မြန်မာပြည်ကို Entrepreneur ဆိုတဲ့
စကားလုံး စပြီး မိတ်ဆက်ပေးသူ တစ်ယောက်ကတော့ နိုင်ငံရပ်ခြားမှ
Entrepreneurship အထူးဘာသာရပ် အဖြစ် ဘွဲ့ယူလာသော စီးပွားရေး တက္ကသိုလ် မှ
ဆရာတစ်ဦး ဖြစ်ပြီး MCC တွင် Entrepreneurship သင်တန်းများ စပေးဖူးသည်။
ပညာရှင်များ နှင့် တကယ့်စီးပွားရေး
လုပ်ငန်းရှင်များ၏ အဓိက ကွာခြားချက်မှာ ပညာရှင်များက စီးပွားရေး
မလုပ်တက်ကြဘဲ စီးပွားရေသမားများ လုပ်ပြီးသမျှကို ဘာကြောင့် ဒီလိုဖြစ်သည်၊
ဘာကြောင့် ဟိုလိုဖြစ်သည် ဆိုသည့် သီအိုရီများကို ထုတ်တက်ကြသူများသာ
ဖြစ်ကြသည်။
Entrepreneurship ကို မြန်မာမှုပြုသော အခါ
"စွန့်ဦးတီထွင်" ဆိုပြီး ပြန်ဆိုလိုက်ပြီး ယခုတိုင် လူအများ
လက်ခံ အသုံးပြုနေကြသည်။
ငယ်ငယ်က Entrepreneur ဆိုတဲ့ အသုံးအနှုံး
ကိုတွေ့တိုင်း သိပ္ပံ ပညာရှင် တစ်ဦးဦးကို ပြေးပြေးမြင်သည်။
ကာတွန်းသစ်ထွန်း ၏ မောင်တီထွင် လိုလူမျိုးဟု ထင်မိသည်။
Entrepreneurship ဆိုသည့် စကားလုံးမှာ
ပြင်သစ် ဘာသာစကားကို မွေးယူ သုံးဆွဲထားခြင်းဟု ဆိုသည်။ သူ့၏ အဓိပ္ပါယ်
ဖွင့်ဆိုချက်အများအပြားရှိသည့်အနက် မှ "သမားရိုးကျ လုပ်ကိုင်သော
လုပ်ငန်းများမှ သွေဖီ၍ လုပ်ငန်းအောင်မြင်ရန် အခွင့်အလမ်း များကို
အသုံးချနိုင်သူ ဟု ဖွင့်ဆိုထားသည်ကို ဖတ်ဖူးသည်။ ထိုအောင်မြင်မှု အတွက်
အများမမြင်နိုင်သော အခွင့်အလမ်း များကို စွန့်စွန့်စားစား လုပ်ကိုင်သည့်
ပုဂ္ဂိုလ် ဒါမှမဟုတ် လုပ်ငန်းများကို ဆိုလိုသည်။"
ထိုဖွင့်ဆိုချက်များတွင် သိပ္ပံ ပညာရှင်တစ်ဦးလို တီထွင်မှု တစ်ခုမှ မပါရှိ
ပါ။ Steve Job လို Bill Gates လို ကွန်ပျူတာ ခေတ်က ဦးဆောင်ခဲ့သူများကို
Entrepreneurs ဟုသတ်မှတ် ခဲ့သော်လဲ Entrrpreneurတိုင်း သည် တီထွင်သူများ
မဟုတ်ကြပါ။
စီးပွားရေး ခေတ်များကို လေ့လာလျှင်
မြေပိုင်ရှင် ခေတ်မှ စ၍ စက်မှုတော်လှန်ရေး နှောက်ပိုင်း
စက်ရုံလုပ်ငန်း ပိုင်ရှင်များ ထိုမှတဆင့် ကူးသန်းသွားလာရေး၊ ငွေကြေး
ဘဏ်လုပ်ငန်း ခေတ် များ မှ တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး လက်ရှိ ခေတ်မှာ
