Tuesday, 15 December 2015
ဒေါ်အောင်ဆန်းစုကြည်၊ အော်ပီကျယ်၊ စံဇာဏီဘို နှင့် အဲယား ပုဂံ
ကျွန်တော် ဒီအကြောင်းပြောတိုင်း ကာတွန်းဆရာ အော်ပီကျယ် ဒေါသထွက်ပါသည်။ သူဒေါသထွက်ခြင်းသည် ကာတွန်းဆရာပီပီ ကြောက်စရာမကောင်းပဲ ပိုပြီးချစ်ဖို့ကောင်းပါသည်။ (ချစ်ဖို့ကောင်းသည်ဆို၍ ကျွန်တော်တို့ ၂ ယောက် သည် gayများ မဟုတ်ပါ။ မိန်းမချောလေးများကို စိတ်ဝင်စားကြတာခြင်းတူကြပါသည်။ သူ၏စိတ်ဆိုးစဉ် ပြောပုံဆိုပုံမှာ ကလေးဆိုးကြီးတစ်ယောက်လို ဖြစ်သောကြောင့် ချစ်စရာကောင်းနေခြင်းဖြစ်သည်။) ထို့ကြောင့် အရက်မူးတိုင်း ဆရာအော်ပီကျယ်၏ ချစ်စရာဒေါသကို တွေ့လိုလျှင် ဤအကြောင်းကို ပြောဖြစ်သည်။ 
ဆရာအော်ပီကျယ်နှင့် ၂၀၀၉ ခုနှစ် စင်ကာပူနိုင်ငံ စာပေဟောပြောပွဲမှစ၍ သူပြောသည့်အတိုင်း "သောက်ကျင့်တူသောကြောင့်" ခင်မင်ရင်းနှီးပြီး မကြာခဏ ဆုံဖြစ်ပါသည်။ "သောက်ကျင့်" ဆိုရာမှာ အရက်သောက်ခြင်း၊ လောကကြီးကို ဂရုမစိုက်ဘဲ ကိုယ်ထင်ရာလုပ်ခြင်းများသာဖြစ်ပြီး ကျန်သည့်ကိစ္စများမှာ တော်တော်ကွာပါသည်။ သူဟာ အနုပညာသမားစစ်စစ် တစ်ယောက်ဖြစ်ပြီး ကျွန်တော်ဟာ Entrepreneur စစ်စစ် တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ခံယူထားပါသည်။ သူသည် အနုပညာကို အဓိကထား၍ ကျွန်တော်သည် လုပ်ငန်းများအောင်မြင်ရေးကို အဓိကထားပါသည်။ သူ၏ ဦးတည်ချက်မှာ ကာတွန်းဖြင့် ပြည်သူကို အကျိုးပြုရေးဖြစ်ပြီး ကျွန်တော် ဦးတည်ရသည်မှာ အမြတ်များများရရှိရေးဖြစ်သည်။ မတူတာတွေဖယ်ထားပြီး တူတာတွေဖလှယ်ကြခြင်းဖြင့် ငယ်ပေါင်းကြီးဖေါ်လို ခင်ခဲ့ကြသည်။ ခင်မင်ရင်းဖြင့် တစ်ချို့အကြောင်းအရာများသည် တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက် ဆက်စပ်လာခဲ့သည်။ ထိုအကြောင်းအရာထဲတွင် အဲယားပုဂံသည် တစ်ခုအပါအ၀င်ဖြစ်သည်။ 
စက်တင်ဘာ ၂၀၀၇ ခုနှစ် အဲယားပုဂံ စင်ကာပူမှ ရန်ကုန်သို့ ပထမဦးဆုံးအကြိမ် ပျံသန်းမှုတွင် အထူးဧည့်သည်အနေဖြင့် လိုက်ပါခွင့် ရခဲ့ဖူးသည်။ ကိုယ့်အစွမ်းအစနှင့် မဟုတ်ဘဲ အဲ့ဒီအချိန်က ဦးတေဇနှင့် အင်မတန်ရင်းနှီးသော ကျွန်တော်၏လုပ်ငန်းများကို ငွေရေးကြေးရေးကအစ ထောက်ပံ့ပေးခဲ့သူတစ်ဦး၏ စီစဉ်ပေးမှုကြောင့်ဖြစ်သည်။ သို့သော် အဲယားပုဂံ၏ စင်ကာပူသက်တမ်းသည် ဘာမှမကြာလိုက်။ အောက်တိုဘာ ၂၀၀၇ တွင်ဖြစ်ခဲ့သော သံဃာအရေးအခင်းကို မြန်မာအစိုးရက အကြမ်းဖက်နှိမ်နင်းခဲ့သည့်နောက် အမေရိကန်အစိုးရမှ စင်ကာပူကို ဖိအားပေးကာ မြန်မာခရိုနီများ၏ လုပ်ငန်းများကို ပိတ်ခိုင်းရာတွင် အဲယားပုဂံ ပါသွားသည်။
ဆရာအော်ပီကျယ်သည် နာမည်ကြီးကာတွန်းဆရာတင်မဟုတ် ကုန်အမှတ်တံဆိပ် နှင့် တစ်ခြားဒီဇိုင်းများတွင်လည်း ထင်ပေါ်ကျော်ကြားသူတစ်ဦးဖြစ်သည်။ ဦးတေဇ၏ အဲယားပုဂံ ကုန်အမှတ်တံဆိပ်မှာ အော်ပီကျယ်၏ လက်ရာဖြစ်သည်။ ထိုအချိန်က အဲယားပုဂံ ကုန်အမှတ်တံဆိပ်တစ်ခုရဖို့ ပုဂံသမိုင်းကြောင်းတစ်ခုလုံး လေ့လာပြီး သင့်တော်သည့် ကုန်အမှတ်တံဆိပ် နမူနာများရေးပေးခဲ့သည်။ ထိုအမှတ်တံဆိပ်များထဲမှ ယခု အဲယားပုဂံအမှတ်တံဆိပ်ကို ရွေးခဲ့ခြင်းဖြစ်သည်။ ထိုအမှတ်တံဆိပ်ကို ဦးတေဇမှ အရမ်းကြိုက်သဖြင့် ဆရာအော်ပီကျယ် တောင်းသလောက် ပေးမည်ဆိုသော်လည်း အလွန်ရိုးသားသော အော်ပီကျယ်မှာ ပုံမှန်ဆွဲနေကျ ဈေးနှုန်းကိုသာ တောင်းလိုက်သည်။ 
ထိုအချိန်တွင် စံဇာဏီဘို အခန်းဂဏ ၀င်လာသည်။ တကယ်တော့ စံဇာဏီဘို နှင့် ကျွန်တော်သည် ဆရာတစ်ဦးထဲမှ ဆင်းသက်လာသော ကျောင်းနေဖက်ညီအစ်ကို ဆိုလျင်မှားမည် မဟုတ်။ သူသည် ဆရာဦးစံတင်အောင် (ရွှေဘို) ထံတွင် တပည့်ခံခဲ့သည်။ သူ့နာမည်တောင်မှ ဆရာ့နာမည်ပါအောင် "စံ" ထည့်ထားခဲ့သည်။ ကျွန်တော်နှင့် ဦးစံတင်အောင် စတွေ့ခဲ့ချိန်က ၂၀၀၆ ခုနှစ် စင်ကာပူတွင်။ သူက မြင်မြင်ချင်း တပည့်အဖြစ် သတ်မှတ်ပီး ပညာသင်ဖို့လုပ်သည်။ ပင်နီဆူလားပလာဇာက အခန်းကျဉ်းလေးတစ်ခုတွင် နှစ်ပိုင်းခွဲကာ သူက ဟိုဘက်က လက္ခဏာဟော၊ ကျွန်တော်က တစ်ခြားအခန်းကနေ စီးပွားရေး အကြံပေးလုပ်ဖြင့် အတူအလုပ်လုပ်ခဲ့ကြဖူးသည်။ သို့သော် ကျွန်တော်က ဗေဒင်လက္ခဏာကို လုံးဝယုံကြည်မှု မရှိသဖြင့် သူလက်လျော့ လိုက်သည်။ သူမကွယ်လွန်ခင် ကျွန်တော့်ကို လူအများ၏ယုံကြည်လေးစားမှု (အမှားလုပ်တောင် လူတွေခွင့်လွှတ်ကြလိမ့်မယ်ဟု) အထူးရှိမည်ဟု ဟောပေးသွားခဲ့သည်။ ဆရာကြီးအကြောင်းကို အသေးစိတ် ရေးပါဦးမည်။
ဦးတေဇသည် မြန်မာပြည်ရှိ ခရိုနီများနှင့် အာဏာပိုင်များနည်းတူ ဗေဒင်၊ယတြာများကို အထူးယုံလေသည်။ အဲယားပုဂံ ကုန်အမှတ်တံဆိပ် အော်ပီကျယ်ဆီမှ ရရခြင်း အသုံးပြုလို့ ရမရ စံဇာဏီဘိုထံသွားပြီး မေးသည်။ ဟိုက ဒီဇိုင်းရေးဆွဲသူ အဖိုးအခထက် အဆပေါင်းများစွာတောင်းပြီး ထိုအမှတ်တံဆိပ် သုံးနိုင်သည်ဟု အတည်ပြုပေးခဲ့သည်။ မကြာပါ အဲယားပုဂံ၏ နိုင်ငံတကာ ပြေးဆွဲမှုများ အောက်တိုဘာ ၂၀၀၇ တွင် ရပ်တန့်သွားတော့သည်။
ကျွန်တော် တစ်ခါက ဆရာအော်ပီကျယ်ကို နောက်မိသည်။ ဆရာဆွဲပေးတဲ့ အဲယားပုဂံဒီဇိုင်းက ကြာဖူးပုံဆိုတော့ အဲယားပုဂံလဲ မကြာဘူးဖြစ်သွားတယ်။ ထိုအချိန်တွင် သူစိတ်ဆိုးသွားသည်။ ကျွန်တော် ဘယ်တော့မှ စိတ်ယုတ်မာနဲ့ သူများလုပ်ငန်းပျက်စီးအောင် မလုပ်ခဲ့ဖူးဘူးဆိုပြီး စတင်ပေါက်ကွဲတော့သည်။ ကိုယ့်အလုပ်အတွက် ကိုယ်တာဝန်ယူပြီး အကောင်းဆုံး လုပ်ပေးခဲ့တာဟုပြောသည်။ ထိုအချိန်တွင် သဘောပေါက်လိုက်သည်။ ထွက်ပေါက်တစ်ခုရှာမှ ဖြစ်တော့မည်။ ဒါနဲ့ စံဇာဏီဘိုကို ခေါင်းစဉ်တည်လိုက်သည်။ "ဒါကတော့ ဆရာပီမှာ အပြစ်မရှိပါဘူး။ ပိုက်ဆံယူပြီး ပေါက်ကရ လျှောက်ပြောတဲ့ ဟိုဗေဒင်ဆရာရဲ့ အပြစ်ပဲ။ ခုလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မယ်ဆိုပြီး ပြောနေပြန်ပြီ။" ထိုအချိန်တွင် အော်ပီကျယ် ပိုပေါက်ကွဲတော့သည်။ "ခင်ဗျားက ဒေါ်စု သမ္မတ မဖြစ်နိုင်ဘူးလို့ ပြောလိုက်တာပေါ့။" အော်ပီကျယ် ကိုယ်တိုင်လည်း ဗေဒင်လက္ခဏာများကို ယုံကြည်သူမဟုတ်။ ဒါပေမယ့်  မတူညီသောကျွန်တော်တို့ ၂ ဦး၏ တူညီသောဆန္ဒမှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခေါ့င်းဆောင်တစ်ဦးအဖြစ် မြန်မာပြည်ကို ဦးဆောင်စေချင်သည်။ 
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့နဲ့  နိုင်ငံ့ခေါင်းဆောင်ဖြစ်ဖို့ အော်ပီကျယ်လို ပညာရှင်များ နှင့် ပြည်သူများ ဝိုင်းဝန်းရွေးချယ်သည်ကိုသာ တွေ့လိုသည်။ တတ်ယောင်ကား ဗေဒင်ဆရာများ ပေါများလွန်း၍ (သူတို့ကို ယုံကြည်လွန်း၍) မြန်မာပြည် အာရှမှာ (ကမ္ဘာမှာပါ) အဆင်းရဲဆုံး နိုင်ငံဖြစ်သွားသည်ကို မမေ့သင်ကြောင်း။
Thursday, 3 December 2015
လမ်း
လမ်း
လျှောက်လှမ်းချင်သူအတွက်
သမုဒ္ဒရာကြီးခြားပါစေ
မြင့်မိုရ်တောင်ကြီးကာထားပါစေ
မီးပင်လယ်ကြီး တားပါစေ
အာကာသအထိ
မရောက်ရောက်အောင်လှမ်း
ပန်းတိုင်အထိ။
၃.၁၂.၁၅
Sunday, 22 November 2015
တရားခံဘယ်သူလဲ (၂)
လေယာဉ်ကွင်းအပြင်ရောက်တဲ့အထိ ကိုယ့်လူမျိုးများ အနှိမ်ခံရတာကို တနုံ့ နုံ့ နဲ့ ဒေါသထွက်နေမိသည်။ အရင်ကလဲ အသိများစင်ကာပူလာလျှင် လေယာဉ်ကွင်းတွင် ဘယ်လိုအနှိမ်ခံရကြောင်း ပြောပြကြသည်။ စင်ကာပူကို ဈေးဝယ်လာတာလို့ပြောလို့ လ၀ကအရာရှိက မင်းတို့မြန်မာတွေ ဘယ်လောက်ချမ်းသာလို့ စင်ကာပူဈေးလာဝယ်မှာလဲ၊ မဖြစ်နိုင်ဘူးဆိုပြီး ပြန်လွှတ်ခံရသူမျိုးလဲရှိသည်။ စင်ကာပူလေယာဉ်ကွင်းတွင် သာမက ဘယ်သွားသွား ဘယ်နိုင်ငံရောက်ရောက် မြန်မာနိုင်ငံကူးလက်မှတ်ဆိုလျှင် အနှိမ်ခံကြရသည်။
အဓိက တရားခံ
ဤကဲ့သို့အနှိမ်ခံခဲ့ရခြင်း အဓိကတရားခံမှာ ဗိုလ်ချုပ်နေ၀င်းလက်ထက်မှစ၍ ခေတ်အဆက်ဆက် အုပ်ချုပ်လာခဲ့သော အာဏာရှင်များ၏ အတ္တကြောင့်ဖြစ်သည်။ ကိုယ့်လုံခြုံရေးနှင့် အာဏာသက်ရှည်ရေးအတွက် ပညာရေးကို စနစ်တကျဖျက်စီးခဲ့ကြသည်။ လူတိုင်းကို တစ်ဆင့်ပြီးတစ်ဆင့် အကြောက်တရားများ ရိုက်သွင်းပြီး လူညွန့်တုန်းစေခဲ့သည်။ ထို့ကြောင့် မြန်မာများ ဘယ်နိုင်ငံသွားသွား မျက်နှာငယ်ကြရသည်။ သာမန်မြန်မာများ မပြောနှင့် တိုင်းပြည်၏အကြီးအကဲ သမ္မကြီးဦးသိန်စိန်ကိုတောင် စင်ကာပူဝန်ကြီးချုပ်က တစ်ခါထဲတွေ့ခွင့်မပေးပဲ ထိုင်စောင့်ခိုင်းတဲ့အထိ အနှိမ်ခံခဲ့ရသည်။
