လေထဲတွင် အိမ်ဆောက်ခြင်း
စင်ကာပူ နှင့် အမေရိကား Los Angeles မြို့ ကို တိုက်ရိုက် ပျံသန်းလျှင် ၁၈ နာရီခွဲ မျှ အချိန်ကြာသည်။ သို့သော် စီးပွားရေးအရ တွက်ခြေမကိုက်၍ထင်သည် မည်သည့်လေကြောင်းလိုင်းမှ တိုက်ရိုက်မပြေးဆွဲ တော့ပေ။ ကျွန်တော်စီးမည့် လေကြောင်းလိုင်းသည် ဂျပန်နိုင်ငံ တိုကျိုမြို့ နာရီတာလေဆိပ်တွင် ခရီးတထောက် ရပ်နားမည် ဖြစ်သည်။ စင်ကာပူ နှင့် တိုကျိုကို ၆နာရီကြာမည် ဖြစ်ပြီး တိုကျို မှ Los Angeles ကို ၁၅ နာရီ မျှ စီး ရမည် ဖြစ်သည်။ တိုကျို တွင် ရပ်နားချိန်နှင့် ပေါင်းလျှင် ၂၄ နာရီနီးပါး အချိန်ယူရမည်။ ထိုကြောင့် ကိုယ်စီးရမည့် လေယာဉ်နှင့် ပတ်သက်သော အချက်အလက်များနှင့် ပျံသန်းမည့် လမ်းကြောင်းကို လေ့လာကြည့်မိသည်။ စီးရမည့် လေယာဉ်သည် Airbus မှနောက်ဆုံးထုတ် A380 လေယာဉ် ၂၀၀၅ တွင် စတင် ပျံသန်းပြီး ၂၀၀၇ တွင် စင်ကာပူ လေကြောင်းလိုင်းမှ စတင်ပြီး အသုံးပြုခဲ့သည်ဟုဆိုသည်။ ပျံသန်းစဉ် အင်ဂျင်စက်ရပ်သွားခြင်း၊ တောင်ပံတွင် တပ်ဆင်ထားသော ပစ္စည်းများ ကွဲအက်ခြင်းများ ဖြစ်ပွားခဲ့ခြင်းမှလွဲ၍ တခြားကြီးကြီးမားမား ပြသနာ မဖြစ်ခဲ့၍ လေယာဉ်ကိုတော့ စိတ်ချသွားသည်။ ပျံသန်းမည့် လမ်းကြောင်းတွင်လည်း စစ်ပွဲများ ဖြစ်ပွားနေခြင်း မရှိ၍ စိတ်အေးသွားရသည်။ အသက်ကို ဥာဏ်စောင့်သည် မဟုတ်ပါလား။
Los Angeles ကို ပျံသန်းမည့် စင်ကာပူလေကြောင်း Airbus A380 တွင် Class ၃ ခုခွဲထားသည်။ USD 14,000 လောက် ပေးရသည့် First Class Suite သည် ဈေးအကြီးဆုံး ဖြစ်သည်။ ကိုယ်ပိုင်အခန်း နှင့် အိပ်ယာ ပါအသုံးပြုနိုင်သည်။ Business Class သည် USD 5,000 ခန့် ကျသည်။ ကျွန်တော်ကတော့ ဈေးအပေါဆုံး Economy Class က စီးသည်။ USD 1,000 မျှသာကျသည်။
လေယာဉ် စထွက်ချိန်တွင် ထူးခြားချက်တစ်ခုကို စတင် သတိထားမိလိုက်သည်။ ဖုန်းပိတ်ထားစရာမလိုပဲ လေယာဉ်ထဲတွင် အသုံးပြု ခွင့်ပေးထားသည်။ လေယာဉ်တွင် WiFi Internet နှင့် Mobile လိုင်းဖွင့်ပေးထားသည်။ Mobile လိုင်းမှာ ဖုန်းခေါ်၍တော့မရ။ Message ပို့ လို့ တော့ရသည်။ ဖုန်းခေါ်လိုလျှင် Inflight Entertainment နှင့်တွဲထားသော ဖုန်းမှ ဆက်၍ရသည်။ ၂၄ နာရီအတွင်း မည်သူ့ ကိုမှ အရေးတကြီး ဖုန်းဆက်စရာ မလိုသဖြင့် ဖုန်းကိုတော့ မစမ်းမိ။ သို့ သော် Internet ကိုတော့ စမ်းလိုသည်။ ထို့ကြောင့် 10MB ကို USD10 ဖြင့် ၀ယ်လိုက်သည်။ လေယာဉ်ပေါ်တွင် Internet သုံးလျှင် တအား သတိထားရသည်။ တခါတုန်းက ကနေဒီယန် တစ်ယောက် လေယာဉ်ပေါ်တွင် ဒေါ်လာ ၃၀ ဖိုး Internet သုံးရာမှ ဒေါ်လာ ၁၂၀၀ ကျသွားဖူးသည်။ အမြင့်ပေ ၄သောင်းခန့် တွင် Facebook ပေါ်တွင် ဓါတ်ပုံ ၂ ပုံနှင့် စာသုံးလေးကြောင်း ရိုက်လိုက်ရာ ဒေါ်လာ ၁၀ ကုန်သွားသည်။ ထိုကြောင့် WiFi ကိုပိတ်လိုက်ပြီး လေယာဉ်မယ်များကို အရက်တခွက်ပြီး တခွက်တောင်းပြီး ရှေ့ TV မှ ရုပ်ရှင် တစ်ကားပြီးတစ်ကား ကြည့်ပြီး အချိန်မကုန်ကုန်အောင် ဖြုန်းနေလိုက်သည်။
Airbus A380 လေယာဉ်သည် ကမ္ဘာတွင် ထုတ်လုပ်ခဲ့သမျှတွင် အကြီးဆုံး လေယာဉ်တစ်စီး ဖြစ်သည်။ ပိုက်ဆံ တတ်နိုင်လျှင် တတ်နိုင်သလို ကိုယ်ပိုင် အခန်း၊ အိပ်ယာဖြင့် ကိုယ်စားလိုရာ သောက်လိုရာများ မှာကြား စားသောက်ပြီး ဇိမ်ရှိရှိ ခရီးသွား၍ အဆင်ပြေစေရန် စီစဉ်ပေးထားလေသည်။ တကယ်တော့ လေထဲမှာ အိမ်သဖွယ် နေနိုင်သော လေယာဉ်တစ်စီး ဖြစ်သည်။ လေထဲတွင် အိမ်ဆောက်သည် ဆိုသည်မှာ တကယ်တော့ စိတ်ကူးယဉ် မဟုတ်တော့။ နည်းပညာထွန်းကားလာသောခေတ်တွင် လေထဲတောင် အိမ်ဆောက် နိုင်ကြပြီဖြစ်သည်။
No comments:
Post a Comment