်များကို နိုင်ငံသားအများစု ရွေးချယ်မှုမရှိတော့ဘဲ ဝင်ငွေ ကောင်းရာ အလုပ်အကိုင်များကို သာ ရွေးချယ်လာကြသည်။ ထို့ ကြောင့် စင်ကာပူမှ နိုင်ငံတကာ သို့ ထိုးဖောက်နေရာယူထားသည့် ကုန်စည်အမှတ်တံဆိပ်များ မရှိ သလောက်ရှားပါးသည်။ စင်ကာ ပူထက် နှစ် ၃၀ ခန့် နောက်ကျပြီး လိုက်ခဲ့သော တရုတ်နိုင်ငံသည် ယခုအခါ နိုင်ငံတကာသို့ အလီ ဘာဘာ (Alibaba)၊ လီနိုဘို (Lenovo) နှင့် အခြားနာမည်ကြီး ကုန်စည်အမှတ်တံဆိပ်များဖြင့် တစ်ကမ္ဘာလုံးကို ထိုးဖောက်ကာ စင်ကာပူကို ကျော်တက်သွားခဲ့ သည်။
.
မြန်မာပြည်တွင်လည်း စင် ကာပူကို နှစ် ၂၀ အတွင်း ကျော် ဖြတ်နိုင်ရန် ပညာရေးစနစ်များကို စမ်းသစ်တီထွင်မှုပေါ်တွင် ပိုမို အခြေခံလာစေရန်နှင့် သမားရိုးကျ အလုပ်အကိုင်များထက် စွန့်စား လုပ်ကိုင်ခွင့်နှင့် နိုင်ငံတကာအထိ ထိုးဖောက်နိုင်ခွင့်အတွက် အစိုးရ က အထောက်အပံ့များ ပံ့ပိုးမှုများ လုပ်ပေးရန် လိုအပ်ပေသည်။
.
လွယ်လင့်တကူရနိုင်သည့်နိုင်ငံတကာမှ ဦးနှောက်များ
------------------------------------------------------------
.
စင်ကာပူနိုင်ငံ စတင်တည် ထောင်ချိန်တွင် လိုအပ်နေသော ပညာရှင်များနှင့် အလုပ်သမား များကို ပြည်တွင်းတွင် မဖြည့် တင်းနိုင်၍ နိုင်ငံတကာမှ ရယူသုံး စွဲခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ မြန်မာနိုင်ငံမှ အင်ဂျင်နီယာ၊ ဗိသု ကာပညာရှင်မှအစ ဘူမိဗေဒ ပညာရှင်များပါမကျန် အောက် ခြေသိမ်း အလုပ်သမားများအပါ အဝင် အလုပ်သမားပေါင်း နှစ် သိန်းခန့်အထိ စင်ကာပူတွင် အ လုပ်လုပ်ကိုင်လျက်ရှိကြသည်။ ထိုသို့ တစ်နိုင်ငံမှ ပညာရှင်များ တိုးတက်ရာနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ခြင်းကို ဦးနှောက် ယိုစီးခြင်းများဟု တင်စားခေါ်ဝေါ် ခဲ့ကြသည်။ ယခုအချိန်တွင် ဦးနှောက်ယိုစီးခြင်းများသည် နိုင်ငံများအတွက် အဓိကပြဿနာ မဟုတ်တော့ချေ။
.
ယခုခေတ်တွင် စီးပွားရေး လုပ်ငန်းများကို အစိုးရအနေနှင့်ချုပ်ကိုင်ထားမှုမရှိတော့ဘဲ ပုဂ္ဂလိ ကတွင်သာ လုပ်ကိုင်လည်ပတ် လျက်ရှိသည်။ အစိုးရအနေနှင့် လိုအပ်သည့် အခြေခံအဆောက် အအုံ၊ နည်းဥပဒေများဖြင့် ပံ့ပိုးမှု၊ အားပေးမှုများ လုပ်ခြင်းဖြင့် နိုင်ငံ စီးပွားရေးကို မတည်ပေးနိုင် သည်။ ထိုအခြေအနေတွင် နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံစီးပွားတိုးတက်ရေးအတွက် အဘက်ဘက်က အထောက်အ ကူပြုပေးနိုင်သည်။ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်လာသော အခါ ငွေကြေးရင်းနှီးမြှုပ်နှံမှုများ သာမက အတတ်ပညာနှင့် အလွန်အရေးကြီးသော ဦးနှောက်များဟု ခေါ်သည့် နိုင်ငံတကာပညာတတ် များပါ ခေါ်လာကြသည်။
.