မြန်မာများအတွက် တစ်ကမ္ဘာလုံးတွင် ဂုဏ်တက်ရသော တစ်ခုတည်းသောအချက်သည် နိုင်ငံတကာမှ လေးစားရသော လူ့အခွင့်အရေးနှင့်ဒီမိုကရေစီခေါင်းဆောင်တစ်ဦး ပေါ်ထွက်လာခြင်းဖြစ်သည်။ မြန်မာကိုမသိရင်သာနေမည် ဒေါ်အောင်ဆန်းစုကြည်ဆိုလျှင် မသိသူသည် ကမ္ဘာ့ ငတုံးလို့ ခေါ်ရလောက်အောင် ဗဟုသုတချို့တည့်သူဖြစ်ပေသည်။ ဒေါ်အောင်ဆန်းစုကြည် စင်ကာပူအလာတွင် စင်ကာပူဝန်ကြီးချုပ်ကိုယ်တိုင် အလွန်လေးစားကြည်ညိုစွာ လက်ခံတွေ့ဆုံခဲ့ရလေသည်။ ထိုကဲ့သို့ ကမ္ဘာကလေးစားရသော ခေါင်းဆောင်၏ ရှေ့ဆောင်မှုအောက်တွင် လူရာမ၀င်တဲ့ ကျွန်တော်တို့ ဘ၀တွေ မကြာခင်မှာ နိုင်ငံတကာမှာ ရင်ကော့ခေါင်းမော့နိုင်တော့မှာ ဖြစ်ကြောင်း။  
Tuesday, 17 November 2015
အရှုံး
- တစ်ဖက်က ဆိုက်ကားနင်းရင်း သူဌေးဖြစ်မယ်ပြောတယ်။ တစ်ဖက်က ဆိုက်ကားသမားတွေရဲ့ဘ၀တွေကို မြှင့်တင်ပေးလိုတယ်။
- တစ်ဖက်က ထမင်းတစ်နပ် လျှော့စားခိုင်းတယ်။ တစ်ဖက်က ထမင်းအငတ်ခံပြီး ပြည်သူ့အတွက် လုပ်ပေးခဲ့တယ်။
- တစ်ဖက်က Gas တွေ၊ ရေနံတွေ ရောင်းစားပြီး အမှောင်ထဲမှာ ဖယောင်းတိုင်နဲ့ နေခိုင်းတယ်။ တစ်ဖက်က အမှောင်ထဲမှာနေပြီး တိုင်းပြည် အလင်းရောင်ရအောင်လုပ်တယ်။
- တစ်ဖက်က ၁တန်း ၂တန်းအောင်ရင် ရပြီပြောတယ်။ တစ်ဖက်က ပညာရေးဟာ တိုင်းပြည်တိုးတက်ရေးအတွက် မရှိမဖြစ်အရေးပါတာကို နားလည်တယ်။
- တစ်ဖက်က ပါးရိုက်မယ်ပြောတယ်။ တစ်ဖက်က နွေးထွေးတဲ့ရင်ခွင်နဲ့ ကြိုတယ်။
- တစ်ဖက်က အာဏာကို မလွှတ်တမ်းဆုပ်ကိုင်ပြီး တစ်ခြားတစ်ဖက်ကို အာဏာရူးလို့ စွပ်စွဲတယ်။ တစ်ဖက်က အာဏာလိုချင်တာ ပြည်သူ့ဆီ ပြန်လွှဲပေးချင်လို့ပါလို့ ပြောတယ်။
- တစ်ဖက်က လယ်တွေသိမ်းတယ်။ ဆင်းရဲသားတွေကို အိမ်ပေါ်က အတင်းနှင်ချတယ်။ တစ်ဖက်က သူတို့တွေဆီ အရောက်သွားပြီး အားပေးခဲ့တယ်။
- တစ်ဖက်က ၅၀၀၀ ပေး ထမင်းကျွေးပြီးခေါ်တယ်။ တစ်ဖက်ကို လိုက်ချင်ရင် ကိုယ့်ထမင်းကိုယ်စားပြီး မခေါ်ဘဲ လာကြတယ်။
- တစ်ဖက်ကို လာမှာစိုးလို့ ကွင်းပိတ်ထားတယ်။ တစ်ဖက်က ပြန်မှာစိုးလို့ ကွင်းပိတ်ထားရတယ်။
- တစ်ဖက်ကပွဲပြီးတာ မပြန်လို့ အတင်းနှင်ရတယ်။ တစ်ဖက်က ပွဲမပြီးခင်မပြန်အောင် အတင်းခေါ်ရတယ်။
- တစ်ဖက်ကပြောင်းလဲနေပြီထင်တယ်။ တစ်ဖက်က တစ်ကယ်ပြောင်းလဲအောင် လုပ်နိုင်တယ်လို့ ယုံကြည်မှုတွေပေးတယ်။
- တစ်ဖက်က ဒါလုပ်ပေးမယ်ပြောတယ်။ တစ်ဖက်က ၀ိုင်းလုပ်ကြရအောင်လို့ ပြောတယ်။
- တစ်ဖက်က ရပိုင်ခွင့်လို့ ထင်တယ်။ တစ်ဖက်က တာဝန်လို့သတ်မှတ်တယ်။
(ကဲဘာများကွာလို့လဲ။)
Sunday, 25 October 2015
အပြောင်းအလဲ ရွေးကောက်ပွဲ
၂၀၁၅ မြန်မာနိုင်ငံ ရွေးကောက်ပွဲသည် အပြုသဘောဆောင်သည့် အပြောင်းအလဲ တော်တော်များများ ဖြစ်လာနိုင်ချေရှိနေသည်။ ရှိသည်ဟု အတပ်ပြောမရသော်လည်း ကောင်းသည့်ဘက်သို့ ပြောင်းလဲလာနိုင်ချေများကို ဥာဏ်မှီသလောက် သုံးသပ်ကြည့်မိရာ ...
ဒီမိုကရေစီ ဖော်ဆာင်ရခြင်း အကြောင်းအရင်း
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော စစ်အစိုးရအနေဖြင့် တိုင်းပြည်ကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နေနိုင်သော်လည်း ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံကို ဆွဲတင်ခဲ့ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှလွှတ်ကာ နိုင်ငံရေး အကျဉ်းသားများကိုပါ လွှတ်ပေးခြင်းဖြင့် ပြု ပြင်ပြောင်းလဲရေးများကို စတင်လုပ်ဆောင်ပြီး ကမ္ဘာကို အံ့အားသင့်စေခဲ့သည်။ 
ဘာကြောင့် ဒီမိုကရေစီကို မလိုအပ်ပဲ ပေးခဲ့သည်ဆိုသည့်အချက်သည် မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အလွန်အရေးပါသည်။ 
မြန်မာပြည်၏ အာဏာရှင်များသမိုင်းကိုကြည့်လျှင် ဘယ်အာဏာရှင်မှ ဇာတ်သိမ်း မလှခဲ့ပေ။ မြန်မာပြည်၏ အာဏာရှင်စနစ်ကို ထူထောင်ခဲ့သူ ဗိုလ်ချုပ်နေ၀င်းမှအစ ဗိုလ်ချုပ်စောမောင်၊ ဗိုလ်ချုပ်ခင်ညွန့်အဆုံး ဇာတ်သိမ်းများမှာ အတူတူပင်ဖြစ်သည်။ ကိုယ်တိုင်မွေးခဲ့သော တပည့်လက်သားများ လက်ချက်ဖြင့် ဒုက္ခရောက်ခဲ့ရသူများ ဖြစ်ကြသည်။ ထိုအချက်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကောင်းကောင်းသိနေခဲ့သည်။ အာဏာရှင်စနစ် သက်ဆိုးရှည်၍ နောက်အာဏာရှင်တစ်ဦး ပေါ်ပေါက်လာပါက သူ့ ဘ၀ဇာတ်သိမ်း နှင့်  မိသားစုရှေ့ ရေးမှာ အလွန်အန္တရာယ်ကြီးလေသည်။ အာဏာရှင်စနစ်ကို ပယ်ဖျက်ရန် အကောင်းဆုံးနည်းလမ်းသည် တိုင်းပြည်ကို ဒီမိုကရေစီပေးပစ်ရန်ဖြစ်သည်။ ထိုအချိန်တွင် နောင်တက်လာမည့် သူ့ကို အန္တရာယ်ကောင်းကောင်းပေးနိုင်မည့် စစ်ခေါင်းဆောင်တစ်ဦးဦးသည် အတိုက်အခံများကို (အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို) အရေးစိုက်နေရသဖြင့် သူနှင့်သူ့မိသားစုကို အာရုံစိုက်နိုင်တော့မည် မဟုတ်ပေ။ 
သို့ပါသော်လည်း အခြေအနေမဟန်၍ ဒီမိုကရေစီဘက်တော်သားများ အာဏာရသွားလျှင်လည်း ပို၍ အန္တရာယ်ကြီးနိုင်သည်။ ထို့ကြောင့် စစ်တပ်၊ ကြံ့ခိုင်ရေး နှင့် NLD တို့ကို ချိန်ခွင်လျှာ ညှိထားနိုင်မည့် စနစ်တစ်ခုကို အကောင်အထည်ဖော်ခဲ့သည်။ စစ်တပ်နှင့် ကြံ့ခိုင်ရေးတွင်လည်း သဘောထားပျော့ပျောင်းပြီး ရည်မှန်းချက်မကြီးမားသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်  ဦးသိန်းစိန်လိုသူများကို နေရာပေးခဲ့သည်။ 
ထိုအချက်ကို လူအများစုက သတိမပြုမိကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်မှ သဘောပေါက်လိုက်သဖြင့် ထိုအခြေအနေကို ကောင်းကောင်း အသုံးချရန် ကြံစည်ခဲ့ပုံရသည်။ 
ပြောင်းလဲသွားသော အတိုက်အခံတို့၏ နည်းဗျူဟာ
ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈ကျောင်းသားများ အချုပ်အနှောင်မှ ထွက်ထွက်လာခြင်း အရင်ကအဖြစ်အပျက်များအတွက် ကလဲ့စားချေမည်မဟုတ်ကြောင်း၊ မေ့ပျောက်လို့မရပေမဲ့ ခွင့်လွှတ်ကြောင်း "Will forgive but will not forget" ဆိုပြီး သဘောထားကို ကြေညာခဲ့သည်။ အတိုက်အခံများ နှစ်ပေါင်း ၂၀ ကျော်ကျင့်သုံးလာသော ထိပ်တိုက်ရင်ဆိုင်ရေး "confrontation" မှ နိုင်ငံအတွက် ပြန်လည်သင့်မြတ်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးဖြင့် "မတူတာတွေဖယ်ပြီး တူတာတွေဖြင့် ပူးပေါင်းဆောင်ရွက်ကြရအောင်" ဆိုသော ဆောင်ပုဒ်ဖြင့် နောင်တက်လာသော အာဏာရှင်များထက် ဒီမိုကရေစီ အင်အားစုများက အန္တရာယ်ပိုကင်းကြောင်း ပြသနိုင်ခဲ့သည်။ 
ထိုအချက်ကို အားဖြည့်ရန် NLD မှ ကိုယ်စားလှယ်လောင်းများ ကြေညာသည့်အချိန်တွင် သဘောထား တင်းမာလာနိုင်သည်ဟု ယူဆရသော ၈၈များနှင့် NLD ၀ါရင့်များကို ချန်လှပ်၍ လူငယ်ပညာတတ်များ၊ အောင်မြင်၍ အစိုးရနှင့်ကင်းရှင်းသော စီးပွားရေးလုပ်ငန်းရှင်များ၊ ဆရာဝန်များနှင့် တက္ကသိုလ်မှ ပါမောက္ခများကို ဦးစားပေး ရွေးချယ်ခဲ့သည်။ ထိုအကြောင်းကို နားလည်နိုင်စွမ်းမရှိသော NLD ပါတီဝင်များကို ပြတ်ပြတ်သားသား အရေးယူခဲ့ပြီး ၈၈များကိုလည်း စည်းရုံးထားနိုင်ခဲ့သည်။
ထိုနည်းဗျူဟာများသည် ပုံသေနည်းတစ်ရပ်အဖြစ် အတိုက်အခံများကို အသုံးချရန် ကြိုးစားခဲ့သော အာဏာရှင် အသိုင်းအ၀ိုင်းတွင် သိသာထင်ရှားသော အကွဲအပြဲတစ်ခု ဖြစ်ပေါ်လာတော့သည်။
ဒီမိုများ၏စည်းလုံးမှု နှင့် အာဏာရှင်များသင်းကွဲမှု
၂၀၁၀ ရွေးကောက်ပွဲအရ သမ္မတအဖြစ်ထိုက်ဆုံး ပုဂ္ဂိုလ်သည် သူရရွှေမန်းဖြစ်သည်။ သို့သော် သူရရွှေမန်း သမ္မတဖြစ်မလာပဲ သဘောထားပျော့ပျောင်းသူ ဦးသိန်းစိန် သမ္မတ ဖြစ်လာသောအခါ အားလုံးမှ အံ့အားသင့်သွားခဲ့သည်။ သူရရွှေမန်း သမ္မတဖြစ်မလာသော အဓိကအကြောင်းအရင်းသည် သူသည်အာဏာရှင်တစ်ဦးဖြစ်လာနိုင်ပြီး ရှေ့ မှ အာဏာရှင်များကို ကောင်းကောင်း ဒုက္ခပေးနိုင်သောကြောင့်ဖြစ်သည်။ သို့သော် စစ်တပ်၏ ကြီးစဉ်ငယ်လိုက် အစီအစဉ်အရ သူ့ကိုနေရာတော့ပေးထားရသည်။ 
၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း အရပ်သားအမည်ခံ အစိုးရအဖွဲ့တွင် သူရရွှေမန်းသည် သူ၏ရည်မှန်းချက်များကို အကောင်အထည်ဖော်ဖို့ ကြိုးစားတော့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတိအလင်းပူးပေါင်းပြီး သမ္မတဖြစ်ရေးကို ဦးတည်ကြိုးစားလာသည်။ လူအများကို အသိမပေးနိုင်သော ညှိနှိုင်းမှုများဖြင့် အပေးအယူလုပ်လာသည်ကိုတွေ့ရသည်။ 
ထိုအချက်သည် လက်ရှိအာဏာရှင်တို့နှင့် လက်ဟောင်း အာဏာရှင်တို့အတွက် အလွန်အန္တရာယ်များသောကိစ္စတစ်ခုဖြစ်သည်။ သမ္မတကြီးဦးသိန်းစိန်အနေနှင့် ခပ်ပေါ့ပေါ့ သဘောထားပြီး နေခဲ့သော်လည်း သူ့နောက်မှ ညွှန်ကြားသူများအတွက် ပေါ့သေးသေးကိစ္စတစ်ခုအနေဖြင့် ထားလို့မရတော့ပေ။ ဦးသိန်းစိန်က နေရာဖယ်ပေးရန်ပင် စီစဉ်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ခြင်းမပြုတော့ကြောင်းပင် ကြေညာခဲ့သည်။ သို့သော် ဖြစ်ပေါ်လာနိုင်သော အခြေနေများကို မူတည်၍ ပါတီတွင်း အာဏာသိမ်းကာ သူရရွှေမန်းနှင့် အဖွဲ့ကို ဖယ်ထုတ်လိုက်ပြီး ရွေးကောက်ပွဲ ၀င်ရောက်ခြင်းမရှိသော ဦးသိန်းစိန်ကို သမ္မတနေရာ ပြန်ထားရန် စီစဉ်ကြတော့သည်။ 
ထိုအဖြစ်အပျက်သည် မူလစီစဉ်ထားသလို စစ်တပ်၊ ကြံ့ခိုင်ရေး နှင့် NLD ကိုချိန်ခွင်လျှာညှိရန် အစီအစဉ်ကို ပြောင်းပြန်ဖြစ်စေပြီး NLD နှင့် အတိုက်အခံများကို အားသာချက်ပေးလိုက်သလိုရှိသည်။ ကြံ့ခိုင်ရေးအဖွဲ့  ၂ ဖွဲ့ ကွဲသွားသဖြင့် အတိုက်အခံ NLD ကိုယှဉ်ပြိုင်ရာတွင် အားပျော့ သွားသကဲသို့ စစ်တပ်အပေါ် သြဇာညောင်းမှုကိုလည်း ထိခိုက်စေခဲ့သည်။ 
သဘောထားပျော့ပျောင်းလာသော အစိုးရ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် သူ၏ရှေ့ ရေးလုံခြုံမှုအတွက် သဘောထားပျော့ပျောင်း၍ ရည်မှန်းချက်နည်းသော သူနှစ်ဦးကို ကာကွယ်ရေးဦးစီးချုပ်နေရာနှင့် သမ္မတနေရာကို ပေးထားခဲ့သည်။ သူတို့နှစ်ဦး၏ ပျော့ပျောင်းမှုသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအတွက် အန္တရာယ်ကင်းခဲ့သော်လည်း တစ်ချိန်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အတိုက်အခံအုပ်စုကို ထိရောက်စွာ ဟန့်တားနိုင်စွမ်း မရှိတော့ပေ။ တဖြည်းဖြည်းဖြင့် လက်ရှိအစိုးရနှင့် စစ်တပ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလို၊ ဗိုလ်ချုပ်ခင်ညွန့်လို၊ ဗိုလ်ချုပ်မောင်အေးလို၊ သူရရွှေမန်းလို ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်ပြိုင်ရန် ခေါင်းဆောင်များ မရှိတော့ဘဲ အတိုက်အခံအင်အားသည် အစိုးရနှင့်စစ်တပ်ထက် သာလွန်လာသည်ကိုတွေ့ရသည်။
နိုင်ငံတကာ၏ ထောက်ခံမှု
ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ်မှလွတ်လွတ်ချင်း နိုင်ငံတကာသို့ ခြေဆန့်ကာ သူမ၏ခေါင်းဆောင်မှုအရည်အသွေးကို ပြခဲ့ရုံမျှ သာမက နိုင်ငံတကာ၏ ထောက်ခံမှုကိုပါ ရယူနိုင်ခဲ့သည်။ စစ်အစိုးရနှင့် အမြဲပေါင်းဖက်ခဲ့သော တရုတ်နိုင်ငံသမ္မတကိုယ်တိုင် အထူးဖိတ်ကြားပြီး ညှိနှိုင်းစေ့စပ်ရသည့် အခြေအနေတစ်ရပ်ကို ဖေါ်ဆောင်နိုင်ခဲ့သည်။
ပြောင်းလဲလာသောနိုင်ငံရေး
၁၉၈၈ အရေးအခင်းသည် ဘာကိုမှန်းမသိခဲ့သော တော်လှန်ရေးတစ်ခုဖြစ်ခဲ့သည်။ ဦးနေ၀င်းကို တော်လှန်သည်လား၊ မဆလကို ဆန့်ကျင်သည်လား၊ စစ်တပ်ကိုတိုက်ခိုက်ခြင်းလား မကွဲပြားခဲ့ပေ။ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD အပြတ်အသတ်အနိုင်ရခဲ့သော်လည်း မရေရာသော ရည်မှန်းချက်ဖြင့် စစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်မိသည့်အတွက် စစ်တပ်၏တန်ပြန်ထိုးစစ်ကို အလူးအလဲခံခဲ့ရသည်။ ထိုအချိန်က NLD ၏ ရပ်တည်မှုမှာ စစ်ဖိနပ်အောက်မှ လွတ်မြောက်ရေးဖြစ်သည်။ ထိုရပ်တည်မှုသည် စစ်တပ်ကို ဘေးတစ်ဖက်သို့ ပို့ လိုက်ပြီး NLD သည် လုံးဝအင်အားချင်းမမျှသော လက်နက်ကိုင်အဖွဲ့ အစည်းကြီးတစ်ခုနှင့် ပြိုင်ဆိုင်ခဲ့မိလေသည်။ ထိုအချိန်က စစ်တပ်၏ဆောင်ပုဒ်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုဖြစ်ပြီး ထိုအချက်ကိုဆွဲကိုင်ကာ အတိုက်အခံအင်အားစုများကို အောင်မြင်စွာဖိနှိပ်ထားနိုင်ခဲ့သည်။
၂၀၁၅တွင် အတိုက်အခံများ၏ရပ်တည်ချက်သည် ပြောင်းလဲလာသည်။ စစ်တပ်ကို ထိပ်တိုက်ရင်မဆိုင်တော့ဘဲ အာဏာလက်ကိုင်ထားပြီး ကိုယ်ကျိုးရှာသောသူများကို ပြည်သူများအား ဖော်ထုတ်ပြသ၍ စနစ်တစ်ခု ဆန့်ကျင်ရေးကို ဖော်ဆောင်ပြနိုင်ခဲ့သည်။ ထိုအချိန်တွင် အစိုးရအနေနှင့် တန်ပြန်၍ အမျိုး၊ဘာသာ၊သာသနာကို စောင့်ထိန်းမည်ဟု ဘာသာရေးကို အကြောင်းပြပြီး စည်းရုံးဖို့ ကြိုးစားသော်လည်း အများမြင်သာခဲ့သည့် လယ်တီသိမ်ကိစ္စ၊ တရုတ်သစ်ခိုးထုတ်သူများကို ပြန်လွှတ်ပေးခဲ့ရမှု နှင့် ဘာသာရေး အစွန်းရောက်ဘုန်းကြီးများကို နိုင်ငံရေးအတွက် အသုံးချခဲ့မှုများကြောင့် ထင်သလောက် အောင်မြင်မှု မရရှိခဲ့ပေ။
ထောင်ချောက်အတွင်း မ၀င်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံများ
ဦးသိန်းစိန်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို ချောက်ချရန် အကြိမ်ကြိမ်ကြိုးစားခဲ့သည်။ လက်ပံတောင်းတောင်ကိစ္စတွင် ဒေါ်စုချောက်ချခံခဲ့ရသည်။ ထို့နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဦးသိန်းစိန်အစိုးရနှင့် ဆက်ဆံရာတွင် အတော်သတိထားဆက်ဆံလာခဲ့သည်။ ရခိုင်အရေးအခင်းတွင် ရိုဟင်ဂျာ ကိစ္စနှင့်ပတ်သက်၍ ဒေါ်စုအနေနှင့် နိုင်ငံတကာဖိအားကြောင့် လူနည်းစု မူစလင်များဘက်က ရပ်တည်လျှင်  တစ်နိုင်ငံလုံးမှ မြန်မာဗုဒ္ဓဘာသာများနှင့် ပြဿ     နာတတ်နိုင်သည်ဟုယူဆပြီး ကုလားဗမာ အရေးအခင်းကို ဖန်တီးခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံတကာ ဖိအားနှင့် ပြည်တွင်းမှ ထိလွယ်ရှလွယ်ကိစ္စများကို လိမ္မာပါးနပ်စွာ ကိုင်တွယ်နိုင်ခဲ့သည်။ ထို့နောက်ပိုင်းတွင် ဖြစ်ပွားလာသော ကျောင်းသား၊ အလုပ်သမား အရေးအခင်းများကို ခပ်ခွာခွာနေခဲ့ပြီး ပြည်သူတစ်ရပ်လုံးကို အဓိကနှင့် သာမညကိစ္စများ ကွဲပြားအောင် စည်းရုံးနိုင်ခဲ့သည်။
ပြောင်းလဲလာသောခေတ်
၁၉၈၈၊ ၁၉၉၀ နှင့် ၂၀၁၅ တွင် နည်းပညာများ လုံးဝကွာခြားသွားသည်။ ၁၉၈၈ တွင် ၈လေးလုံး အရေးတော်ပုံအတွက် BBC နှင့် VOA ကိုသာ အဓိက အားကိုးခဲ့ရသည်။ ထိုအချိန်က မြန်မာတစ်နိုင်ငံလုံး ဆက်သွယ်ရေးကို ချုပ်ကိုင်ထားသော အစိုးရသည် ဖြစ်ပေါ်နေသော အခြေနေအားလုံးကို သုံးသပ်ပြီး တုန့်ပြန်နိုင်စွမ်းရှိခဲ့သည်။ ၂၀၁၅ တွင် လူတိုင်းနီးပါး လက်ကိုင်ဖုန်းများဖြင့် လူမှုကွန်ယက်ကို အသုံးချပြီး အချိန်နဲ့ တပြေးညီ သတင်းအချက်အလက်များကို ဖလှယ်လာနိုင်ပြီဖြစ်သည်။ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းတွင် ဂျပန်လူမျိုးသတင်းထောက်သမားတစ်ယောက် သေနတ်နှင့် အပစ်ခံရပုံကို နာရီပိုင်းအတွင်း လူမှုကွန်ယက်မှတဆင့် တစ်ကမ္ဘာလုံး ပျံနှံ့သွားခဲ့သည်။ ထိုအရေးအခင်းပေါ်မူတည်ပြီး "Burma VJ" ခေါ်သော ကမ္ဘာကျော် သတင်းဇာတ်လမ်းတစ်ခုသည် နိုင်ငံတကာ အကယ်ဒမီ အရွေးခံရသည်အထိ ပေါ်ထွက်လာခဲ့သည်။
လူမှုကွန်ယက်များသည် စက္ကန့်ပိုင်းအတွင်း အဖြစ်အပျက်များကို တစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာလုံးရောက်အောင် စွမ်းဆောင်နိုင်စွမ်းရှိသဖြင့် အစိုးရအနေနှင့် ဖိနှိပ်ချင်တိုင်း ဖိနှိပ်၍မရနိုင်သော အခြေအနေတွင် ရှိနေသည်။
၂၀၁၅ အလွန်
၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ဖြစ်ပေါ်လာနိုင်သော အခြေအနေ နှစ်ခုသာရှိသည်။ NLD အနိုင်ရရှိပြီး စစ်တပ်နှင့်ပေါင်းကာ နိုင်ငံတော်ပြန်လည်ထူထောင်ရေးဖြစ်သည်။ ထိုအခြေအနေသည် အားလုံးလိုလား တောင့်တနေကြသော အခြေအနေတစ်ခုဖြစ်သည်။
ဒုတိယဖြစ်နိုင်ခြေမှာ မဲစာရင်းလိမ်ပြီး ကြံ့ခိုင်ရေးအစိုးရ ပြန်လည်အာဏာရလာခြင်းဖြစ်သည်။ ထိုအခြေအနေကို နိုင်ငံတကာနှင့် အတိုက်အခံများမှ ဆန့်ကျင်ပြီး အထွေထွေသပိတ်များ၊ နိုင်ငံတကာမှ ပိတ်ဆို့မှုများ တပတ်ပြန်လည်လာပြီး ၁၉၉၀ နှစ်လွန်ခေတ်များဆီသို့ ပြန်လည်ဦးတည်သွားမည်ဖြစ်သည်။ ထိုအခြေအနေကို စစ်တပ်၊ လက်ဟောင်း အာဏာရှင်အချို့ နှင့် ခရိုနီများမှ လိုလားမှု လုံးဝမရှိခြင်းသည် မြန်မာပြည်၏ အပြုသဘောဆောင်သော အပြောင်းအလဲကို ဦးတည်နေပြီဟု...
