စင်ကာပူ Shopping Malls တွေ ရောက်ဖြစ်တိုင်း ထူးထူးခြား ခြား ပြောင်းလဲသွားသောဆိုင်များ ကို သတိထားမိသည်။ ယခင်က ဆိုင်ကြီးကနားဖြင့် ဖွင့်ထားသော DVDs, VCDs နှင့် CDs အရောင်း ဆိုင်များ တဖြည်းဖြည်းပိတ်သွား ကြရပြီး အခြားသောဆိုင်များက နေရာဝင်ယူလာခြင်းဖြစ်သည်။ ကိုယ်ကိုယ်တိုင်လည်း DVDs, VCDs နှင့် Music CDs များ ဘယ် တုန်းက နောက်ဆုံးဝယ်မိမှန်း မမှတ်မိတော့။ ဝယ်ထားခဲ့သော ရုပ်ရှင်နှင့် သီချင်းခွေများကိုလည်း ဖွင့်မကြည့်၊ နားမထောင်မိခဲ့သည် မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ် သည်။
တကယ်တော့ DVDs, VCDs နှင့် CDs အရောင်းဆိုင်များ သည် ပြောင်းလဲလာသော ခေတ် နှင့် သုံးစွဲသူလူတန်းစား၏ သုံးစွဲမှု ပုံစံ ပြောင်းလဲလာမှုကို အမီ မလိုက်နိုင်ခဲ့ခြင်းကြောင့် တဖြည်း ဖြည်း ပျောက်ကွယ်သွားရခြင်းဖြစ် သည်။ ယခုခေတ်တွင် နားထောင် ချင်သော သီချင်းကို လက်ကိုင် ဖုန်းမှတစ်ဆင့် အလွယ်တကူဝယ် ယူရရှိနိုင်သည်။ ကြည့်ချင်သည့် ရုပ်ရှင်ကို အင်တာနက်မှတစ်ဆင့် ကြည့်ချင်သည့်အချိန်တွင် ပိုက် ဆံပေး၍ဖြစ်စေ၊ အလကားဖြစ် စေ အလွယ်တကူ ကြည့်ရှုလာနိုင် သည်။ ထိုတိုးတက်ပြောင်းလဲလာ မှုသည် သုံးစွဲသူများကို တကူး တက DVDs, VCDs နှင့် CDs အရောင်းဆိုင်များသို့ သွားရောက် ဝယ်ယူမှုကို ဟန့်တားခဲ့ပြီးနောက် ဆုံး မရောင်းရသည့်အတွက် တစ် ဆိုင်ပြီးတစ်ဆိုင် အရှုံးပေါ်ကာ ပိတ်သွားကြခြင်းဖြစ်သည်။
ရပ်တည်မှု
----------
ထိုဆိုင်များ ပျောက်ကွယ် သွားရခြင်း၏ အဓိကအကြောင်း ရင်းသည် သူတို့၏ ရပ်တည်မှုများ ကြောင့်ဖြစ်သည်။ ထိုဆိုင်များ၏ ရပ်တည်မှုသည် ဆိုင်ရောင်းအား ကောင်းရေးဖြစ်သည်။ ထိုသို့ ရောင်းအားကောင်းရေးအတွက် လျှော့ဈေးများ၊ လက်ဆောင် ပစ္စည်းများဖြင့် ဝယ်သူကို ဆွဲ ဆောင်ခဲ့ကြသည်။ တကယ်တမ်း သူတို့ သတိမမူလိုက်မိသော အဓိ ကအရေးပါမှုသည် သုံးစွဲသူများ ၏ စိတ်ဆန္ဒဖြစ်သည်။ ရုပ်ရှင်၊ ဇာတ်လမ်းကြည့်သူနှင့် သီချင်း နားထောင်သူများသည် ကိုယ် ကြည့်လို၊ နားထောင်လိုသည့် ဇာတ်လမ်းနှင့် သီချင်းများကို ကရိကထနည်းနည်းဖြင့် လွယ် လင့်တကူ ကြည့်ရှုနားဆင်လိုကြ သည်။ ရုပ်ရှင်ဇာတ်လမ်းနှင့် သီချင်း CDs များ အများအပြား ဝယ်ယူထားသူ တစ်ယောက်သည် သူကြည့်ရှုလိုသော၊ နားထောင်လိုသော