နှစ်ပေါင်းများစွာ အရှုံးခံပြီး ဈေးကြီးကြီးဖြင့် လိုင်းမကောင်း ဘဲ ပေးကိုင်ရသော လက်ကိုင်ဖုန်း များသည် ဈေးကွက်ကို လွတ်လပ် ခွင့်ပေးပြီး တယ်လီနောနှင့် အူရီး ဒူး ဝင်လာသောအခါ လူတိုင်း လက်ကိုင်ဖုန်း ကိုင်နိုင်သည့်အ ဆင့်ကိုသာမက ခေတ်မီ 3G အင် တာနက်များပါ ချက်ချင်းရပြီး အ သုံးပြုနိုင်လာသည်။ တယ်လီနော နှင့် အူရီးဒူးသည် အရင်းအနှီးနှင့် နည်းပညာသာမက နိုင်ငံတကာ ပညာရှင်များကိုပါ ခေါ်လာပြီး လုပ်ငန်းအောင်မြင်အောင် ယှဉ် ပြိုင်ရသည်။ မြန်မာဝန်ထမ်းများ လည်း နိုင်ငံတကာ ဝန်ထမ်းများ နှင့် အလုပ်အတူလုပ်ကိုင်ခွင့်ရရှိ ကာ နိုင်ငံတကာစီမံခန့်ခွဲမှု၊ နည်း ပညာ၊ ဈေးကွက်ရှာဖွေရေးနှင့် အခြားအတွေ့အကြုံများ ရရှိလာ ကြပြီး မကြာတော့သော အနာ ဂတ်တွင် နိုင်ငံတကာနှင့် ယှဉ်နိုင် သော မန်နေဂျာများ၊ အရာရှိများ ဖြစ်လာကြပေမည်။
.
ထို့ကြောင့် ပြည်တွင်းကျွမ်း ကျင်ဝန်ထမ်းများ မရှိခြင်းသည် နိုင်ငံ့စီးပွားရေး ဖော်ဆောင်ရာ တွင် အလွန်စိုးရိမ်ဖွယ်ရာ အချက် တစ်ခုမဟုတ်တော့ပေ။ နိုင်ငံ တကာရင်းနှီးမြှုပ်နှံခြင်းများကို စနစ်ကျစွာဖွင့်ပေးလိုက်ခြင်းအား ဖြင့် နိုင်ငံတကာမှ ဦးနှောက် ကောင်းများ အလိုလို နိုင်ငံတွင်း သို့ ယိုစီးလာကြမည်ဖြစ်သည်။
.
မြန်မာနိုင်ငံ၏ အချက်အချာကျမှု ကို မမေ့သင့်
---------------------------------------------------
.
စင်ကာပူနိုင်ငံ၏ တိုးတက်မှု ကို တွန်းအားပေးသော၊ အရေးပါ သော အချက်တစ်ချက်သည် အာ ရှတိုက်အစွန်းရှိ ကျွန်းနိုင်ငံတစ်ခု ဖြစ်ပြီး ခေတ်အမီဆုံး နိုင်ငံတကာ ဆိပ်ကမ်းတစ်ခုတည်ရှိခြင်းဖြစ် သည်။ စင်ကာပူဆိပ်ကမ်းမှတစ် ဆင့် တစ်ကမ္ဘာလုံးသို့ တင်ပို့မည့် ကုန်ပစ္စည်းများကို အခွန်လုံးဝ ကောက်ခံခြင်းမပြုသောကြောင့် စင်ကာပူနိုင်ငံသည် နိုင်ငံတကာ ၏ ကုန်သွယ်မှု ဗဟိုဌာနတစ်ခု ဖြစ်လာခဲ့သည်။
.
မြန်မာနိုင်ငံသည် ကမ္ဘာတွင် လူဦးရေအများဆုံး နိုင်ငံတစ်ခုဖြစ် သည့် တရုတ်၊ အိန္ဒိယနှင့် စီးပွား ရေးဖွံ့ဖြိုးမှုအတွက် အရေးပါ သော အရှေ့တောင်အာရှကို ဆက်စပ်ပေးထားသော တစ်ခု တည်းသော နိုင်ငံဖြစ်သည်။ အာ ရှ အဝေးပြေးလမ်းမကြီးသည် မြန်မာနိုင်ငံကိုဖြတ်၍ အရှေ့ တောင်အာရှကို ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံနှစ်ခု၏ ဈေးကွက် ကို ဆက်သွယ်ပေးထားသည်။ ထို ပထဝီအနေအထား အချက်အချာ ကျမှုသည် စင်ကာပူနိုင်ငံ ဆိပ် ကမ်းအရေးပါမှုကဲ့သို့ ပြောင်းလဲ နိုင်ပါက မြန်မာနိုင်ငံသည် အနာ ဂတ်တွင် အာရှ၏ ကုန်သွယ်မှု ဗဟိုဌာနအဖြစ် ရပ်တည်လာနိုင် မည်ဖြစ်သည်။ သီလဝါ၊ ကျောက် ဖြူနှင့် ထားဝယ်ရေနက်ဆိပ်ကမ်း များကလည်း နောင်တစ်ချိန်တွင် မြန်မာပြည်၏ စက်မှုလက်မှုနှင့် ကုန်သွယ်ရေးကဏ္ဍအတွက် အ ထောက်အကူပြုလာကြလိမ့်မည် ဖြစ်သည်။
.
ခေါင်းဆောင်ကောင်း
------------------------
.