Friday, 11 September 2015
စင်ကာပူ အထွေထွေ ရွေးကောက်ပွဲ
၁။ ခေါင်းဆောင်မှု ယိုယွင်းသွားခြင်း
လီကွမ်ယုဟာ စင်ကာပူကို Lee Dynasty ခေါ်တဲ့ မိသားစုအင်ပါယာ တစ်ခုထူထောင်ဖို့ အာသီသရှိခဲ့ပုံရပါတယ်။ သူမသေခင်မှာ သူ့သားတစ်ဦးဦးဆီ အာဏာလွှဲပေးဖို့ စီစဉ်ခဲ့ပါတယ်။ ဒါကြောင့် ဂိုချောက်တောင်ကို ၀န်ကြီးချုပ်အဖြစ် ဟန်ပြပေးခဲ့ပြီး သူ့ရဲ့သား လီရှန်လုံးကို ၀န်ကြီးချုပ်အဖြစ် ပြန်ပြီးလွှဲပြောင်း ခန့်အပ်စေပါတယ်။ လီရှန်လုံးဟာ လီကွမ်ယုနဲ့ အလွန်ကွာခြားပါတယ်။ လီကွမ်ယုဟာ တစ်ကယ့်ခေါင်းဆောင်ကောင်းတစ်ယောက်ပါ။ အာဏာရှင်တစ်ယောက်လဲဖြစ်ပါတယ်။ သူ့သက်တမ်းတစ်လျှောက်မှာ အတိုက်အခံတွေ သူ့ကိုပုန်ကန်မယ့်သူတွေကို ခေါင်းမထောင်နိုင်အောင် အပြတ်ရှင်းပြစ်ခဲ့တဲ့သူပါ။ ဒါကြောင့် PAP ဟာနှစ်ပေါင်း၄၅ နှစ်တိုင်တိုင် အားကောင်းတဲ့ အတိုက်အခံတွေကို ရင်မဆိုင်ခဲ့ရပါဘူး။ လီရှန်လုံးလက်ထက်မှာ သူ့ရဲ့ပျော့ ညံ့တဲ့ အုပ်ချုပ်မှုကြောင့် အတိုက်အခံတွေ ပိုပြီးအတင့်ရဲလာခဲ့ပါတယ်။ အရင်ရွေးကောက်ပွဲမှာ မထင်မှတ်ဘဲ စုပေါင်းမဲဆန္ဒနယ် (ထိုမဲဆန္ဒနယ်တွင် လူမျိုးစု လေးမျိုးပါဝင်ပြီး အမတ်၅ယောက် စုပေါင်းရွေးချယ်ရသည်) တစ်ခု အတိုက်အခံ "အလုပ်သမားပါတီ" Workers' Party ကအနိုင်ရရှိခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဂျော့ ယို ပြုတ်သွားခဲ့ဖူးတယ်။ လီရှန်လုံးအနေနဲ့ အတိုက်အခံ အင်အားကြီးမားလာတာကို မဟန့်တားနိုင်ခဲ့တာဟာ PAP ရှုံးနိမ့်ဖို့ အဓိက အကြောင်းအရင်းတစ်ခုဖြစ်တယ်။
၂။ အားကြီးလာသော အတိုက်အခံ အလုပ်သမားပါတီ "Workers' Party"
အလုပ်သမားပါတီရဲ့ ခေါင်းဆောင် လိုတိုက်ခန်ဟာ ၁၉၉၁ ခုနှစ်ထဲက ဟောင်ကန်း မဲဆန္ဒနယ်ကနေ အရွေးကောက်ခံခဲ့ရပြီး ဝါအရင့်ဆုံး အတိုက်အခံခေါင်းဆောင်အဖြစ် ရပ်တည်လာတဲ့သူပါ။ လီကွမ်ယုလက်ထက်မှာ အတိုက်အခံ အနိုင်ရတဲ့ ရပ်ကွက်တွေကို အစိုးရရဲ့ အထောက်အပံ့လုံးဝမပေးဘဲ လမ်းပန်းဆက်သွယ်ရေး ခက်ခဲအောင်လုပ်ထားပါတယ်။ အဲ့ဒါကြောင့် အဲ့ဒီရပ်ကွက်တွေက အိမ်ဈေးတွေဟာ တစ်ခြားPAP ရပ်ကွက်တွေနဲ့ နှိုင်းယှဉ်ရင် ဈေးကျဆင်းနေတတ်ပါတယ်။ PAP အစိုးရရဲ့ အဓိကမဲဆွယ်မှုက အဲ့ဒီ့ဒေသ တိုးတက်ချင်ရင် PAP ကို မဲပေးပါဆိုပြီးဆွယ်ပါတယ်။ ကျန်တဲ့ရပ်ကွက်တွေကိုလည်း အတိုက်အခံကို မဲပေးရင် အဲ့ဒီ့ရပ်ကွက်တွေလို ဖြစ်သွားမယ်ဆိုပြီး ခြောက်လှန့်ထားပါတယ်။ ပြီးရင် အတိုက်အခံပါတီဝင်တဲ့သူတွေကို နည်းပေါင်းစုံနဲ့ ဖိနှိပ်ပါတယ်။ အလုပ်ပြုတ်အောင်၊ ထောင်ကျအောင်၊ မွဲသွားအောင်၊ စီးပွားရေးလုပ်မရအောင် နည်းပေါင်းစုံနဲ့ ဒုက္ခပေးပါတယ်။  ဒီအမြင်တွေဟာ လွန်ခဲ့တဲ့ ၅ နှစ် ရွေးကောက်ပွဲအပြီးမှာ ပြောင်းလဲသွားပါတယ်။ Workers' Party ဟာ စင်ကာပူသမိုင်းမှာ ဘယ်အတိုက်အခံမှ အနိုင်မရဖူးတဲ့ စုပေါင်းမဲဆန္ဒနယ်ကို နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ PAP ကို အယ်လ်ဂျူးနစ်ရပ်ကွက်မှာ မဲအပြတ်အသတ်နဲ့ နိုင်လိုက်ပါတယ်။ အတိုက်အခံများ လွှတ်တော်ထဲ များများရောက်လာတဲ့အချိန်မှာ အစိုးရက လုပ်ချင်ရာ မလုပ်နိုင်တော့ဘဲ ပြည်သူအကြိုက် လိုက်လျောမှုတွေ ပိုလုပ်လာရပါတယ်။ ပြည်သူတွေကလည်း ဒီအချက်ကို သဘောပေါက်လာကြပြီး အတိုက်အခံ Workers' Party ကို ပိုမိုထောက်ခံလာပါတယ်။ ဒါကြောင့် မဲဆွယ်စည်းရုံးပွဲတွေမှာ လူပေါင်း သောင်းနဲ့ချီပြီး Workers' Party ကိုလာအားပေးကြပြီး လက်ရှိအစိုးရရဲ့ မဲဆွယ်ပွဲတွေမှာ အကြိုအပို့စီစဉ်ပြီး လက်ဆောင်ပေးတာတောင် ထောင်ဂဏန်းလောက်သာ လာတာကို တွေ့ရပါတယ်။
၃။ လက်ရှိအစိုးရရဲ့ လူမကြိုက်တဲ့ မူဝါဒများ
လက်ရှိ PAP အစိုးရဟာ စင်ကာပူကို နိုင်ငံတစ်ခုလို မအုပ်ချုပ်ပဲ ကုမ္ဗဏီတစ်ခုလို အုပ်ချုပ်ထားခဲ့ပါတယ်။ ၀န်ကြီးချုပ်ဟာ CEO ဖြစ်ပြီး လီကွမ်ယုမိသားစုဟာ ရှယ်ယာပိုင်ရှင်တွေဖြစ်ပြီး ၀န်ကြီးတွေဟာ ဒါရိုက်တာအဖွဲ့ဝင်တွေဖြစ်ပါတယ်။ ပြည်သူတွေကိုတော့ ၀န်ထမ်းနဲ့ အလုပ်သမားတွေလို့ သတ်မှတ်ထားတယ်။ ဒါကြောင့် CEO နဲ့  ဒါရိုက်တာအဖွဲ့ဝင်တွေက လစာတွေ ဒေါ်လာသန်းနဲ့ချီပြီးယူနေချိန်မှာ ပြည်သူတွေက ရတဲ့လစာနဲ့ အနိုင်နိုင်ဖြစ်လာပါတယ်။ ဒီအချိန်မှာ အတိုက်အခံတွေက အစိုးရသည် ပြည်သူပေးတဲ့ပိုက်ဆံနဲ့ ရပ်တည်နေရသဖြင့် ပြည်သူတွေသည်သာ အလုပ်ရှင်ဖြစ်ပြီး အစိုးရသည် အလုပ်သမားဖြစ်သည်ဆိုသည့် အတွေးကို ချပြနိုင်ခဲ့သည်။ 
၎။ သတင်းအချက်အလက် ပြန့်ပွားမှု
လွန်ခဲ့သည့် ၁၀ နှစ်ကျော်အထိ ဝါဒဖြန့်ချီရေးကို သတင်းစာက အဓိက ဆောင်ရွက်ပေးသည်။ စင်ကာပူ၏ ပုံနှိပ်ထုတ်ဝေမှုကို လက်ရှိအစိုးရမှ ချုပ်ကိုင်ထားပြီး PAP ပြောချင်သည်များကို သတင်းစာများမှ ဦးစားပေး ဖေါ်ပြပြီး အတိုက်အခံများ၏ မကောင်းကွက်များကိုသာ ပြည်သူများဖတ်ခဲ့ရသည်။ ဒီဘက်ခေတ်တွင် လူမှုကွန်ယက်များ ပေါ်ပေါက်လာပြီး လူတိုင်းကိုယ့်အမြင်ကို လွတ်လွတ်လပ်လပ် ဖေါ်ပြနိုင်ခဲ့ချိန်တွင် သတင်းစာများ၏ အရေးပါပုံ ပြောင်းလဲသွားသည်။ အတိုက်အခံများမှ သတင်းစာကို အားကိုးရန် မလိုတော့ဘဲ လူမှုကွန်ယက်များမှ ထိထိရောက်ရောက် စည်းရုံးမှုများ လုပ်လာနိုင်ကြသည်။
၅။ မျိုးဆက်သစ်များ၏မဲများ
စင်ကာပူတွင် အသက် ၂၁နှစ်ပြည့်ပြီးလျှင် စတင်ပြီး မဲပေးလို့ရပြီဖြစ်သည်။ လူငယ်များသည် နိုင်ငံတကာ အတွေ့အကြုံများရှိလာပြီး ပညာပိုတတ်လာကြရာတွင် နိုင်ငံတကာအစိုးရများနှင့် သူတို့အစိုးရကို နှိုင်းယှဉ်လာကြသည်။ နှိုင်းယှဉ်ရာတွင် မြန်မာပြည်လို နိုင်ငံမျိုးနှင့် မနှိုင်းယှဉ်ဘဲ သူတို့အထင်ကြီးသည့် ဥရောပ၊ အမေရိကန်နှင့် ကနေဒါလို နိုင်ငံမျိုးများနှင့် နှိုင်းယှဉ်ပြီး လက်ရှိအစိုးရကို အများစုက ကျေနပ်မှုမရှိပေ။
၆။ အရင်ရွေးကောက်ပွဲမှာ တကယ်ရခဲ့တဲ့မဲ
၂၀၁၁ ရွေးကောက်ပွဲတွင် PAP ရခဲ့သည့် မဲစုစုပေါင်းသည် ၆၀ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး အမတ်အရေအတွက် အနေဖြင့် ၉၀ရာနှုန်းခန့် ရရှိခဲ့သည်။ မဲပေးသည့်အချိုးအစားကို စနစ်တကျ လက်ရှိအစိုးရ အားသာမှုရအောင် စီစဉ်နိုင်ခဲ့၍ ၆၀ရာခိုင်နှုန်းမဲဖြင့် အမတ်နေရာ ၉၀ ရာခိုင်နှုန်း ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုရွေးကောက်ပွဲတွင် မဲပေးရာဒေသများကို မဲပေးမှု ပုံစံများပေါ်မူတည်၍ ပြန်ပြီးရေးဆွဲခဲ့သည်။ ဒါပေမယ့် PAP အနေဖြင့် မဲအားလုံး၏ ၅၀ ရာခိုင်နှုန်းအောက် ရောက်ခဲ့လျှင် မဲဆန္ဒနယ် တော်တော်များများ ရှုံးနိမ့်သွားမည်ဖြစ်သည်။ 
PAP ရှုံးခဲ့လျှင် နောက်တက်လာမည့်အစိုးရသည် စီးပွားရေးထက် အမျိုးသားရေးကို ပိုဦးစားပေးမည်ဖြစ်သည်။ ထိုအချိန်တွင် စင်ကာပူရှိ နိုင်ငံခြားသားများအတွက် စင်ကာပူတွင်နေထိုင်ဖို့ အခက်အခဲဖြစ်လာနိုင်သည်။ ထို့ကြောင့် ပြည်တော်ပြန်ရန် မြန်မာပြည်တွင် လူထုလိုလားသော အစိုးရတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် နိုဝင်ဘာလတွင် အားလုံး မဲပြန်ပေးကြပါလို့။
Thursday, 20 August 2015
ရင်တွင်းစစ်
နှလုံးသား နဲ့ ဦးနှောက်
မတူညီတဲ့ ကတောက်ကစ
ရင်ခွင်ကို ဘလောင်ဆူပစ်တော့
အတွင်းဒါဏ်ရာ ဘယ်လပွနဲ့
အချစ်ရဲ့ဒုက္ခ။
Friday, 10 July 2015
အကောင်းဆုံး ပြိုင်ဖက်
ထို့နောက်ပိုင်းတွင် မဟာဗျူဟာကို ပြောင်းလိုက်သည်။ ၀န်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင်ပေး၍ ဈေးနှုန်းများကို ပိုမိုကောက်ခံသည်။ တကယ့်စီးပွားရေးသမားစစ်စစ်များသည် ၀န်ဆောင်ခထက် ၀န်ဆောက်မှုကို ပိုကြည့်ကြသည်။ ဤသို့ ဖြင့် မြန်မာပြည်ရှိ အကြီးဆုံးကုမ္ပဏီတော်တော်များများကို ၀န်ဆောင်မှုများ ပေးနိုင်လာသည်။ နိုင်ငံတကာ ဘဏ်များနှင့်ပါ ပူးပေါင်းနိုင်ခဲ့ပြီး မည်သူမှမပေးနိုင်သော ၀န်ဆောင်မှုများကို မြန်မာကုမ္ပဏီများသို့ ပေးနိုင်ခဲ့ပြီး နိုင်ငံတကာမှ ကုမ္ပဏီကြီးများကိုပင် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံရန် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ 
