Jet Lag (သို့မဟုတ်) အချိန်ကာလများကို ဖြတ်ကျော်ခြင်း
စင်ကာပူ နှင့် အမေရိကန် Los Angeles (LA) မြို့၏ အချိန်ကွာခြားချက်သည် ၁၅ နာရီရှိသည်။ စင်ကာပူသည် LA ထက် ၁၅ နာရီ ပိုစောနေသည်။ လေယာဉ်ပေါ်တွင် နာရီ ၂၀ နီးပါး ကြာအောင် အချိန်ကုန်ခဲ့သော်လည်း အင်္ဂါနေ့ မနက် ၉နာရီ ခွဲတွင် စင်ကာပူ မှ ထွက်လာခဲ့သော လေယာဉ်သည် LA သို့ အင်္ဂါနေ့ နေ့လယ် ၁နာရီခွဲတွင် ဆိုက်ရောက်သည်။ အသက် ၁၅ နာရီမျှပိုငယ်သွားသလိုပင်။ ထိုအချိန်တွင် စင်ကာပူတွင် ဗုဒ္ဓဟူး နေ့ နံနက် ၄ နာရီ ခွဲ ရှိနေပြီဖြစ်သည်။ လေယာဉ်ကွင်း တွင် ဂျင်မီ ဆိုသော ထိုင်ဝမ်မှရောက်နေသော တရုတ်တစ်ယောက် လာကြိုသည်။ မင်္ဂလာပွဲ ရှိရာ (La Jolla) လာဟိုရာ မြို့သို့ တခါထဲ ပို့ပေးမည်ဖြစ်သည်။ သူ့ကို "လာဂျိုလာ" ဟုဘာလို့မခေါ်ပဲ "လာဟိုရာ" ဟုခေါ်သလဲ မေးကြည့်ရာ မသိဟု ပြန်ပြောသည်။ ဘာမေးမေး မသိဟုဖြေသဖြင့် အတော်ဗဟုသုတ နှင့်ပြည့်စုံတာပဲ ဟု နောက်ပြောသည်ကိုလည်း ကြောင်တောင်တောင် ဖြင့်ကြည့်နေသဖြင့် စကားဆက်မပြောဖြစ်။ LA နှင့် လာဟိုရာမြို့ သည် ၄နာရီခန့် မောင်းရသဖြင့် ဟိုတယ်ကို ရောက်သောအခါ ညနေ ၆နာရီခန့် ရှိနေပြီ။
ဟိုတယ် အခန်းထဲ အရောက်တွင် သတို့သမီး အဖေ ရှေ့နေကို ရောက်ပြီဖြစ်ကြောင်း လှမ်းပြောလိုက်သည်။ သူက ညစာကို ပင်လယ်စာ စားသောက်ဆိုင် တစ်ခုတွင် စီစဉ် ထားပြီး ညနေ ၇ နာရီ ခွဲတွင် ဆုံကြမည် ဟုပြောသည်။ နည်းနည်းစောနေ သေးသဖြင့် ဟိုတယ် အနီးရှိကမ်းခြေဘက်ကို လမ်းလျှောက် ထွက်ခဲ့သည်။
လာဟိုရာ မြို့လေးသည် ကမ်းခြေမြို့ ကလေးတစ်ခုဖြစ်ပြီး ပစိဖိတ် သမုဒ္ဒရာ ဘေးတွင်ရှိသည်။ တခြား ကမ်းခြေများထက် ထူးခြားသည်မှာ ဒီမြို့သည် သမုဒ္ဒရာ ကမ်းခြေ ရှိနေခြင်းဖြစ်ပြီး ကျောက်ဆောင် ကျောက်တန်းများဖြင့် ပြည့်နှက် နေသည်။ ပင်လယ်ကမ်းခြေ လို သဲပြင်ပြန့်ပြန့်ဖြူးဖြူး သိပ်မရှိပေ။
ဟိုတယ်အပြင် ထွက်လိုက်တော့မှ စင်ကာပူမှ အရေးတကြီး ယူလာရန် တစ်ခုကျန်သွားသည်ကို သိလိုက်ရသည်။ အနွေးထည် ကျန်ခဲ့သည်။LA တွင်နေသောသူငယ်ချင်းက ထိုနေရာတွင် အတော်ပူနေ၍ အနွေးထည် မလိုကြောင်းပြောသဖြင့် ယူမလာခဲ့မိ။ ဖုန်းမှ ရာသီဥတု ကိုကြည့်လိုက်ရာ အပူချိန် ၁၈ ဒီဂရီ စင်တီဂရိတ်။ ထိုဒေသတွင် နေထိုင်သူများအတွက် ဘာမှမဆိုသာသော်လည်း အပူပိုင်းဒေသမှ လာသော ကျွန်တော့်အတွက် အရိုးခိုက်အောင် စိမ့်သွားသည်။ ထို့ကြောင့် ကမ်းခြေတွင် ကြာကြာမဆက်နိုင်ပဲ ဟိုတယ်သို့ ပြန်ခဲ့ရသည်။