နောက်ဆုံးအနေနှင့် မဟုတ် သော်လည်း အရေးအပါဆုံးအ ချက်သည် နိုင်ငံတွင် ခေါင်း ဆောင်ကောင်းတစ်ယောက် ဦးဆောင်အုပ်ချုပ်ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် တစ်ကမ္ဘာလုံးမှ အသိအမှတ်ပြု လက်ခံထားသော အရည်အသွေး ပြည့်ဝသည့် နိုင်ငံ့ခေါင်းဆောင်၊ ပြည်သူ့ခေါင်းဆောင်တစ်ဦးဖြစ် သည်။ ၂၀ ရာစု၌ အရှေ့တောင် အာရှတွင်သာမက နိုင်ငံတကာ မှပင် ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံနှင့် လူမျိုးအတွက် စွန့်လွှတ်ခဲ့သည့်ပုဂ္ဂိုလ် ပေါ်ပေါက်လာခဲ့ ခြင်းမရှိသေးပေ။
.
တကယ်တမ်း စင်ကာပူနှင့် မြန်မာနိုင်ငံရင်ဆိုင်ရသော အခက်အခဲများသည် တစ်နိုင်ငံနှင့် တစ် နိုင်ငံ မတူညီကြပေ။ စင်ကာပူ သည် မွတ်စလင်နိုင်ငံနှစ်ခု ဝိုင်းရံ ခြင်းခံထားရသော ကျွန်းနိုင်ငံငယ် ကလေးတစ်ခုဖြစ်သည်။ မြေပေါ် မြေအောက် သယံဇာတဟူ၍ တစ်ခုမှမရှိဘဲ ရေကိုပင် တစ်ချိန်က လက်အောက်ခံဖြစ်ခဲ့ရသည့် မလေးရှားနိုင်ငံကို မှီခိုနေရသည်။ စင်ကာပူအတွက် ဘာသာရေးနှင့် လူမျိုးရေး သဟဇာတဖြစ်ရေး သည် တိုင်းပြည်ရပ်တည်ရေးအ တွက် အလွန်အရေးပါသည်။ စင် ကာပူနိုင်ငံသည် အင်္ဂလိပ်စာကို အထူးပြုအသုံးချပြောဆို ဆက်ဆံ သော်လည်း မလေးဘာသာကို စင်ကာပူ၏ နိုင်ငံတော်ဘာသာ စကားအဖြစ် သတ်မှတ်ပေးထား သည်။ နိုင်ငံတော်သီချင်းကအစ စစ်တပ်တွင် အမိန့်ပေးသော ဘာ သာစကားကို မလေးဘာသာ စကားဖြင့်သာ အသုံးပြုသည်။
.
မြန်မာနိုင်ငံတွင် ယခုရင် ဆိုင်နေရသော ပြဿနာများသည် စင်ကာပူနိုင်ငံရင်ဆိုင်ခဲ့ရသော ပြဿနာများထက် ပိုမိုနက်နဲ သည်။ မြန်မာပြည်တွင် လွတ်လပ် ရေးမရခင်က စခဲ့သည့် ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင် ပုန် ကန်မှုကို ယခုထိတိုင် ရင်ဆိုင်နေ ရဆဲဖြစ်သည်။ ရခိုင်ဒေသတွင် အခြေပြုဖြစ်ပွားခဲ့သော ဘာသာ ရေး ပြဿနာများကလည်း ဒေါ်အောင်ဆန်းစုကြည် အစိုးရ ကို စိန်ခေါ်လျက်ရှိသည်။
.
စင်ကာပူနိုင်ငံသည် လီကွမ် ယုလို ခေါင်းဆောင်ကောင်း၏ ဦးဆောင်မှုဖြင့် ကျွန်းနိုင်ငံငယ် ကလေးကနေ နိုင်ငံတကာစီးပွား ရေးအင်အားကြီးနိုင်ငံတစ်ခုအ ဖြစ် အနှစ် ၂၀ အတွင်း ရောက် နိုင်ခဲ့လျှင်..
.
ထို့အတူ ဒေါ်အောင်ဆန်းစု ကြည်အနေဖြင့် နှစ်ပေါင်းဆယ်စု နှစ်များစွာ အဖိနှိပ်ခံ၊ အကျဉ်းကျ ခံပြီး စွန့်လွှတ်မှုများစွာဖြင့် နောက်ဆုံးမြန်မာနိုင်ငံ၏ အကြီးဆုံးလက် နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် တပ်မတော်ကိုပင် တိုင်းပြည်အ တွက် အတူလက်တွဲအလုပ်လုပ် ဖို့ ရင်ကြားစေ့နိုင်ခဲ့လျှင်..
.
အနာဂတ်တွင် မြန်မာပြည် ၏ တိုးတက်မှုအလင်းရောင်ကို ကမ္ဘာက တွေ့ရှိလာပြီး စင်ကာပူ ကို ကျော်တက်ရန်မှာ ခက်ခဲမည် မဟုတ်ဟု ယုံကြည်မိသည်။

(7 Day Daily, 12 Dec 2016)