တကယ်တမ်း ကိုယ့်ရဲ့ပြိုင်ဖက်သည် ကိုယ်ကိုတိုင်ဖြစ်သည်။ အားကစားသမားများသည် သူများကို ယှဉ်ပြိုင်အနိုင်ယူဖို့ ထက် ကိုယ့်စံချိန်ကို ကိုယ်ကိုတိုင် ဖြတ်ကျော်နိုင်အောင် ကြိုးစားကြသည်။ ဤသို့ဖြင့် ကိုယ့်စံချိန် ကိုချိုးပြီး ”ပထမဆုများ” ရယူနိုင်ကြခြင်းဖြစ်သည်။ 
Steve Jobs ဒုတိယအကြိမ် Apple ကိုပြန်ရောက်လာသောအခါ သူ့ ကုမ္ပဏီသည် ပျက်လုပျက်ခင် အခြေအနေဖြင့် ကြုံတွေ့နေရပြီဖြစ်သည်။ Apple Computers များသည် PC နောက်သို့ရောက်နေပြီး ဘယ်လိုနည်းနှင့်မှ အမှီလိုက်ဖို့ မလွယ်တော့ပေ။ Steve Jobs ၏မဟာဗျူဟာသည် PC Market ကို အမှီလိုက်ဖို့ မကြိုးစားတော့ဘဲ Apple ၏ ရှိသမျှပစ္စည်းအသစ်များကို ကောင်းသထက်ကောင်းအောက် ထုတ်လုပ်ရင်း ကမ္ဘာတွင် တန်ဖိုးအကြီးဆုံး ကုမ္ပဏီတစ်ခုအဖြစ် ယခုရပ်တည်နေနိုင်ခဲ့သည်။ 
စီးပွားရေးလုပ်ငန်း တော်တော်များများ၏ အဓိကအမှားမှာ သူများလုပ်သည်ကို လိုက်၍ပြိုင်ဆိုင်ခြင်းဖြစ်သည်။ တကယ်တမ်း ပြိုင်ဆိုင်သင့်သည်မှာ ကိုယ်ကိုတိုင်ပင်ဖြစ်သည်။ ကိုယ်ရဲ့ပစ္စည်း နှင့် ၀န်ဆောင်မှုများကို တစ်ခုထက်တစ်ခု တစ်ခါထက်တစ်ခါ ပိုပိုကောင်းလာအောင် ယှဉ်ပြိုင်ခြင်းဖြင့်သာ အောင်မြင်တိုးတက်လာသော လုပ်ငန်းတစ်ခု အဖြစ်သို့ ။ 
Sunday, 28 June 2015
နိုင်ငံတကာခွေး နဲ့ မြန်မာပြည်က ခွေးဝဲစား
နိုင်ငံတကာမှာ
ခွေးဆိုတာ
ချစ်စရာ အိမ်မွေး
ကောင်းကောင်းကျွေး၍
လူနဲ့အတူထား 
အတူစားပြီး
ထိပါးလာသူ
မည်သူမဆို
အိမ်ရိပ်တောင်ပေးမနင်း
ဒါ Alsatian။
မြန်မာပြည်မှာ
လမ်းကြိုလမ်းကြား
တွေ့ရာနေ တွေ့ရာစား
မြင်သူကို ရန်ပြုမယ့်
ဒါခွေးဝဲစား။
Sunday, 21 June 2015
မိသားစု
မိသားစုဆိုတာ
အေးရင်​အတူ
ပူရင်​မျှတ
အတူတကွ
လောကမှာ ခရီးနှင်
ဘယ်​​သောင်​ပြင်​ ဘယ်​ကမ်း
ဘယ်​လမ်းဘဲ ​ရောက်​​ရောက်​။
(၂၁ ဇွန်လ ၂၀၁၅)
ဒီနေ့ဟာ အဖေများနေ့လို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ရှိပြီးသား ကိုယ့်ရဲ့ အဖေကို သတိတရ ရှိနေဖို့လိုသလို ယောက်ျးလေးတိုင်းဟာ အဖေတစ်ယောက်တော့ မလွဲမသွေ တစ်နေ့ ဖြစ်လာကြမှာဖြစ်ပြီး မိသားစု အတွက် မားမားမတ်မတ် ရပ်တည်နိုင်တဲ့ အဖေများဖြစ်ကြပါစေလို့။
Saturday, 20 June 2015
တရားခံ ဘယ်​သူလဲ (၁)
မြန်​မာနိုင်ငံ​မှ (ရင်​၀ကို စီးကန်​ရန်​) လှိုက်လှဲစွာ ကြိုဆိုပါ၏။
နိုင်​ငံခြား ပထမဆုံး ခရီးအဖြစ်​ စင်​ကာပူကို ၁၉၉၇ တွင်​ ​ရောက်ရှိခဲ့ပြီး ၂နှစ်​အကြာတွင်​ ပထမဦးဆုံးအကြိမ်​အဖြစ်​ မြန်​မာပြည်​ကို ၁၉၉၉ တွင် ပြန်​​ရောက်​ဖြစ်​သည်​။ ​လေယာဉ်​​ပေါ်မှအဆင်း ပထမဦးဆုံး စတင်​​တွေ့မြင်​လိုက်​ရတာက​တော့ "မြန်​မာနိုင်​ငံမှ လှိုက်​လှဲစွာ ကြိုဆိုပါ၏" ဆို​သော ဆိုင်းပုဒ်​တစ်​ခုဖြစ်​သည်​။ ​နောက်​မှ သိလိုက်​ရသည်​မှာ "လှိုက်​လှဲစွာ" ဆိုသည့် တခြားအဓိပ္ပါယ်​တစ်​ခုမှာ "ရင်​၀ကို စီးကန်​ရန်​" ဟု ဆိုလိုခြင်းဖြစ်​​ကြာင်း။
၁၉၉၉ တွင်​ ရန်​ကုန်​ နိုင်​ငံတကာလေဆိပ်​သည်​ ဘုန်းကြီး​ကျောင်းပုံ ထိုးထိုး​ထောင်​​ထောင်​​တွေနှင့်​ ယခုလက်​ရှိ ပြည်​တွင်း​လေဆိပ်​ အသုံးပြုရာ​နေရာတွင်​ ရှိသည်​။ နိုင်​ငံရပ်​ခြားတွင်​ ​နေထိုင်​သူများ မြန်​မာပြည်​ပြန်​လျှင်​ သက်​ဆိုင်​ရာနိုင်​ငံသံရုံးတွင်​ အခွန်​ကင်းလွတ်​​ကြောင်း သို့မဟုတ်​ အလုပ်​မလုပ်​​ကြောင်း ​ထောက်​ခံစာ ယူလာခဲ့ဖို့လိုသည်​။ ထိုအချိန်​က ​နိင်ငံခြားမှအပြန် ​​​လေဆိပ်​သို့ဝင်​ခြင်းသည်​ တကယ့်​ စွန့်​စာခန်းတစ်​ခုဖြစ်​သည်​။ immigration မှ အစ custom မကျန်​ အထမ်းသမားကအဆုံး ၀ိုင်းရစ်​ကြ ဖြဲ​ခြောက်​ကြ နှင့်​ နည်းမျိုးစုံ ဒုက္ခ ​ပေးကြသည်​။ များများ ဒုက္ခပေး​လေ များများ​ခြောက်​​လေ နိုင်​ငံခြားပြန်​များဆီမှ မျိုးမျိုးမြတ်​မြတ်​ရ​လေဖြစ်သည်​​။
အဲ့ဒီအချိန်​က ​ကျောင်းတက်​​နေဆဲ ဖြစ်​သည့်​အတွက်​ စင်​ကာပူရှိ မြန်​မာသံရုံးမှ အလုပ်​မလုပ်​​ကြောင်း ​ထောက်​ခံစာတစ်​​စောင်​ ယူလာခဲ့သည်​။ စင်​ကာပူ​လေယာဉ်​ကွင်းမှ ​အ​ဖေ စီးကရက်​သောက်​တတ်​သဖြင့်​ ငါးသုံးလုံး စီးကရက်​နှစ်​​တောင့်​ နှင့်​ Chivas အရက်​တစ်​လုံး ၀ယ်​လာခဲ့သည်​။
လေယာဉ်​တစ်​စီးလုံးအတွက်​ immigration ​ကောင်​တာ ၂ ခုခန့်​သာရှိပြီး ​တော်​​တော်​ တန်းစီ​စောင့်​ လိုက်​ရသည်​။ ​ကောင်​တာ​ရောက်​သောအခါ နိုင်​ငံကူးလက်​မှတ်​ နှင့်​ သံရုံးမှ အလုပ်​မလုပ်​​ကြောင်း ​ထောက်​ခံချက်​ ထုတ်ပေးလိုက်​သည်​။ ​ကောင်​တာမှာ ထိုင်​​သော လ၀က၀န်​ထမ်းက​နေပြီး ခွင့်ပြန်​လာလျင် ဖြည့်​သည့်​ စာရွက်​​ပေးရန်​​တောင်းသည်​။ ဘာစာရွက်​လဲ ​မေး​သောအခါ သူ့စားပွဲ​အောက်​တွင်​ ၀ှက်​ထား​သော အညို​ရောင်​ စာရွက်​တစ်​​စောင်ပေးပြီး ညီ​လေး ဟိုဘက်​မှာ သွားဖြည့်​ စီးကရက်​ ပါတယ်​ မဟုတ်​လား ​ပေးခဲ့ဆိုပြီး ခပ်​တင်းတင်း ​တောင်းသည်​။ သူ့ပုံစံက မ​ပေးရင်​ မြန်​မာပြည်​ထဲ ​ပေးဝင်​မည့်​ပုံ မ​ပေါ်သဖြင့်​ ပါလာသည့်​ စီးကရက်​တစ်​​တောင့်​ ထုတ်​ပေးခဲ့ရသည်​။ ​နောက်​တွင်​ ကပ်​ပါလာ​သော မိသားစုတွင်​ နို့စို့ အရွယ်​ က​လေးတစ်​​ယောက်​ပါသည်​။ က​လေးအ​ဖေသည်​ စင်​ကာပူတွင်​ အလုပ်​လုပ်​ပုံ ရသည်​။ မိန်းမအတွက် စင်ကာပူရှိ မြန်​မာသံရုံးမှ  အလုပ်​ မလုပ်​​ကြောင်း ​ထောက်​ခံချက်​ ပါလာပြီး ၁ နှစ်​အရွယ်​က​လေးအတွက်​ အလုပ်​မလုပ်​​ကြောင်း ​ထောက်​ခံချက်​ ပါမလာလို့ဆိုပြီး ရစ်​သည်​။ ထိုလူက ​ဒေါသထွက်​ထွက်​ဖြင့်​ ဒီ​မွေးကာစက​လေးက အလုပ်​လုပ်​မလား ဟုပြန်​​ပြောသည်​။ လ၀က၀န်​ထမ်းက တာဝန်​အရ စာရွက်စာတမ်း ပြည့်​စုံမှ ​ပေးဝင်​နိုင်​မည်​ဆိုပြီး ဆက်​ရစ်​သည်​။ ​နောက်​ဆုံး စီးကရက်​တစ်​​တောင့်ဖြင့် ဈေးတည့်​သွားသည်​။
အ​ကောက်​ခွန်​က အထွက်​တွင်​ တခြား​လေဆိပ်​များလို တွန်းလှည်းများ မရှိ​ပေ။ ပါလာ​သော အိတ်​၂ လုံးကို အသင့်​​စောင့်​​နေ​သော အထမ်းသမားများက အတင်းဝင်​ဆွဲ​တော့သည်​။ ​လေယာဉ်​ကွင်းအပြင်အ​ရောက်​တွင်​ အိတ်​များကိုချပြီး ဓားပြတိုက်​သလို ပိုက်​ဆံအတင်း​တောင်း​သည်​။ အ​မေက တစ်​​ထောင်​တန်​ တစ်​ရွက်​ထင်​သည်​ ​ပေးလိုက်​သည်​ မရ။ လူနှစ်​​ယောက်​ သယ်​လာခြင်းဖြစ်​၍ နှစ်​​​ယောက်​စာ ​ပေးရမည်​ ဆိုပြီး အတင်း​တောင်း သွားသည်​။
လေယာဉ်​ကွင်းမှ အထွက်​ ပြည်​လမ်းထောင့်​တွင်​ "မြန်​မာနိုင်​ငံမှ လှိုက်​လှဲစွာ ကြိုဆိုပါ၏။" ဆိုသည့်​ ဆိုင်းပုဒ်​တစ်​ခုကို ထပ်​ပြီး ​တွေ့လိုက်​ရသည်​။ စိတ်​ထဲမှာ​တော့ ရင်​၀ကို စီးကြို ပြီး အကန်​ခံလိုက်​ရသလို ခံစားလိုက်​ရသည်​။
ထိုအချိန်​က ဤကဲ့သို့ ပြု မူခဲ့​သော ​လေဆိပ်​၀န်​ထမ်းများကို အင်​မတန်​မုန်းတီးမိသည်​။ သ​င်္ဘောသားမဟုတ်​ နိုင်​ငံခြားတွင်​ အလုပ်​လုပ်​​နေသူမဟုတ်​ဘဲ ​၀င်​​ငွေလုံးဝမရှိ​သော ​ကျောင်းသားတစ်​​ယောက်​ဆီမှ မိဘ အတွက်​ ရှိစုမဲ့စုထဲမှ ၀ယ်​လာ​သောပစ္စည်းများကို ယူရက်​​လေခြင်းဟု။
နောက်ပိုင်း မြန်မာပြည်ကို မကြာခဏ ပြန်ရောက်ဖြစ်ရာ တဖြည်းဖြည်း အခြေအနေ တိုးတက်လာသော်လည်း ရစ်လို့ရမည့်သူဆို ရစ်မြဲညစ်မြဲ ဖြစ်သည်။ အထူးသဖြင့် သဘောင်္သားများကို ပိုမိုရစ်သည်ကို တွေ့ရသည်။ ထို့အတွက်လားမသိ သဘောင်္သားများကို immigration တွင် သီးသန့် တန်းဆီခိုင်းသည်။
အပေါ်ယံကြည့်လျှင်တော့ ဒီလိုမတရား အနိုင်ကျင့်သော ၀န်ထမ်းများသည် လွန်စွာမှ စက်ဆုပ်ရွံရှာဖွယ်ရာပင်။ ဒါပေမယ့် သေသေချာချာ စမ်းစစ်ကြည့်သောအခါ သူတို့သည်ပင် စနစ်ထဲမှ သားကောင်များပင် ဖြစ်ကြပြီး တရားခံအစစ်သည် ...