ရုပ်ရှင်ဇာတ်လမ်း (သို့မ ဟုတ်) သီချင်းတို့အား DVDs, နှင့် CDs ပေါင်းများစွာတွင် ရှာဖွေ ရမည်။ မရှိလျှင် အရောင်းဆိုင်သို့ တကူးတက သွားဝယ်ဖို့လိုသည်။ ထိုအချက်ကို တွေ့ရှိသွားသော Apple Computer ၏ တည် ထောင်သူ Steve Jobs က iTune ဟုခေါ်သော Software ပေါ်တွင် သီချင်းနှင့် ရုပ်ရှင်များ ဝယ်ယူရ နိုင်အောင် တီထွင်ဖန်တီးခဲ့ပြီး လက်ကိုင်ဖုန်း၊ Tablets နှင့် တီဗီ ဖန်သားပြင်ပေါ်မှတစ်ဆင့် ကိုယ်ကြည့်ချင်သည့် ရုပ်ရှင်၊ နားထောင်လိုသည့် သီချင်းများ ကို အချိန်မရွေး အလွယ်တကူ ငှားရမ်းနားဆင်နိုင်အောင် ဖန်တီး ပေးခဲ့သည်။ ထိုအပြောင်းအလဲ တစ်ရပ်သည် ရုပ်ရှင်နှင့် ဂီတလုပ် ငန်းတစ်ခုလုံး၏ ခေတ်ပြောင်း တော်လှန်ရေးအသွင်တစ်ခုအဖြစ် သတ်မှတ်လိုက်ရသည်အထိ အရေးပါခဲ့သည်။ Steve Jobs ၏ရည်ရွယ်ချက်နှင့် သူ့ကုမ္ပဏီ၏ ရပ်တည်ချက်မှာ သူတို့ ထုတ်လုပ်သည့် ပစ္စည်းများအများအပြား ရောင်းချရရေးသည် အဓိကမကျပေ။ Apple ၏ အဓိကရည်ရွယ်ချက်သည် ဝယ်ယူသုံးစွဲမည့်သူများ မကြုံဖူးသေးသည့် အရင်ထက်ကောင်းမွန်သော အဆင်ပြေချောမွေ့စွာ သုံးစွဲနိုင်မည့် ပစ္စည်းများနှင့် ဝန်ဆောင်မှုများ အစဉ်ပေးရန်ဖြစ်သည်။ ထိုနောက်ပိုင်း DVDs, VCDs နှင့် CDs အရောင်းဆိုင်များ ရောင်းအား သိသိသာသာ ကျဆင်းပြီး နောက်ဆုံးပိတ်ကုန်ရသည်အထိ အခြေအနေကို ရောက်သွားကြသည်။ ထိုဆိုင်များသာ သူတို့၏ ရည်ရွယ်ချက်ကို သူတို့ ကုန်ပစ္စည်းအများအပြား ရောင်းချဖို့ထက် ဝယ်ယူသုံးစွဲသူများ အဆင်ပြေပြေဖြင့် စိတ် အပန်းဖြေနိုင်အောင် ဖျော်ဖြေမှု ပေးနိုင်ရမည်ဟူသော ရည်ရွယ် ချက်ဖြင့် နည်းလမ်းကောင်းများ ရှာနိုင်ခဲ့လျှင် မဆီမဆိုင် IT ကုမ္ပဏီများ၏ နည်းပညာဖြင့် ဝင်ရောက်နေရာယူမှုကို တားဆီးနိုင်မည် ဖြစ်သည်။

ပြောင်းလဲလာသောခေတ်
-----------------------------
ရန်ကုန်ပြန်အရောက် အဆို တော်ကိုခင်မောင်ထူးနှင့် တစ် ရက်တွေ့မိသည်။ သူ၏ နောက် ဆုံးထွက်ထားသော သီချင်းခွေကို လက်ဆောင်ပေးရင်း မြန်မာပြည် ၏ အနုပညာဈေးကွက်အကြောင်း ကို ပြောပြသည်။ သူ့အခွေထွက် ထွက်ချင်း ခိုးကူးခွေများထွက်လာ ပြီး လမ်းဆုံမီးပွိုင့်များတွင် လက် ပွေ့ရောင်းသောသူများထံ ရောက်သွားကြောင်း၊ မကြာမီ Youtube ပေါ်ရောက်သွားပြီး မည်သူမဆို အလကား နားထောင်နိုင်သဖြင့် အခွေများ မရောင်းရကြောင်း၊ သူထုတ်သော အခွေသည်လည်း အမှတ်တရအတွက်သာ ထုတ်ထားပြီး အမြတ်အစွန်းအတွက် ရည်ရွယ်ထားခြင်း မဟုတ် ကြောင်း ရှင်းပြသည်။ ထိုပြဿနာမျိုးကို မြန်မာပြည်တွင်သာမက တစ်ကမ္ဘာလုံးရှိ အနုပညာသည် များ ခံစားနေကြရသည်။ သို့သော်အချို့ အနုပညာရှင်များသည် ထိုပြဿနာများကိုအခွင့်အလမ်း အဖြစ် ပြောင်းလဲအသုံးချလာကြ သည်။ ထိုအနုပညာရှင်များထဲ မှ အထင်ရှားဆုံးမှာ ကိုရီးယား အဆိုတော် ‘ဆိုင်’ (PSY)ဆို သူဖြစ်သည်။ အင်တာနက်သီချင်း များကို တရားမဝင် ဖြန့်ချိမှုများ ကြောင့် သူ၏ OppaGanna Style သီချင်းကို သီချင်းခွေအဖြစ် ထုတ်ဝေမည့်အစား Youtube တွင် အလကား ကြည့်ခွင့်ပေးခဲ့ သည်။ သူ့သီချင်း မလာမီ ကြော်ငြာတစ်ခုကို Youtube မှ အရင်ပြသည်။ ဇူလိုင်လ ၂၀၁၂ မှစတင်ပြီး Youtube တွင် ပြသခဲ့သော OppaGanna Style သီချင်းသည် အခုအချိန်အထိ ကြည့်ရှုသူနှင့် ကြည့်ရှုနှုန်း သန်း ၂,၇၀၀ ကျော် ရှိနေပြီဖြစ်သည်။ ၂၀၁၃ တွင် ‘ဆိုင်’၏ OppaGanna Style သီချင်းမှ ဒေါ်လာ ရှစ်သန်း ကြော်ငြာခရခဲ့သည်ဟု သိရ သည်။ ယခုအချိန်တွင် ထို့ထက် အဆပေါင်းများစွာ ပိုမိုရရှိနေမည် ဖြစ်သည်။

မြန်မာပြည်မှ ဂီတနှင့်ရုပ်ရှင် အနုပညာရှင်များလည်း ရေရှည် တည်တံ့အောင်မြင်ရန် သမားရိုး ကျ လုပ်ကိုင်မှုများမှ သွေဖည်၍ ပြောင်းလဲလာသော ခေတ်ကို မူ တည်ပြီး အနုပညာဗဟာဗျူဟာ များ ချမှတ်ရန်လိုအပ်လာပြီဖြစ် သည်။ ကိုယ်ထုတ်လုပ်လိုက် သော အနုပညာဖန်တီးမှုအတွက် အခွေများ ရောင်းချရမှုကို မူ မတည်တော့ဘဲ ပရိသတ်ထံသို့ စရိတ်သက်သက်သာသာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရောက်သွား မှုကို ဦးတည်သင့်သည်။ ထိုရည် ရွယ်ချက်နှင့် ဖြန့်ချိလျှင် တရား မဝင် ခိုးကူးသူများသည် ကိုယ့် အတွက် ဝန်ထမ်းခပေးရန်မလို သည့် ဖြန့်ချိရေးကွန်ရက်ဖြစ်လာ ပေမည်။ Youtube နှင့် လူမှုကွန် ရက်များတွင် လူပေါင်းများစွာမှ ပြန်လည်ဖြန့်ချိမှုကို ဦးစားပေး သင့်သည်။ ထိုအနုပညာဖန်တီးမှု များအတွက် ဝင်ငွေသည် ကုန် ပစ္စည်းကြော်ငြာများတွင် အဓိက ထားနိုင်သည်။ နိုင်ငံတကာတွင် ထိုအနုပညာရှင်များနှင့် ကုန် ပစ္စည်း ဖြန့်ချိသူများအတွက် မဟာဗျူဟာများ ရေးဆွဲချိတ် ဆက်ပေးသော အကျိုးဆောင် လုပ်ငန်းများ အများအပြားရှိ သော်လည်း မြန်မာပြည်တွင် မတွေ့မိသေးပေ။ နောင်တွင် ဈေးကွက်လိုအပ်ချက်အရ ပေါ် ပေါက်လာမည်ဖြစ်သည်။