ပင်လယ်စာစားသောက်ဆိုင် သည် ဟိုတယ်နှင့် မနီးမဝေးတွင် ရှိသည်။ ၀င်သွားသည်နှင့် ဧည့်ကြို အမေရိကန်မချောချော ကလေးက အပြုံးကလေးဖြင့် စီးကြိုပြီး ထိုင်စရာနေရာကို ခေါ်သွားသည်။ သိပ်မကြာခင် စားပွဲထိုး အမေရိကန် တစ်ယောက် ရောက်လာပြီး သူ့နံမည်ကို မိတ်ဆက်ပေး ကာ အပြုံးကလေးဖြင့် ခါးကိုင်းပြီး ဘာသောက်မည်နည်း ဟုလာမေးသည်။ ကာလိဖိုးနီယား ထုပ် ၀ိုင်အနီတစ်လုံး မှာလိုက်ပြီး ချမ်းအေး မှုဒါဏ်ကို ကာကွယ်ရန် စသောက်ကြတော့သည်။
အံ့သြမှုကို မဖုံးနိုင်၍ ရှေ့နေကို မေးလိုက်မိသည်။ သူတို့ပေးသော ၀န်ဆောင်မှု ကို စင်ကာပူလို နိုင်ငံမျိုးတွင် လုံးဝမရနိုင်။ စင်ကာပူလူမျိုး အများစုသည် ဧည့်ကြိုလို စားပွဲထိုးလို အလုပ်မျိုးကို သူတို့နှင့်ထိုက်တန်သော အလုပ်ဟု မသတ်မှတ်။ ထို့ကြောင့် တရုတ် မလေး Phillipino နှင့် နိုင်ငံခြားသား အများစုကို ၀န်ဆောင်မှု လုပ်ငန်းများတွင် ခန့်ထား ကြသည်။ ထိုသူများကို လေ့ကျင့်ပညာပေးမှု အားနည်း၍လားမသိ စင်ကာပူတွင် စားသောက်ဆိုင် တစ်ဆိုင်ကို ၀င်မိလျှင် ဧည့် ကြိုထားလေ့သိပ်မရှိ။ စားသောက်ဖို့ရာ တန်းစီစောင့်ရတတ်ပြီး တရုတ်မစားပွဲထိုး တစ်ယောက်ယောက်က မျက်ထောင်နီဖြင့် စောင့်ကြီးအောင့်ကြီး လာခေါ်ပြီး ထိုင်ခုံနေရပြသည်ကို အကြိမ်ကြိမ်ကြုံဖူးလေသည်။ ရှေ့နေကရှင်းပြသည်။ အမေရိကားတွင် Service Charge ဟုခေါ်သော ၀န်ဆောင်မှုအတွက် သီးခြားကောက်ခံမှုမရှိ။ Tip ဟုခေါ်သော အပိုဆုကြေးငွေ ပေးသောအလေ့အထကိုသုံးသည်။ ၀န်ဆောင်မှုကောင်းလျှင် ဆုကြေး များများ ရကြပြီး ၀န်ဆောင်မှု ညံ့လျှင် ပေါ်တင်ပြောပြီး မပေးလို့ရသည်။ ထို့ကြောင့် နေရာတိုင်း တွင် ၀န်ဆောင်မှု အကောင်းဆုံးပေးပြီး အပိုဆုကြေး များများရအောင် အလုပ်ကြိုးစားလုပ်ကြသည် ဟုရှင်းပြသည်။
ညစာကို ပင်လယ်စာ ပေါင်းစုံအား ရေခဲထည့်ထားသော ဗန်းပေါ်တွင် ထည့်ပြီးလာချပေးသည်။ ခရု ကမာ ဂဏန်း ပင်လယ်ပုဇွန် ဖြင့် အတော်စုံသည်။ အဓိက စားစရာ (Main Course) မလာခင် ပေါင်မှန့်ပူပူ ကို ထောပတ်ဖြင့် အစာပြေစားရန်လာချပေးသည်။
စားသောက်ဆိုင်သည် ကမ်းခြေဘေးတွင်ရှိသဖြင့် ကျယ်ပြန့်သောပင်လယ်ပြင်နှင့် ခပ်လှမ်းလှမ်းမှ ကမ်းစပ်ဘေးရှိတောင်ကုန်းပေါ်မှ လုံးချင်းအိမ်ကလေးများ၏ မီးရောင်မှောင်ပျပျ ကိုလှမ်းတွေ့ရသည်။ ထိုတောင်ကုန်းပေါ်ရှိ အိမ်များသည် အမေရိကားတွင် ဈေးအကြီးဆုံးဖြစ်ကြောင်း ရှေ့နေ ကပြောပြသည်။ လောလောလတ်လတ် အမေရိကားတွင် Billionaire ဖြစ်သွားသော Allibaba ပိုင်ရှင် ဂျက်မ (Jack Ma) တောင် ထိုတောင်ကုန်းပေါ်မှာ အိမ်တစ်လုံးဝယ်ထားသည် ဆို၏။ "ငါ ဘီလျှံနာ ဖြစ်ရင် ဒီတောင်ကုန်းပေါ်မှာ အိမ်တစ်လုံးလောက် ၀ယ်ဦးမယ်။" ဟုရှေ့နေကို နောက်လိုက်သည်။ ဒါပေမယ့် သူကတော့ "မင်းဝယ်တဲ့ အချိန် ငါတို့တစ်ခေါက် ပြန်လာကြတာပေါ့။" ဟုအတည်ပြောသည်။ စိတ်ထဲကတော့ ကြိုတင် နမိတ်ဖတ်တာ ဖြစ်မှာပါဟုတွေးနေလိုက်မိသည်။ တောင်စောင်းဘေးနား မှ ပစိဖိတ်သမုဒ္ဒရာကို စီးမြင်နေရသော လုံးချင်း အိမ်တစ်လုံးတွင် နေချင်စိတ်တော့ဖြစ်မိသည်။
ရှေ့နေက မင်း Jet Lag နှစ်ရက် သုံးရက်လောက်ဖြစ်မည်ဟုပြောသည်။ Jet Lag ကို ပထမ Leg ဖြင့်စားလုံးပေါင်းသည် ထင်ပြီး ဂျက်လေယာဉ်ပေါ်တွင် ကျင်းကျင်းကျုပ်ကျုပ်ထိုင်ရသဖြင့် အညောင်းမိရောဂါဟု ထင်ခဲ့မိသည်။ မြန်မာပြည်မှ မဂ္ဂဇင်းတစ်စောင်တွင် ထိုသို့ ဘာသာပြန်ထားသည်ကို ဖတ်ဖူးသဖြင့် ငါမှအညောင်းမမိတာ။ ဘာမှမဖြစ်လောက်ဟု ထင်လိုက်မိသည်။
တကယ်တော့ Jet Lag ဆိုသည်မှာ Jet လေယာဉ်ပျံတွေ ပေါ်ပေါက်လာသော အချိန်တွင် စတင်ဖြစ်ပေါ်လာသည်။ အချိန်ကာလ အလွန်ကွာခြားသော ဒေသနှစ်ခုကို မြန်ဆန်သော ဂျက်လေယာဉ်များဖြင့် ဖြတ်သန်းသွားပြီး အချိန် နှင့် ရာသီဥတု ကွဲပြားခြင်းကြောင့် ဖြစ်ပေါ်လာသော ဝေဒနာ ကိုခေါ်ခြင်းဖြစ်သည်။
စကားပြောရင်း ၀ိုင်သောက်ရင်းဖြင့် ၀ိုင် ၂ လုံးခန့်ကုန်သွားသောအချိန်တွင် ည ၁၀ နာရီ ခွဲခန့်ရှိနေပြီ။ ဟော်တယ်အခန်းကို ပြန်ရောက်ချိန်တွင် ည ၁၁ နာရီခန့် ရောက်နေပြီ။ နောက်နေ့မနက်ပိုင်း သွားစရာများရှိသဖြင့် ကုတင်ပေါ်တက်ပြီး အိပ်လိုက်သည်။ တော်တော်နှင့် အိပ်မပျော်။ နာရီကြည့်မိတော့ ည၁၂နာရီခွဲ။ ကြိုးစားပြီးထပ်အိပ်သည်။ နိုးလာလို့ နာရီကြည့်တော့ မနက် ၁ နာရီ။ ထပ်ပြီး အိပ်ဖို့ကြိုးစားသည်။ မရ။ Jet Lag ဆိုတာ ဘာကို ဆိုလိုကြောင်း သဘောပေါက်လိုက်သည်။ စင်ကာပူ စံတော်ချိန်ကို ကြည့်လိုက်တော့ နေ့လယ် ၄ နာရီ။ အချိန်ကာလ ၁၅နာရီ ကွာခြားမှုကို ချက်ချင်း အသားမကျနိုင်။ ဒီ လာဟိုရာမြို့၏ ညအိပ်ချိန်သည် စင်ကာပူ နေ့ခင်းကြောင်တောင် ဖြစ်နေသည်။
အိပ်လိုက် နိုးလိုက်ဖြင့် မနက်မိုးလင်းသွားသည်။ မနက်ပိုင်း အပြင်သွားသောအချိန်တွင် Jet Lag ၏ ဝေဒနာက ပိုပြင်းထန်၏။ လာဟိုရာမြို့၏ မနက် ၉ နာရီ အချိန်သည် စင်ကာပူတွင် ညသန်းခေါင်ယံ ဖြစ်နေသည်။ အပြင်သွားရင်း ဧည့်သည်များနှင့် တွေ့စဉ် လူက ငိုက်ငိုက်ကျသွားသည်။ ဘာတွေပြောနေသည်ကို စိတ်မ၀င်စားမိ။ ခပ်တည်တည်ဖြင့် Jet Lag ဖြစ်နေသည်ပြောပြီး ဆက်ပြီး ငိုက်နေလိုက်မိသည်။
No comments:
Post a Comment