တရားခံဘယ်သူလဲ
အဓိက တရားခံမှာ လဘ်ပေးလဘ်ယူကို ရာဇ၀တ်မှုဟု မသတ်မှတ်ပဲ ရပိုင်ခွင့်အဖြစ် သတ်မှတ်ပေးခဲ့သော အစိုးရတစ်ဖွဲ့ လုံး၏ တာဝန်ဖြစ်သည်။ ၀န်ထမ်းလျှောက်ထားသူများ အားလုံးနီးပါးက ဘာတာဝန်ထမ်းဆောင်ပြီး တိုင်းပြည်ကို ဘယ်လို အကျိုးပြုရမည်ဆိုသည်ထက် ဘယ်လောက် ဂွင်ကောင်းသည် ဆိုသည်ကို အဓိကထားပြီး အလုပ်လျှောက်ကြသည်။
လေယာဉ်ကွင်းတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များသည် ၀န်ထမ်းများတွင် တာဝန်ရှိသကဲ့သို့ ခရီးသည်များတွင်လဲ တာဝန်ရှိသည်။ ခရီးသည်များတွင် ကြောက်၍ပေးသော အုပ်စုနှင့် လောဘဖြင့်ပေးသော အုပ်စုဆိုပြီး နှစ်မျိုးခွဲနိုင်သည်။
မြန်မာလူမျိုးများသည် မွေးကထဲက အကြောက်တရားဖြင့် ကြီးပြင်းလာရသဖြင့် ထိုအကြောက်တရားကို ပယ်ဖျောက်ပေးနိုင်သော ပညာရေးနှင့် ပတ်ဝန်းကျင်တစ်ခု မရှိသ၍ အာဏာပိုင်သူများ အနိုင်ကျင့်သမျှ  ခံနေရဦးမည် ဖြစ်သည်။
နောက်အဆိုးဆုံးအုပ်စုသည် တရားမ၀င်ပစ္စည်းများကို ၀န်ထမ်းများဖြင့်ညှိပြီး အကောက်ခွန် မပေးရအောင် သယ်ယူနေသော လောဘသားများဖြစ်ကြသည်။
အားလုံးပေါင်းစပ်မိသောအခါ
အမိမြန်မာမြေကို နိုင်ငံရပ်ခြားမှ ပြန်လာသူအားလုံးနီးပါး
ရင်ဝကို စီးကန်ခြင်း ခံခဲ့ရဖူးသည်။
Friday, 19 June 2015
တရားခံ ဘယ်​သူလဲ
အလုပ်​ကိစ္စ ဖြင့်​ မြန်​မာပြည်​ကို တစ်​လ အနည်းဆုံး တစ်​​ခေါက်​​တော့ ပြန်​​ရောက်​ဖြစ်​သည်​။ ပြန်​လာတိုင်း မြန်​မာ​မြေ​ပေါ် ​ခြေချလိုက်​ပြီး immigration ​ကောင်​တာ ကို စဖြတ်​ချိန်​မှ စတင်​ပြီး စိတ်​ မချမ်းသာစရာများ စ​တွေ့ ရ​တော့သည်​။ ​လေယာဉ်​ကွင်း အပြင်​​ရောက်​လျှင်​ စည်းကမ်းမဲ့စွာ ရပ်​ထား​သော ကားများ လမ်း​ပေါ်တွင်​ စည်းကမ်းမဲ့စွာ သွား​နေကြ​သော ကားများ ခရီသည်​တင်​ယာဉ်​များ လမ်းတစ်​​ရှောက်​ ​နေ့ခင်း​ကြောင်​​တောင်​တွင်​ပင်​ မက်​တက်​ရပ်​ပြီး ​ဖောက်​သည့်​ရှာ​နေကြ​သော အသက်​ပင်​ပြည့်​ဟန်​မတူသည့်​ ပြည့်​တန်​ဆာမ​လေးများ ရှုပ်​​ထွေး​နေ​သော ကားလမ်းများကို စိတ်​မသက်​သာဖွယ်​ရာ အမြဲ ​တွေ့ရှိ့ရ​တော့သည်​။ အ​ပေါ်ယံကကြည့်​လျှင်​​တော့ ဒီလူ​တွေအားလုံးကို ရှုံ​ချအပြစ်​တင်​ဖွယ်​ရာရှိ့​ပေမယ့်​ တကယ့်​ တရားခံအစစ်​ကို နှင့်​ ဘာ​ကြောင့်​ ၍သို့ ဖြစ်​လာရသည်​ကို နက်​နက်​နဲနဲ ​တွေးကြည့်​ရင်းဖြင့်​ "တရားခံ ဘယ်​သူလဲ" စာစုကို ​ရေးဖို့ စိတ်​ကူး ​ပေါ်လာသည်​။ မြန်​မာပြည်​တွင်​ ဖြစ်​ပွား​နေသည့်​ အ​ကြောင်းအရာ တစ်​ခုခြင်းဆီကို ဥာဏ်​မှီသ၍ ​လေ့လာကြည့်​ပြီး ဘာ​ကြောင့်​ ၍သို့ ဖြစ်​ဘာရသည်​ကို အချိန်​ရှိ့သ၍ ​ရေးသားတင်​ပြမည်​ ဖြစ်​​ကြောင်း။
Thursday, 11 June 2015
ကြက်တူရွေး ပညာရေး
ငယ်ငယ် ၁ တန်း၊ ၂တန်းလောက်က ထင်သည်။ အမှန်တရားတစ်ခုအတွက် ကြီးကြီးမားမား အပြစ်ပေးခံခဲ့ရဖူးသည်။ ထိုအချိန်က "ပတ်ဝန်းကျင်" ဆိုသော ဘာသာရပ်တစ်ခု ရှိသည်။ ပတ်ဝန်းကျင်နှင့် ပက်သတ်သော ဗဟုသုတရစေရန် ရည်ရွယ်၍ သင်ကြားပေးခြင်း ဖြစ်ဟန်တူသည်။ ပတ်ဝန်းကျင် ဘာသာရပ်တွင် မေးခွန်း တစ်ခု ပါသည်။ သင့်ပတ်ဝန်းကျင် ဆိုပြီး ပတ်ဝန်းကျင်ရှိ တိရိစ္ဆာန် ၅ မျိုးကို ဖြေပါဆိုသော မေးခွန်း။ ဖတ်စာအုပ်ထဲတွင် အဖြေပါ တခါထဲ ပေးထား သည်။ ဆရာမ၏ ကျေးဇူးကြောင့် ယခုတိုင် အဖြေကို မှတ်မိနေမိသည်။ ကြက်၊ ၀က်၊ ဘဲ၊ ဆိတ် နှင့် ငါး။ ထိုအရွယ် ကျောင်းနေစဉ်က တရုတ်တန်း ဟုခေါ်သော လသာလမ်း အနီးတွင် နေပြီး ကျောင်းမှာ မနီးမဝေးတွင် ရှိသည်။ ပတ်ဝန်းကျင်တွင် ထိုအကောင်များ ရှိဖို့နေနေသာသာ သားငါး ဈေးထဲတွင်ပင် အကောင်လိုက် မရှိ။ ဆရာမက အလွတ်ကျက်ခိုင်းပြီး နောက်တနေ့ စာမေးမည် ဟုပြောသည်။ ညဘက် ဘယ်လို စာကျက်ကျက် မရ။ အိမ်ဘေးနားတွင် တွေ့နေရသည်မှာ ပိုးဟတ်၊ ကြွက်၊ ယင်ကောင်၊ အိမ်မြှောင် နှင့် ခွေးလေခွေးလွင့်တွေသာရှိသည်။
နောက်နေ့ဆရာမ စာမေးသောအခါ ကိုယ်တွေ့ထားသည့် တိရိစ္ဆာန် ၅ မျိုးကို ရွတ်ပြလိုက်သည်။ ဆရာမ သူ့ကိုနောက်ပြောင်သည် ဆိုပြီး ခေါင်းကို ဒေါက်ကနဲ ခေါက်လိုက်သည်။ ခေါင်းခေါက်ရုံဖြင့် မပြီးသေးဘဲ တအားဒေါသထွက်နေပုံဖြင့် ခုံပေါ်တက်ပြီး ဘောင်းဘီချွတ်ပြီး မတ်တပ်ရပ်ခိုင်းသည်။ ကျောင်းမှာ မိန်းကလေးကော ယောက်ျားကလေးပါ ရောသင်သောကျောင်း ဖြစ်သဖြင့် အလွန်အရှက်ရမိတော့သည်။ 
ထိုနောက်ပိုင်း အတန်းကြီးလာသည် နှင့် အမျှ သင်ကြားရသော စာများနှင့် ဆရာဆရာမများ၏ သင်ကြားပုံများကို ပိုပို စိတ်ပျက်လာမိတော့သည်။ ဘာသာရပ်အားလုံးကို တွေးခေါ်မှုကို လုံးဝအားမပေးဘဲ နှုတ်တိုက် အလွတ်ကျက်ခိုင်းတော့သည်။ 
၈တန်းဖြေအပြီးတွင် ၀ိဇ္ဇာ နှင့် သိပ္ဗံဆိုပြီး လိုင်း ၂ ခုခွဲသည်။ အမှတ်ကောင်းလျှင် သိပ္ဗံလိုင်းဝင်သည်။ လူညံတွေ ၀ိဇ္ဇာလိုင်းသွားသည် ဟု ထိုအချိန်က သတ်မှတ်ကြသည်။ ၈တန်းစာမေးပွဲတွင် သင်္ချာ ဂုဏ်ထူးဖြင့်အောင်ပြီး သိပ္ဗံလိုင်း ၀င်သည်။ သို့သော် ဘာသာရပ်များကို စိတ်ဝင်စားမှု မရှိသဖြင့် မိဘများနှင့် အတော် အတိုက်အခံလုပ်ပြီး ၀ိဇ္ဇာလိုင်း ပြောင်းယူလိုက်သည်။ တစ်ချို့က အလွန်မိုက်မဲသည် ဟု ဝေဖန်သည်။ တစ်ချို့က စာမလိုက်နိုင်ဖြစ်ပြီး လူကညံ့၍ ပြောင်းသည်ဟု ယူဆကြသည်။ တကယ်တန်း အများအမြင်တွင် ဘ၀တက်လမ်းကြီး တစ်ခုလုံး ကျဆုံးသွား သလိုပင်။ လူအများ မျှော်လင့်သော ဆရာဝန်တို့ အင်ဂျင်နီယာတို့ ဖြစ်ခွင့် မရှိတော့ပေ။ 
၁၀တန်းအောင်တော့ တက္ကသိုလ် ဆက်မတက်ဖို့ ဆုံးဖြတ်လိုက်သည်။ မိဘကအစ ဆွေမျိုး အပေါင်းအသင်းများက ၀ိုင်းဝေဖန်ကြသည်။ ဒါပေမယ့် ကိုယ်ရည်မှန်းချက်နှင့်ကိုယ်။ နိုင်ငံခြားတွင် ပညာသင်ဖို့ရာ အင်္ဂလိပ်စာနှင့် တခြားဘာသာရပ်များကို လေ့လာသည်။ အဖေကတော့ ပြောသည်။ မင်းကိုနိုင်ငံခြားမှာ ကျောင်းထားဖို့ ပိုက်ဆံမတတ်နိုင်။ မင်းကြိုးစားလဲ အလကားဘဲ ဟုပြောသည်။ စိတ်မကောင်းဖြစ်မိပေမယ့် စိတ်တော့ မပျက်ခဲ့။ နောက်ဆုံး မိဘ အထောက်အပံ များများစားစား မပါဘဲ စင်ကာပူတွင် ပညာသင်ခွင့် ရခဲ့သည်။ 
နောက်ပိုင်း စင်ကာပူတွင် ကျောင်းနေဖက်များ နှင့်ပြန်တွေ့သည်။ တချို့က ဆောက်လုပ်ရေးလုပ်ငန်းတွေတွင် အလုပ်သမား ၀င်လုပ်နေကြသည်။ တချို့က စားသောက်ဆိုင်တွင် ပန်းကန်ဆေး စားပွဲထိုး။ တချို့က သန့်ရှင်းရေး အမှိုက်ကျုံး လုပ် နေကြသည်။ သူတို့အားလုံး တူညီတာတစ်ခုကတော့ ဆရာမ စာမေးချိန်တွင် ပတ်ဝန်းကျင်တွင် မရှိသော တိရိစ္ဆာန်များကို ဆရာမ ကျေနပ်စေရန် လိမ်ညာ၍ ရှိသည်ဟု ဖြေဆိုဖူးကြသည်။
Friday, 5 June 2015
ချစ်​ခြင်းများစွာဖြင့်​ အ​မေရိကား မှတဆင့်​ (၃)
Jet Lag (သို့မဟုတ်) အချိန်ကာလများကို ဖြတ်ကျော်ခြင်း
စင်ကာပူ နှင့် အမေရိကန် Los Angeles (LA) မြို့၏ အချိန်ကွာခြားချက်သည် ၁၅ နာရီရှိသည်။ စင်ကာပူသည် LA ထက် ၁၅ နာရီ ပိုစောနေသည်။ လေယာဉ်ပေါ်တွင် နာရီ ၂၀ နီးပါး ကြာအောင် အချိန်ကုန်ခဲ့သော်လည်း အင်္ဂါနေ့ မနက် ၉နာရီ ခွဲတွင် စင်ကာပူ မှ ထွက်လာခဲ့သော လေယာဉ်သည် LA သို့ အင်္ဂါနေ့ နေ့လယ် ၁နာရီခွဲတွင် ဆိုက်ရောက်သည်။ အသက် ၁၅ နာရီမျှပိုငယ်သွားသလိုပင်။ ထိုအချိန်တွင် စင်ကာပူတွင် ဗုဒ္ဓဟူး နေ့ နံနက် ၄ နာရီ ခွဲ ရှိနေပြီဖြစ်သည်။ လေယာဉ်ကွင်း တွင် ဂျင်မီ ဆိုသော ထိုင်ဝမ်မှရောက်နေသော တရုတ်တစ်ယောက် လာကြိုသည်။ မင်္ဂလာပွဲ ရှိရာ (La Jolla) လာဟိုရာ မြို့သို့ တခါထဲ ပို့ပေးမည်ဖြစ်သည်။ သူ့ကို "လာဂျိုလာ" ဟုဘာလို့မခေါ်ပဲ "လာဟိုရာ" ဟုခေါ်သလဲ မေးကြည့်ရာ မသိဟု ပြန်ပြောသည်။ ဘာမေးမေး မသိဟုဖြေသဖြင့် အတော်ဗဟုသုတ နှင့်ပြည့်စုံတာပဲ ဟု နောက်ပြောသည်ကိုလည်း ကြောင်တောင်တောင် ဖြင့်ကြည့်နေသဖြင့် စကားဆက်မပြောဖြစ်။ LA နှင့် လာဟိုရာမြို့ သည် ၄နာရီခန့် မောင်းရသဖြင့် ဟိုတယ်ကို ရောက်သောအခါ ညနေ ၆နာရီခန့် ရှိနေပြီ။ 
