အိုဘားမားကို တပတ်ရိုက်ခြင်း
ကျွန်တော် မလုပ်ချင်ဆုံး အလုပ်သည် အိပ်စက်ခြင်း ဖြစ်ပြီး ကျွန်တော် အလုပ်ချင်ဆုံး အလုပ်သည် ခရီးသွားခြင်း ဖြစ်သည်။ ငယ်ငယ်ကထဲက ဂဏာမငြိမ်ဖြစ် ခဲ့သော အကျင့်သည် အသက်ကြီးမှ ပိုပိုစိုး၏။ တနေရာ ထဲတွင် ကြာကြာထိုင် ပြီး မနေနိုင်၊ အိပ်ရင်တောင် မှ တဆက်ထဲ ကြာကြာ မအိပ်တတ် သဖြင့် အတူတူ အိပ်ဖူးကြသော ကောင်မလေးများ အတော် စိတ်အနှောက်အယှက် ဖြစ်ကြသည် ဆို၏။ ဤသို့ဖြင့် ဂဏာမငြိမ်ရောဂါသည် ခရီးအလွန်ထွက်ရသော အလုပ်ကိုလုပ်မိ၍ အံကိုက်ဖြစ်သွားတော့သည်။
တစ်နေ့ အကျိုးတူပေါင်းစပ်လုပ်ကိုင်နေသော ရှေ့နေတစ်ယောက် ကလှမ်းဆက်သွယ်သည်။ သူ့သမီး အမေရိကားတွင် မင်္ဂလာဆောင်မည်ဖြစ်၍ လှမ်းဖိတ်ခြင်း ဖြစ်သည်။ ရှေ့နေက စင်ကာပူနိုင်ငံသား ကုလားလူမျိုး။ ကျွန်တော့၏ အမှုပေါင်း များစွာကို လိုက်ပေးဖူးသည်။ သူက အမေရိကားတွင် မြန်မာနိုင်ငံနှင့် ရင်းနှီးမြှူပ်နှံ လိုသူများနှင့် မိတ်ဆက်ပေး မည်ဟု မက်လုံးပေးသည်။ ကျွန်တော် ကိုယ်တိုင်လဲ အမေရိကားကို တစ်ခေါက်မှ မရောက်ဖူး။ ထို့ကြောင့် လိုက်မည်ဟု ပြောလိုက်မိသည်။
တကယ်လိုက်ဖို့ စီစဉ်သည့်အခါတွင် ပြဿနာ စတက်တော့သည်။ ကျွန်တော့် နိုင်ငံကူးလက်မှတ်တွင် မြောက်ကိုရီယား သို့ အကြိမ်ကြိမ် ၀င်ထားသော အထောက်အထားများ ရှိနေသည်။ အရင်တစ်ခေါက် တောင်ကိုရီယား ကုန်သွယ်ရေး အစည်းအရုံး (KOTRA) မှ ဖိတ်ကြားမှု သည်လည်း မြောက်ကိုရီယား Visa များကြောင့် ပျက်ပြယ် ဖူးသည်။ နောက်ဆုံးတော့ ဗမာ့နည်း ဗမာ့ဟန် ကြံစည်ရတော့သည်။ နိုင်ငံကူးလက်မှတ် အသစ်ရပြီး Visa လျှောက်ဖို့စီစဉ်ရသည်။
မြန်မာပြည်ကို ပြန်ပြီး နိုင်ငံကူးလက်မှတ် အသစ်လဲ ရန် စီစဉ်လိုက်ရသည်။ နိုင်ငံကူး လက်မှတ် ထုပ်ပေးရာ ရုံးတွင် မနက်သွား ဓာတ်ပုံ ရိုက် အပြီး ညနေတွင် အိမ်တိုင်ရာရောက် နိုင်ငံကူးလက်မှတ် ကို လာပို့ပေးသည်။ တိုးတက်လာသော အစိုးရ၏ ၀န်ဆောင်မှုဟုထင်လိုက်မိသည်။ နောက်မှ ရုံးမှနေပြီး ဒုရဲအုပ်တစ်ယောက်ကိုပိုက်ဆံပေးပြီး ခိုင်းလိုက်မှန်း သိလိုက်ရသည်။ နိုင်ငံကူးလက်မှတ် အသစ်ရပြီး Visa ကိစ္စကို ဆက်လုပ်ရသည်။
အမေရိကန် visa ကို online မှတဆင့် တင်ရသည်။ အရင် နာမည် နှင့် နိုင်ငံကူးလက်မှတ် နံပါတ်ဖြင့် account တစ်ခု ဖွင့်ရသည်။ Standard Chartered Bank တွင် ပိုက်ဆံသွင်း ပြီး online မှ အချက်အလက်များ ကို ဖြည့်ပြီး အမေရိကန် သံရုံးတွင် လူတွေ့ဖြေဆိုရန် ရက်ချိန်းယူ ရသည်။