ကွန်ပျူတာ ခေတ်လွန် ဆက်သွယ်ချိတ်ဆက်မှု ခေတ်ထဲ ၀င်ရောက် လာပြီ
ဖြစ်သည်။ လူအများစု လက်ထဲတွင် ဆက်သွယ်မှုဆိုင်ရာ ကိရိယာ တစ်ခုခုရှိနေပြီး
တစ်ကမ္ဘာလုံးနှင့် ချက်ချင်းလက်ငင်း အချက် အလက်များ ဖလှယ်နိုင်ကြပြီ
ဖြစ်သည်။
ဒီဘက်ခေတ်မှာ နည်းပညာအထူးပြု Entrepreneurs
များပိုမို များပြားလာသော်လဲ Entrepreneurship ဆိုသည်မှာ နည်း ပညာ အထူးပြု
လုပ်ငန်းများကို ရည်ညွှန်းခြင်း မဟုတ်ပေ။ အဓိက ဆိုလိုသည်မှာ သမားရိုးကျ
လုပ်ငန်းများ လုပ်ကိုင်မှုများမှ ဖောက်ထွက် ပြီး လုပ်ဆောင်မှုများကို
ဆိုလို သည်။
Mark Zuckerberg က Facebook ကို မစခင် မှာ
Friendster ဆိုတဲ့ လူမှုကွန်ယက် ရှိနေပြီဖြစ်သည်။ Mark သည် လူမှုကွန်ယက်ကို
တည်ထွင်ခဲ့သူ မဟုတ်ပါ။ သမားရိုးကျ နည်းလမ်းများကို ဖောက်ထွက်ပြီး သူများမမြင်နိုင်သည့်
အခွင့် အလမ်းများဖြင့် လူမှုကွန်ယက်တွင် နံပတ်တစ် နေရာ ရယူနိုင်ခဲ့ခြင်း
ဖြစ်သည်။
Whatsapp နှင့် Viber တို့မှာလဲ ထို့ အတူပင်။
သမားရိုးကျ လက်ကိုင်ဖုန်းဖြင့် စာပို့မှုကို အင်တာနက် နှင့် ချိတ်ဆက်၍
အကုန်အကျ သက်သာစေရန် ကြိုးစားခြင်းဖြင့် မည်သည့် ၀င်ငွေမှ မရှိဘဲ ဒေါ်လာ
ဘီလံပေါင်းများစွာ ဖြင့် Facebook မှ Whatsapp ကိုဝယ်ခဲ့သည်။
မြန်မာပြည်မှာ ပထမဆုံး ကြုံတွေ့ခဲ့ရသော
Entrepreneur မှာ လမ်းဘေး မုန့်ဟင်းခါး သည် ဖြစ်သည်။ မုန့်ဟင်းခါး သည်
မြန်မာတို့၏ အသဲစွဲ ဖြစ်သည်။ မနက်စာ၊ နေလယ်စာ၊ အသုဘစာ၊ အလှူစာ ဘယ်နေရာ
မဆို မုန့်ဟင်းခါး ပါသည်။ ထိုသို့ လူကြိုက်များ သောမုန့်ဟင်းခါးကို
နေရာတိုင်းတွင် ၀ယ်ယူစားသုံး နိုင်သည်။ ရန်ကုန်မြို့ကို လမ်းလျှောက်
သွားလျှင် လမ်း ၅လမ်း မဆုံးခင် မုန့်ဟင်းခါး ဆိုင် တစ်ဆိုင်
တွေ့နိုင်မည် ထင်သည်။ (အထင်ကိုပြောခြင်း ဖြစ်သည်။ တိတိကျကျ သိချင်ပါက
သွားကြည့်ကြပါ။)
ငယ်ငယ်က သံဈေးမှာ စားခဲ့ဖူးသည့်
မုန်ဟင်းခါးဆိုင် တစ်ခုအကြောင်း ပြန်ပြောပြလို သည်။ ဆိုင်နံမည်က
တင်တင်အေး။ တင်တင်အေး ကို ဘယ်သူမှန်း မသိပေမယ့် အခုပြန်