ဟိုတယ် အခန်းထဲ အရောက်တွင် သတို့သမီး အဖေ ရှေ့နေကို ရောက်ပြီဖြစ်ကြောင်း လှမ်းပြောလိုက်သည်။ သူက ညစာကို ပင်လယ်စာ စားသောက်ဆိုင် တစ်ခုတွင် စီစဉ် ထားပြီး ညနေ ၇ နာရီ ခွဲတွင် ဆုံကြမည် ဟုပြောသည်။ နည်းနည်းစောနေ သေးသဖြင့် ဟိုတယ် အနီးရှိကမ်းခြေဘက်ကို လမ်းလျှောက် ထွက်ခဲ့သည်။
လာဟိုရာ မြို့လေးသည် ကမ်းခြေမြို့ ကလေးတစ်ခုဖြစ်ပြီး ပစိဖိတ် သမုဒ္ဒရာ ဘေးတွင်ရှိသည်။ တခြား ကမ်းခြေများထက် ထူးခြားသည်မှာ ဒီမြို့သည် သမုဒ္ဒရာ ကမ်းခြေ ရှိနေခြင်းဖြစ်ပြီး ကျောက်ဆောင် ကျောက်တန်းများဖြင့် ပြည့်နှက် နေသည်။ ပင်လယ်ကမ်းခြေ လို သဲပြင်ပြန့်ပြန့်ဖြူးဖြူး သိပ်မရှိပေ။ 
ဟိုတယ်အပြင် ထွက်လိုက်တော့မှ စင်ကာပူမှ အရေးတကြီး  ယူလာရန် တစ်ခုကျန်သွားသည်ကို သိလိုက်ရသည်။ အနွေးထည် ကျန်ခဲ့သည်။LA တွင်နေသောသူငယ်ချင်းက ထိုနေရာတွင် အတော်ပူနေ၍ အနွေးထည် မလိုကြောင်းပြောသဖြင့် ယူမလာခဲ့မိ။ ဖုန်းမှ ရာသီဥတု ကိုကြည့်လိုက်ရာ အပူချိန် ၁၈ ဒီဂရီ စင်တီဂရိတ်။ ထိုဒေသတွင် နေထိုင်သူများအတွက် ဘာမှမဆိုသာသော်လည်း အပူပိုင်းဒေသမှ လာသော ကျွန်တော့်အတွက် အရိုးခိုက်အောင် စိမ့်သွားသည်။ ထို့ကြောင့် ကမ်းခြေတွင် ကြာကြာမဆက်နိုင်ပဲ ဟိုတယ်သို့ ပြန်ခဲ့ရသည်။
ပင်လယ်စာစားသောက်ဆိုင် သည် ဟိုတယ်နှင့် မနီးမဝေးတွင် ရှိသည်။ ၀င်သွားသည်နှင့် ဧည့်ကြို အမေရိကန်မချောချော ကလေးက အပြုံးကလေးဖြင့် စီးကြိုပြီး ထိုင်စရာနေရာကို ခေါ်သွားသည်။ သိပ်မကြာခင် စားပွဲထိုး အမေရိကန် တစ်ယောက် ရောက်လာပြီး သူ့နံမည်ကို မိတ်ဆက်ပေး ကာ အပြုံးကလေးဖြင့် ခါးကိုင်းပြီး ဘာသောက်မည်နည်း ဟုလာမေးသည်။ ကာလိဖိုးနီယား ထုပ် ၀ိုင်အနီတစ်လုံး မှာလိုက်ပြီး ချမ်းအေး မှုဒါဏ်ကို ကာကွယ်ရန် စသောက်ကြတော့သည်။ 
အံ့သြမှုကို မဖုံးနိုင်၍ ရှေ့နေကို မေးလိုက်မိသည်။ သူတို့ပေးသော ၀န်ဆောင်မှု ကို စင်ကာပူလို နိုင်ငံမျိုးတွင် လုံးဝမရနိုင်။ စင်ကာပူလူမျိုး အများစုသည် ဧည့်ကြိုလို စားပွဲထိုးလို အလုပ်မျိုးကို သူတို့နှင့်ထိုက်တန်သော အလုပ်ဟု မသတ်မှတ်။ ထို့ကြောင့် တရုတ် မလေး Phillipino နှင့် နိုင်ငံခြားသား အများစုကို ၀န်ဆောင်မှု လုပ်ငန်းများတွင် ခန့်ထား ကြသည်။ ထိုသူများကို လေ့ကျင့်ပညာပေးမှု အားနည်း၍လားမသိ စင်ကာပူတွင် စားသောက်ဆိုင် တစ်ဆိုင်ကို ၀င်မိလျှင် ဧည့် ကြိုထားလေ့သိပ်မရှိ။ စားသောက်ဖို့ရာ တန်းစီစောင့်ရတတ်ပြီး တရုတ်မစားပွဲထိုး တစ်ယောက်ယောက်က မျက်ထောင်နီဖြင့် စောင့်ကြီးအောင့်ကြီး လာခေါ်ပြီး ထိုင်ခုံနေရပြသည်ကို အကြိမ်ကြိမ်ကြုံဖူးလေသည်။ ရှေ့နေကရှင်းပြသည်။ အမေရိကားတွင် Service Charge ဟုခေါ်သော ၀န်ဆောင်မှုအတွက် သီးခြားကောက်ခံမှုမရှိ။ Tip ဟုခေါ်သော အပိုဆုကြေးငွေ ပေးသောအလေ့အထကိုသုံးသည်။ ၀န်ဆောင်မှုကောင်းလျှင် ဆုကြေး များများ ရကြပြီး ၀န်ဆောင်မှု ညံ့လျှင် ပေါ်တင်ပြောပြီး မပေးလို့ရသည်။ ထို့ကြောင့် နေရာတိုင်း တွင် ၀န်ဆောင်မှု အကောင်းဆုံးပေးပြီး အပိုဆုကြေး များများရအောင် အလုပ်ကြိုးစားလုပ်ကြသည် ဟုရှင်းပြသည်။
ညစာကို ပင်လယ်စာ ပေါင်းစုံအား ရေခဲထည့်ထားသော ဗန်းပေါ်တွင် ထည့်ပြီးလာချပေးသည်။ ခရု ကမာ ဂဏန်း ပင်လယ်ပုဇွန် ဖြင့် အတော်စုံသည်။ အဓိက စားစရာ (Main Course) မလာခင် ပေါင်မှန့်ပူပူ ကို ထောပတ်ဖြင့် အစာပြေစားရန်လာချပေးသည်။ 
စားသောက်ဆိုင်သည် ကမ်းခြေဘေးတွင်ရှိသဖြင့် ကျယ်ပြန့်သောပင်လယ်ပြင်နှင့် ခပ်လှမ်းလှမ်းမှ ကမ်းစပ်ဘေးရှိတောင်ကုန်းပေါ်မှ လုံးချင်းအိမ်ကလေးများ၏ မီးရောင်မှောင်ပျပျ ကိုလှမ်းတွေ့ရသည်။ ထိုတောင်ကုန်းပေါ်ရှိ အိမ်များသည် အမေရိကားတွင် ဈေးအကြီးဆုံးဖြစ်ကြောင်း ရှေ့နေ ကပြောပြသည်။ လောလောလတ်လတ် အမေရိကားတွင် Billionaire ဖြစ်သွားသော Allibaba ပိုင်ရှင် ဂျက်မ (Jack Ma) တောင် ထိုတောင်ကုန်းပေါ်မှာ အိမ်တစ်လုံးဝယ်ထားသည် ဆို၏။ "ငါ ဘီလျှံနာ ဖြစ်ရင် ဒီတောင်ကုန်းပေါ်မှာ အိမ်တစ်လုံးလောက် ၀ယ်ဦးမယ်။" ဟုရှေ့နေကို နောက်လိုက်သည်။ ဒါပေမယ့် သူကတော့ "မင်းဝယ်တဲ့ အချိန် ငါတို့တစ်ခေါက် ပြန်လာကြတာပေါ့။" ဟုအတည်ပြောသည်။ စိတ်ထဲကတော့ ကြိုတင် နမိတ်ဖတ်တာ ဖြစ်မှာပါဟုတွေးနေလိုက်မိသည်။ တောင်စောင်းဘေးနား မှ ပစိဖိတ်သမုဒ္ဒရာကို စီးမြင်နေရသော လုံးချင်း အိမ်တစ်လုံးတွင် နေချင်စိတ်တော့ဖြစ်မိသည်။
ရှေ့နေက မင်း Jet Lag နှစ်ရက် သုံးရက်လောက်ဖြစ်မည်ဟုပြောသည်။ Jet Lag ကို ပထမ Leg ဖြင့်စားလုံးပေါင်းသည် ထင်ပြီး ဂျက်လေယာဉ်ပေါ်တွင် ကျင်းကျင်းကျုပ်ကျုပ်ထိုင်ရသဖြင့် အညောင်းမိရောဂါဟု ထင်ခဲ့မိသည်။ မြန်မာပြည်မှ မဂ္ဂဇင်းတစ်စောင်တွင် ထိုသို့ ဘာသာပြန်ထားသည်ကို ဖတ်ဖူးသဖြင့် ငါမှအညောင်းမမိတာ။ ဘာမှမဖြစ်လောက်ဟု ထင်လိုက်မိသည်။ 
တကယ်တော့ Jet Lag ဆိုသည်မှာ Jet လေယာဉ်ပျံတွေ ပေါ်ပေါက်လာသော အချိန်တွင် စတင်ဖြစ်ပေါ်လာသည်။  အချိန်ကာလ အလွန်ကွာခြားသော ဒေသနှစ်ခုကို မြန်ဆန်သော ဂျက်လေယာဉ်များဖြင့် ဖြတ်သန်းသွားပြီး အချိန် နှင့် ရာသီဥတု ကွဲပြားခြင်းကြောင့် ဖြစ်ပေါ်လာသော ဝေဒနာ ကိုခေါ်ခြင်းဖြစ်သည်။ 
စကားပြောရင်း ၀ိုင်သောက်ရင်းဖြင့် ၀ိုင် ၂ လုံးခန့်ကုန်သွားသောအချိန်တွင် ည ၁၀ နာရီ ခွဲခန့်ရှိနေပြီ။ ဟော်တယ်အခန်းကို ပြန်ရောက်ချိန်တွင် ည ၁၁ နာရီခန့် ရောက်နေပြီ။ နောက်နေ့မနက်ပိုင်း သွားစရာများရှိသဖြင့် ကုတင်ပေါ်တက်ပြီး အိပ်လိုက်သည်။ တော်တော်နှင့် အိပ်မပျော်။ နာရီကြည့်မိတော့ ည၁၂နာရီခွဲ။ ကြိုးစားပြီးထပ်အိပ်သည်။ နိုးလာလို့ နာရီကြည့်တော့ မနက် ၁ နာရီ။ ထပ်ပြီး အိပ်ဖို့ကြိုးစားသည်။ မရ။ Jet Lag ဆိုတာ ဘာကို ဆိုလိုကြောင်း သဘောပေါက်လိုက်သည်။ စင်ကာပူ စံတော်ချိန်ကို ကြည့်လိုက်တော့ နေ့လယ် ၄ နာရီ။ အချိန်ကာလ ၁၅နာရီ ကွာခြားမှုကို ချက်ချင်း အသားမကျနိုင်။ ဒီ လာဟိုရာမြို့၏ ညအိပ်ချိန်သည် စင်ကာပူ နေ့ခင်းကြောင်တောင် ဖြစ်နေသည်။ 
အိပ်လိုက် နိုးလိုက်ဖြင့် မနက်မိုးလင်းသွားသည်။ မနက်ပိုင်း အပြင်သွားသောအချိန်တွင် Jet Lag ၏ ဝေဒနာက ပိုပြင်းထန်၏။ လာဟိုရာမြို့၏ မနက် ၉ နာရီ အချိန်သည် စင်ကာပူတွင် ညသန်းခေါင်ယံ ဖြစ်နေသည်။ အပြင်သွားရင်း ဧည့်သည်များနှင့် တွေ့စဉ် လူက ငိုက်ငိုက်ကျသွားသည်။ ဘာတွေပြောနေသည်ကို စိတ်မ၀င်စားမိ။ ခပ်တည်တည်ဖြင့် Jet Lag ဖြစ်နေသည်ပြောပြီး ဆက်ပြီး ငိုက်နေလိုက်မိသည်။
Monday, 1 June 2015
ချစ်ခြင်းများစွာဖြင့် အမေရိကား မှတဆင့် (၂)
လေထဲတွင် အိမ်ဆောက်ခြင်း
Los Angeles ကို ပျံသန်းမည့် စင်ကာပူလေကြောင်း Airbus A380 တွင် Class ၃ ခုခွဲထားသည်။ USD 14,000 လောက် ပေးရသည့် First Class Suite သည် ဈေးအကြီးဆုံး ဖြစ်သည်။ ကိုယ်ပိုင်အခန်း နှင့် အိပ်ယာ ပါအသုံးပြုနိုင်သည်။ Business Class သည် USD 5,000 ခန့် ကျသည်။ ကျွန်တော်ကတော့ ဈေးအပေါဆုံး Economy Class က စီးသည်။ USD 1,000 မျှသာကျသည်။