Visa အတွက် စိတ်ပူမိ သဖြင့် သူငယ်ချင်း ရှေ့နေ ကိုလှမ်းပြီး သူ့သမီးနှင့် သားမက်လောင်း ထံမှ ဖိတ်ခေါ်စာ ပေးရန် လှမ်း တောင်း မိသည်။ ခဏကြာတော့ သူက ဖုန်း ပြန်ဆက်သည်။ သူ့သားမက်လောင်း က အမေရိကန် အစိုးရ နူကလီးယား သုတေသန ဌာန တွင် အလုပ် လုပ်နေ သဖြင့် ဖြစ်နိုင်လျှင် သူတို့ နာမည် သုံး၍ visa မလျှောက် စေလိုကြောင်း ပြောလာသည်။ မြောက်ကိုရီးယား သို့ မကြာခဏ သွားသော မြန်မာ လူမျိုးတစ်ယောက်ကို အမေရိကန် နူကလီးယား သိပ္ဗံပညာရှင် တစ်ဦးမှ ဖိတ်ခေါ်ခြင်းသည် အလွန်တရာ မဖြစ်သင့်သော ကိစ္စတစ်ခု ဖြစ်ကြောင်း တွေးလိုက် မိ၍ ဖိတ်ခေါ်စာကို တခြား အသိတယောက် ထံမှ လှမ်း တောင်းလိုက် သည်။
အမေရိကန် သံရုံး အ၀င်တွင် ဖုန်း iPad နှင့် အခြား လျက်စစ်ပစ္စုည်းများ ကို အ၀င်ဝ တွင် အပ်ထားခဲ့ ရသည်။ Qနံပါတ် ယူပြီး လက်ဗွေနှိပ် အပြီး မြန်မာ နိုင်ငံကူး လက်မှတ်ကို မြင်ပြီး စာရွက်တစ်ခု ထပ်ပေးသည်။ စာရွက်ကို မြန်မာ အင်္ဂလိပ် နှစ်ဘာသာ ဖြင့် ရေးထားသည်။ မိမိကိုယ်တိုင် နှင့် အိမ်ထောင်ဖက် ၏ မိဘဆွေမျိုး များအကြောင်း နှင့် ထိုသူများ မြန်မာ စစ်တပ် သို့မဟုတ် ကြံဖွံ့ နှင့် ပတ်သက်မှု ရှိ မရှိမေးမြန်း ထားသည့် စာရွက် ဖြစ်သည်။ မြောက်ကိုရီးယား နှင့် ပတ်သက်၍ မမေးမြန်း သည်ကို ကျေးဇူး တင်လျက် မေးထား သည်များ အားလုံးကို ပတ်သက်မှု မရှိကြောင်း ဖြေပေးလိုက်သည်။ Visa ကြေးအပြင် မြန်မာ ဖြစ်သည့် အတွက် အထောက်အထား ရှာဖွေခ ဒေါ်လာ ၃၀ ထပ်ပေး ရ၏။
လူတွေ့မေးမြန်း သူထဲမှ တစ်ဦးမှာ ABC (American Born Chinese) အမေရိကန် ဖွား တရုတ်မ တစ်ဦးဖြစ်သည်။ မျက်နှာ ခပ်တင်းတင်း ဖြင့် လာလျှောက် သူများကို သေသေချာချာ စစ်ဆေးပြီး အများစုကို Visa ထုပ်မပေးသည်ကို တွေ့ရသည်။ စင်ကာပူနိုင်ငံ သည် အမေရိကန် သို့ Visa ကင်းလွတ်ခွင့် ရသဖြင့် Visa လာရောက် လျောက် ထားသူများ မှာ နိုင်ငံခြားသားများ ဖြစ်ကြသည်။ Filipinos, Malaysians, နှင့် Indianians အများစု ကိုတွေ့ရသည်။ Visa မရကြသူ အများစုမှာ အမေရိကားတွင် ဆွေမျိုးမရှိသူများ၊ ငွေကြေးအထောက်အထား မပြနိုင် သူများ နှင့် အကြောင်းပြချက် မခိုင်လုံသူများ ဖြစ်ကြသည်။ လူတွေ့မေးမြန်းသူ ထံတွင် ဆုံးဖြတ်ပိုင်ခွင့် အပြည့်ပေးထားသည် ကိုတွေ့ရသည်။ ကျွန်တော့ အလှည့်တွင် ထိုတရုတ်မ နှင့်ကျသည်။ မြန်မာမှန်း သိသော အခါ တခြားနိုင်ငံခြားသားများနှင့် မတူ၊ လေးလေးစားစားမေးသည်။ အမေရိကားကို ဘာကိစ္စဖြင့် သွားမည် ဆိုသည်ကို စမေးသည်။ အလည်သွားဖို့ ဟုဖြေလိုက်သည်။ စင်ကာပူတွင် ဘာအလုပ် လုပ်သလဲဟု မေးရာ စီးပွားရေး အကြံပေးလုပ် သည်ဟု ဖြေလိုက်သည်။ ၀န်ထမ်းအင်အား ကိုမေးရာ အယောက် ၄၀ ဟုဖြေလိုက်သည်။ ထိုနောက် ဘာမှထပ် မမေး တော့ပဲ Visa ကို ၃ ရက်နေလျှင် Tour Agent တစ်ခုမှ သွားယူရန် ပြောသည်။ ဖိတ်ခေါ်စာတို့ဘဏ်စာရင်းတို့ ဘာမှတောင်း မကြည့်။ ဤသို့ဖြင့် အမေရိကား ခရီးစဉ်ကို စတင် လိုက် သည်။
xxxxx
No comments:
Post a Comment