စဉ်းစားကြည့်လိုက်လျှင် ပထမဆုံး သိခဲ့သော Entrepreneur ဖြစ်သည်။
မုန့်ဟင်းခါး ကို တင်တင်အေး တီထွင်ခဲ့ခြင်း မဟုတ်ပါ။
သူဦးစွာရောင်းခဲ့ခြင်း လဲမဟုတ်ပါ။ ဒါပေမည့် လူများဆိုင်တွေနှင့် မတူ၊
လူဘယ်လောက် များများ နေရာရအောင် စီစဉ်ပေးသည်။ မှန့်ဟင်းခါး သည့်
ရွေးချယ်မှု များစွာဖြင့် စား၍ရသော အမျိုး ဖြစ်သည်။ ဘယ်လို မှာမှာ
မှန်ကန်အောင် လာပေးသည်။ ပိုပြီး ထူးခြား သည်မှာ လာစားသူများကို
ဖော်ရွေမှု။ နာမည်ကြီးလာသော အခါ ဆိုင်ခွဲပေါင်းများစွာ ဖြင့်
ရန်ကုန်မြို့ နေရာတော်တော်များများ တွင် စားသုံး နိုင်အောင် စီစဉ်
ပေးနိုင်ခဲ့သည်။ အလှူ မင်္ဂလာပွဲ အသုဘ အတွက် လိုသလောက် မှာလိုရသည်။
အောင်မြင်တဲ့ လုပ်ငန်းတစ်ခုကို အများနဲ့ မတူ ထူထောင်နိုင်ခဲ့ သော
Entrepreneurship တစ်ခုဖြစ်သည်။
ထိုလုပ်ငန်းကို လေ့လာပါက စွန့်စားမှု၊
လက်ဦးမှု၊ တီထွင်မှု တစ်ခုမှ မပါပေ။ ဘာကြောင့် Entrepreneurship က စွန့် ဦးတီထွင်
ဖြစ်သွား ရပါသလဲ ဆိုလျှင် စပြီး ဘာသာပြန်ခဲ့ သော ဆရာ သည် US တွင်
Entrepreneurship သင်ခွင့်ရခဲ့ပြီး ထိုနိုင်ငံရှိ အဲ့ဒီ့ခေတ်
ကထင်ရှားခဲ့သော Bills Gates နှင့် Steve Jobs အကြောင်းကို လေ့လာခဲ့ပြီး
မြန်မာပြည် ပြန်အရောက် တင်တင်အေး မုန့်ဟင်းခါးကို မေ့သွားခဲ့ခြင်း
ကြောင့်ဖြစ်သည်။ ထို့ကြောင့် Entrepreneurship ကို လူငယ်တွေ အယူလွဲကာ
နည်းပညာဆိုင်ရာ လုပ်ငန်းများတွင်သာ စုပြုံတိုးကြခြင်းဖြင့် အများစုသည်
ပြည်ပကို ထိုးဖောက်ဖို့ နေနေသာသာ ပြည်တွင်းမှာတင် အောင်မြင်မှု
မရရှိကြပေ။ ထိုလူငယ်များ မုန့်ဟင်းခါးဆိုင် ဖွင့်ခဲ့လျှင် နိုင်ငံတကာတွင်မုန့်ဟင်း ခါး ယာဉ်ကျေးမှုတစ်ခု ထွန်းကားနေလောက်ပြီ
ဖြစ်သည်။
ထို့ကြောင့် Entrepreneurship ဆိုသည်မှာ
သိပ္ပံပညာနှင့် မဆိုင်ပါ။ နည်းပညာ လုပ်ငန်းများကိုလဲ မဆိုလိုပါ။ ဘာလုပ်ငန်း
လုပ်လုပ်သမားရိုးကျ နည်းလမ်းများကို ဖောက်ထွက်ပြီး အခွင့်အလမ်း များကို
ရယူနိုင်လျင် အောင်မြင်သော Entrepreneur တစ်ယောက်ဖြစ်လာမည် ဟု။