ငယ်ငယ် ၁ တန်း၊ ၂တန်းလောက်က ထင်သည်။ အမှန်တရားတစ်ခုအတွက် ကြီးကြီးမားမား အပြစ်ပေးခံခဲ့ရဖူးသည်။ ထိုအချိန်က "ပတ်ဝန်းကျင်" ဆိုသော ဘာသာရပ်တစ်ခု ရှိသည်။ ပတ်ဝန်းကျင်နှင့် ပက်သတ်သော ဗဟုသုတရစေရန် ရည်ရွယ်၍ သင်ကြားပေးခြင်း ဖြစ်ဟန်တူသည်။ ပတ်ဝန်းကျင် ဘာသာရပ်တွင် မေးခွန်း တစ်ခု ပါသည်။ သင့်ပတ်ဝန်းကျင် ဆိုပြီး ပတ်ဝန်းကျင်ရှိ တိရိစ္ဆာန် ၅ မျိုးကို ဖြေပါဆိုသော မေးခွန်း။ ဖတ်စာအုပ်ထဲတွင် အဖြေပါ တခါထဲ ပေးထား သည်။ ဆရာမ၏ ကျေးဇူးကြောင့် ယခုတိုင် အဖြေကို မှတ်မိနေမိသည်။ ကြက်၊ ၀က်၊ ဘဲ၊ ဆိတ် နှင့် ငါး။ ထိုအရွယ် ကျောင်းနေစဉ်က တရုတ်တန်း ဟုခေါ်သော လသာလမ်း အနီးတွင် နေပြီး ကျောင်းမှာ မနီးမဝေးတွင် ရှိသည်။ ပတ်ဝန်းကျင်တွင် ထိုအကောင်များ ရှိဖို့နေနေသာသာ သားငါး ဈေးထဲတွင်ပင် အကောင်လိုက် မရှိ။ ဆရာမက အလွတ်ကျက်ခိုင်းပြီး နောက်တနေ့ စာမေးမည် ဟုပြောသည်။ ညဘက် ဘယ်လို စာကျက်ကျက် မရ။ အိမ်ဘေးနားတွင် တွေ့နေရသည်မှာ ပိုးဟတ်၊ ကြွက်၊ ယင်ကောင်၊ အိမ်မြှောင် နှင့် ခွေးလေခွေးလွင့်တွေသာရှိသည်။
နောက်နေ့ဆရာမ စာမေးသောအခါ ကိုယ်တွေ့ထားသည့် တိရိစ္ဆာန် ၅ မျိုးကို ရွတ်ပြလိုက်သည်။ ဆရာမ သူ့ကိုနောက်ပြောင်သည် ဆိုပြီး ခေါင်းကို ဒေါက်ကနဲ ခေါက်လိုက်သည်။ ခေါင်းခေါက်ရုံဖြင့် မပြီးသေးဘဲ တအားဒေါသထွက်နေပုံဖြင့် ခုံပေါ်တက်ပြီး ဘောင်းဘီချွတ်ပြီး မတ်တပ်ရပ်ခိုင်းသည်။ ကျောင်းမှာ မိန်းကလေးကော ယောက်ျားကလေးပါ ရောသင်သောကျောင်း ဖြစ်သဖြင့် အလွန်အရှက်ရမိတော့သည်။
ထိုနောက်ပိုင်း အတန်းကြီးလာသည် နှင့် အမျှ သင်ကြားရသော စာများနှင့် ဆရာဆရာမများ၏ သင်ကြားပုံများကို ပိုပို စိတ်ပျက်လာမိတော့သည်။ ဘာသာရပ်အားလုံးကို တွေးခေါ်မှုကို လုံးဝအားမပေးဘဲ နှုတ်တိုက် အလွတ်ကျက်ခိုင်းတော့သည်။
၈တန်းဖြေအပြီးတွင် ၀ိဇ္ဇာ နှင့် သိပ္ဗံဆိုပြီး လိုင်း ၂ ခုခွဲသည်။ အမှတ်ကောင်းလျှင် သိပ္ဗံလိုင်းဝင်သည်။ လူညံတွေ ၀ိဇ္ဇာလိုင်းသွားသည် ဟု ထိုအချိန်က သတ်မှတ်ကြသည်။ ၈တန်းစာမေးပွဲတွင် သင်္ချာ ဂုဏ်ထူးဖြင့်အောင်ပြီး သိပ္ဗံလိုင်း ၀င်သည်။ သို့သော် ဘာသာရပ်များကို စိတ်ဝင်စားမှု မရှိသဖြင့် မိဘများနှင့် အတော် အတိုက်အခံလုပ်ပြီး ၀ိဇ္ဇာလိုင်း ပြောင်းယူလိုက်သည်။ တစ်ချို့က အလွန်မိုက်မဲသည် ဟု ဝေဖန်သည်။ တစ်ချို့က စာမလိုက်နိုင်ဖြစ်ပြီး လူကညံ့၍ ပြောင်းသည်ဟု ယူဆကြသည်။ တကယ်တန်း အများအမြင်တွင် ဘ၀တက်လမ်းကြီး တစ်ခုလုံး ကျဆုံးသွား သလိုပင်။ လူအများ မျှော်လင့်သော ဆရာဝန်တို့ အင်ဂျင်နီယာတို့ ဖြစ်ခွင့် မရှိတော့ပေ။
၁၀တန်းအောင်တော့ တက္ကသိုလ် ဆက်မတက်ဖို့ ဆုံးဖြတ်လိုက်သည်။ မိဘကအစ ဆွေမျိုး အပေါင်းအသင်းများက ၀ိုင်းဝေဖန်ကြသည်။ ဒါပေမယ့် ကိုယ်ရည်မှန်းချက်နှင့်ကိုယ်။ နိုင်ငံခြားတွင် ပညာသင်ဖို့ရာ အင်္ဂလိပ်စာနှင့် တခြားဘာသာရပ်များကို လေ့လာသည်။ အဖေကတော့ ပြောသည်။ မင်းကိုနိုင်ငံခြားမှာ ကျောင်းထားဖို့ ပိုက်ဆံမတတ်နိုင်။ မင်းကြိုးစားလဲ အလကားဘဲ ဟုပြောသည်။ စိတ်မကောင်းဖြစ်မိပေမယ့် စိတ်တော့ မပျက်ခဲ့။ နောက်ဆုံး မိဘ အထောက်အပံ များများစားစား မပါဘဲ စင်ကာပူတွင် ပညာသင်ခွင့် ရခဲ့သည်။
နောက်ပိုင်း စင်ကာပူတွင် ကျောင်းနေဖက်များ နှင့်ပြန်တွေ့သည်။ တချို့က ဆောက်လုပ်ရေးလုပ်ငန်းတွေတွင် အလုပ်သမား ၀င်လုပ်နေကြသည်။ တချို့က စားသောက်ဆိုင်တွင် ပန်းကန်ဆေး စားပွဲထိုး။ တချို့က သန့်ရှင်းရေး အမှိုက်ကျုံး လုပ် နေကြသည်။ သူတို့အားလုံး တူညီတာတစ်ခုကတော့ ဆရာမ စာမေးချိန်တွင် ပတ်ဝန်းကျင်တွင် မရှိသော တိရိစ္ဆာန်များကို ဆရာမ ကျေနပ်စေရန် လိမ်ညာ၍ ရှိသည်ဟု ဖြေဆိုဖူးကြသည်။
No comments:
Post a Comment