ခေတ်နှင့်အမီ
----------------
နိုင်ငံတကာတွင် အင်တာ နက်နှင့် နည်းပညာကို ရှေ့ဆောင် ခဲ့သော ကုမ္ပဏီအတော်များများ ခေတ်နှင့်အမီ မလိုက်နိုင်၍ နောက်ဆုံး ဈေးကွက်အတွင်း ပျောက်ကွယ်သွားကြသည်ကို သတိထားမိသည်။ နောက်ဆုံး ပျက်သုဉ်းသွားသော အင်တာနက် ၏ ရှေ့ဆောင်ကုမ္ပဏီတစ်ခုသည် Yahoo! ဖြစ်သည်။ ၁၉၉၄ ကစတင် တည်ထောင်ခဲ့သော Yahoo! ကုမ္ပဏီသည် တစ်ချိန်က ဒေါ်လာသန်း တစ်သိန်းကျော် တန်ဖိုး သတ်မှတ်ခြင်းခံရသော် လည်း နောက်ဆုံး ဒေါ်လာသန်း ငါးထောင်ဖြင့် အင်တာနက်နှင့် တယ်လီဖုန်းကုမ္ပဏီ Verizon မှ ဝယ်ယူပြီး Altaba အဖြစ် နာမည် ပြောင်းလဲကာ Yahoo! နာမည်ကို အဆုံးသတ်စေခဲ့သည်။ Yahoo! သည် အင်တာနက်ခေတ်အစ တွင် နည်းပညာသာလွန်မှုနှင့် ဈေးကွက်တွင် အောင်မြင်မှုရရှိခဲ့ သော်လည်း သူ့နောက်မှ တည် ထောင်ခဲ့သော Google ကိုယှဉ် ပြိုင်နိုင်စွမ်း မရှိခဲ့ဘဲ ဈေးကွက်မှ ပျောက်ကွယ်သွားရခြင်းဖြစ်သည်။ လက်ကိုင်ဖုန်း နည်းပညာကို ရှေ့ ဆောင်ခဲ့သော Nokia, Ericsson နှင့် Motorola တို့သည်လည်း နောက်မှပေါ်လာသော Apple နှင့် Samsung တို့ကို မယှဉ်နိုင်ဘဲ လက်ကိုင်ဖုန်းဈေးကွက်မှ လုံးဝ ပျောက်ကွယ်သွားခဲ့ကြသည်။

အမေရိကန် အာကာသ ယာဉ်မှူး Jim Lovell က ပြောခဲ့ ဖူးသည့် ထင်ရှားသော အဆို အမိန့်တစ်ခုရှိသည်။ ‘တချို့လူ တွေဟာ အဖြစ်အပျက်တွေကို ဖန်တီးနေကြတယ်။ တချို့က တော့ ဘာတွေဖြစ်တယ်ဆိုတာကို စောင့်ကြည့်နေကြပြီး တချို့က တော့ ဘာတွေဖြစ်နေမှန်းမသိ ကြသူတွေဖြစ်တယ်’ဟု ဆိုခဲ့ သည်။
ယခုခေတ်သည် လျင်မြန်စွာ ပြောင်းလဲနေသောခေတ်တစ်ခု ဖြစ်သည်။ နည်းပညာများ နေ့စဉ် နှင့်အမျှ ပြောင်းလဲနေပြီး ကိုယ် ကိုယ်တိုင် နည်းပညာဖန်တီးမယူ နိုင်သည့်တိုင်အောင် ခေတ်နှင့် အညီ ပြောင်းလဲလာမှုများကို မျက်ခြည်မပြတ်သင့်ပေ။ နည်းပညာ တိုးတက်မှုသည် စီးပွားရေးနှင့် အနုပညာလုပ်ငန်းများသာမက နေ့စဉ်လူနေမှုများကိုပါ ရိုက်ခတ်လျက်ရှိသည်။
အရာရာကို ခေတ်နှင့်အမီ မလိုက်နိုင်ပါက ဒိုင်နိုဆောများ ကမ္ဘာမြေမှ ပျောက်ကွယ်သွား သကဲ့သို့ စီးပွားရေးလုပ်ငန်းများ သည်လည်း ပျောက်ကွယ်သွား မည်ဖြစ်ကြောင်း ...။
(7 Day Daily, 19 Jan 2017)
No comments:
Post a Comment