Airbus A380 လေယာဉ်သည် ကမ္ဘာတွင် ထုတ်လုပ်ခဲ့သမျှတွင် အကြီးဆုံး လေယာဉ်တစ်စီး ဖြစ်သည်။ ပိုက်ဆံ တတ်နိုင်လျှင် တတ်နိုင်သလို ကိုယ်ပိုင် အခန်း၊ အိပ်ယာဖြင့် ကိုယ်စားလိုရာ သောက်လိုရာများ မှာကြား စားသောက်ပြီး ဇိမ်ရှိရှိ ခရီးသွား၍ အဆင်ပြေစေရန် စီစဉ်ပေးထားလေသည်။ တကယ်တော့ လေထဲမှာ အိမ်သဖွယ် နေနိုင်သော လေယာဉ်တစ်စီး ဖြစ်သည်။ လေထဲတွင် အိမ်ဆောက်သည် ဆိုသည်မှာ တကယ်တော့ စိတ်ကူးယဉ် မဟုတ်တော့။ နည်းပညာထွန်းကားလာသောခေတ်တွင် လေထဲတောင် အိမ်ဆောက် နိုင်ကြပြီဖြစ်သည်။ 
ချစ်ခြင်းများစွာဖြင့် အမေရိကား မှတဆင့် (၁)
အိုဘားမားကို တပတ်ရိုက်ခြင်း
ကျွန်တော် မလုပ်ချင်ဆုံး အလုပ်သည် အိပ်စက်ခြင်း ဖြစ်ပြီး ကျွန်တော် အလုပ်ချင်ဆုံး အလုပ်သည် ခရီးသွားခြင်း ဖြစ်သည်။ ငယ်ငယ်ကထဲက ဂဏာမငြိမ်ဖြစ် ခဲ့သော အကျင့်သည် အသက်ကြီးမှ ပိုပိုစိုး၏။ တနေရာ ထဲတွင် ကြာကြာထိုင် ပြီး မနေနိုင်၊ အိပ်ရင်တောင် မှ တဆက်ထဲ ကြာကြာ မအိပ်တတ် သဖြင့် အတူတူ အိပ်ဖူးကြသော ကောင်မလေးများ အတော် စိတ်အနှောက်အယှက် ဖြစ်ကြသည် ဆို၏။ ဤသို့ဖြင့် ဂဏာမငြိမ်ရောဂါသည် ခရီးအလွန်ထွက်ရသော အလုပ်ကိုလုပ်မိ၍ အံကိုက်ဖြစ်သွားတော့သည်။
တစ်နေ့ အကျိုးတူပေါင်းစပ်လုပ်ကိုင်နေသော ရှေ့နေတစ်ယောက် ကလှမ်းဆက်သွယ်သည်။ သူ့သမီး အမေရိကားတွင် မင်္ဂလာဆောင်မည်ဖြစ်၍ လှမ်းဖိတ်ခြင်း ဖြစ်သည်။ ရှေ့နေက စင်ကာပူနိုင်ငံသား ကုလားလူမျိုး။ ကျွန်တော့၏ အမှုပေါင်း များစွာကို လိုက်ပေးဖူးသည်။ သူက အမေရိကားတွင် မြန်မာနိုင်ငံနှင့် ရင်းနှီးမြှူပ်နှံ လိုသူများနှင့် မိတ်ဆက်ပေး မည်ဟု မက်လုံးပေးသည်။ ကျွန်တော် ကိုယ်တိုင်လဲ အမေရိကားကို တစ်ခေါက်မှ မရောက်ဖူး။ ထို့ကြောင့် လိုက်မည်ဟု ပြောလိုက်မိသည်။
တကယ်လိုက်ဖို့ စီစဉ်သည့်အခါတွင် ပြဿနာ စတက်တော့သည်။ ကျွန်တော့် နိုင်ငံကူးလက်မှတ်တွင် မြောက်ကိုရီယား သို့ အကြိမ်ကြိမ် ၀င်ထားသော အထောက်အထားများ ရှိနေသည်။ အရင်တစ်ခေါက် တောင်ကိုရီယား ကုန်သွယ်ရေး အစည်းအရုံး  (KOTRA) မှ ဖိတ်ကြားမှု သည်လည်း မြောက်ကိုရီယား Visa များကြောင့် ပျက်ပြယ် ဖူးသည်။ နောက်ဆုံးတော့ ဗမာ့နည်း ဗမာ့ဟန် ကြံစည်ရတော့သည်။ နိုင်ငံကူးလက်မှတ် အသစ်ရပြီး Visa လျှောက်ဖို့စီစဉ်ရသည်။
မြန်မာပြည်ကို ပြန်ပြီး နိုင်ငံကူးလက်မှတ် အသစ်လဲ ရန် စီစဉ်လိုက်ရသည်။ နိုင်ငံကူး လက်မှတ် ထုပ်ပေးရာ ရုံးတွင် မနက်သွား ဓာတ်ပုံ ရိုက် အပြီး ညနေတွင် အိမ်တိုင်ရာရောက် နိုင်ငံကူးလက်မှတ် ကို လာပို့ပေးသည်။ တိုးတက်လာသော အစိုးရ၏ ၀န်ဆောင်မှုဟုထင်လိုက်မိသည်။ နောက်မှ ရုံးမှနေပြီး ဒုရဲအုပ်တစ်ယောက်ကိုပိုက်ဆံပေးပြီး ခိုင်းလိုက်မှန်း သိလိုက်ရသည်။ နိုင်ငံကူးလက်မှတ် အသစ်ရပြီး Visa ကိစ္စကို ဆက်လုပ်ရသည်။
အမေရိကန် visa  ကို online  မှတဆင့် တင်ရသည်။ အရင် နာမည် နှင့် နိုင်ငံကူးလက်မှတ် နံပါတ်ဖြင့် account တစ်ခု ဖွင့်ရသည်။ Standard Chartered Bank တွင် ပိုက်ဆံသွင်း ပြီး online မှ အချက်အလက်များ ကို ဖြည့်ပြီး အမေရိကန် သံရုံးတွင် လူတွေ့ဖြေဆိုရန် ရက်ချိန်းယူ ရသည်။ 
Visa အတွက် စိတ်ပူမိ သဖြင့် သူငယ်ချင်း ရှေ့နေ ကိုလှမ်းပြီး သူ့သမီးနှင့် သားမက်လောင်း ထံမှ ဖိတ်ခေါ်စာ ပေးရန် လှမ်း တောင်း မိသည်။ ခဏကြာတော့ သူက ဖုန်း ပြန်ဆက်သည်။ သူ့သားမက်လောင်း က အမေရိကန် အစိုးရ နူကလီးယား သုတေသန ဌာန တွင် အလုပ် လုပ်နေ သဖြင့် ဖြစ်နိုင်လျှင် သူတို့ နာမည် သုံး၍ visa မလျှောက် စေလိုကြောင်း ပြောလာသည်။ မြောက်ကိုရီးယား  သို့ မကြာခဏ သွားသော မြန်မာ လူမျိုးတစ်ယောက်ကို အမေရိကန် နူကလီးယား သိပ္ဗံပညာရှင် တစ်ဦးမှ ဖိတ်ခေါ်ခြင်းသည် အလွန်တရာ မဖြစ်သင့်သော ကိစ္စတစ်ခု ဖြစ်ကြောင်း တွေးလိုက် မိ၍ ဖိတ်ခေါ်စာကို တခြား အသိတယောက် ထံမှ လှမ်း တောင်းလိုက် သည်။
အမေရိကန် သံရုံး အ၀င်တွင် ဖုန်း iPad နှင့် အခြား လျက်စစ်ပစ္စုည်းများ ကို အ၀င်ဝ တွင် အပ်ထားခဲ့ ရသည်။ Qနံပါတ် ယူပြီး လက်ဗွေနှိပ် အပြီး မြန်မာ နိုင်ငံကူး လက်မှတ်ကို မြင်ပြီး စာရွက်တစ်ခု ထပ်ပေးသည်။ စာရွက်ကို မြန်မာ အင်္ဂလိပ် နှစ်ဘာသာ ဖြင့် ရေးထားသည်။ မိမိကိုယ်တိုင် နှင့် အိမ်ထောင်ဖက် ၏ မိဘဆွေမျိုး များအကြောင်း နှင့် ထိုသူများ မြန်မာ စစ်တပ် သို့မဟုတ် ကြံဖွံ့ နှင့် ပတ်သက်မှု ရှိ မရှိမေးမြန်း ထားသည့် စာရွက် ဖြစ်သည်။ မြောက်ကိုရီးယား နှင့် ပတ်သက်၍ မမေးမြန်း သည်ကို ကျေးဇူး တင်လျက် မေးထား သည်များ အားလုံးကို ပတ်သက်မှု မရှိကြောင်း ဖြေပေးလိုက်သည်။ Visa ကြေးအပြင် မြန်မာ ဖြစ်သည့် အတွက် အထောက်အထား ရှာဖွေခ ဒေါ်လာ ၃၀ ထပ်ပေး ရ၏။ 
လူတွေ့မေးမြန်း သူထဲမှ တစ်ဦးမှာ ABC (American Born Chinese) အမေရိကန် ဖွား တရုတ်မ တစ်ဦးဖြစ်သည်။ မျက်နှာ ခပ်တင်းတင်း ဖြင့် လာလျှောက် သူများကို သေသေချာချာ စစ်ဆေးပြီး အများစုကို Visa ထုပ်မပေးသည်ကို တွေ့ရသည်။ စင်ကာပူနိုင်ငံ သည် အမေရိကန်  သို့ Visa ကင်းလွတ်ခွင့် ရသဖြင့် Visa လာရောက် လျောက် ထားသူများ မှာ နိုင်ငံခြားသားများ ဖြစ်ကြသည်။ Filipinos, Malaysians, နှင့် Indianians အများစု ကိုတွေ့ရသည်။ Visa မရကြသူ အများစုမှာ အမေရိကားတွင် ဆွေမျိုးမရှိသူများ၊ ငွေကြေးအထောက်အထား မပြနိုင် သူများ နှင့် အကြောင်းပြချက် မခိုင်လုံသူများ ဖြစ်ကြသည်။ လူတွေ့မေးမြန်းသူ ထံတွင် ဆုံးဖြတ်ပိုင်ခွင့် အပြည့်ပေးထားသည် ကိုတွေ့ရသည်။ ကျွန်တော့ အလှည့်တွင် ထိုတရုတ်မ နှင့်ကျသည်။ မြန်မာမှန်း သိသော အခါ တခြားနိုင်ငံခြားသားများနှင့် မတူ၊ လေးလေးစားစားမေးသည်။ အမေရိကားကို ဘာကိစ္စဖြင့် သွားမည် ဆိုသည်ကို စမေးသည်။ အလည်သွားဖို့ ဟုဖြေလိုက်သည်။ စင်ကာပူတွင် ဘာအလုပ် လုပ်သလဲဟု မေးရာ စီးပွားရေး အကြံပေးလုပ် သည်ဟု ဖြေလိုက်သည်။ ၀န်ထမ်းအင်အား ကိုမေးရာ အယောက် ၄၀ ဟုဖြေလိုက်သည်။ ထိုနောက် ဘာမှထပ် မမေး တော့ပဲ Visa ကို ၃ ရက်နေလျှင် Tour Agent တစ်ခုမှ သွားယူရန် ပြောသည်။ ဖိတ်ခေါ်စာတို့ဘဏ်စာရင်းတို့ ဘာမှတောင်း မကြည့်။ ဤသို့ဖြင့် အမေရိကား ခရီးစဉ်ကို စတင် လိုက် သည်။
xxxxx
Monday, 11 May 2015
ချစ်​ခြင်းများစွာဖြင့်​ ပြုံယန်း မှတဆင့်​ (၃)
ကြီးမြတ်​​သော​ခေါင်း​ဆောင်​ကြီး (၁)
မြောက်​ကိုရီးယား နိုင်​ငံသည်​ ​ကမ္ဘာတွင်​ ​နောက်​ဆုံး အနည်းငယ်​မျှ ကျန်​ရှိ့ ခဲ့သည့်​ ကွန်​မြူနစ်​နိုင်​ငံများထဲမှ တစ်​နိုင်​ငံဖြစ်​သည်​။ ကွန်​မြူနစ်​နိုင်​ငံတို့၏ မြစ်​ဖြားခံရာ ရှရု (ဆိုဗီယက်​) နှင့်​ တရုတ်​ နိုင်​ငံများပင်​ ကွန်​မြူနစ်​ စံနစ်​ကို စွန့်​လွတ်​၍ သူတို့စွဲမြဲစွာ တိုက်​ခိုက်​ ခဲ့​သော အရင်းရှင်​ စံနစ်​ကို ကူး​ပြောင်းသွားကြပြီ ဖြစ်​သည်​။ သို့​သော်​ ​မြောက်​ကိုရီယား နိုင်​ငံသည်​ ကွန်မြူနစ်​ စံနစ်​ကို ​အောင်​မြင်​စွာ လက်​ကိုင်​ထားဆဲဖြစ်​သည်​။
ကွန်​မြူနစ်​ စံနစ်​တွင်​ ဘာသာတရား ကိုလက်​မခံသည့်​အတိုင်း ​မြောက်​ကိုရီးယား တွင်​ မည်​သည့်​ဘာသာကိုမှ ကိုးကွယ်​ခွင့်​မပြု။ လူတိုင်းကိုးကွယ်​ရမည့်​ ဘာသာတစ်​ခုပဲရှိ့သည်​။ "ချုချီ" (Juche) ​ခေါ် ကိုယ့်​အားကိုယ်​ကိုး စံနစ်​ဖြစ်​သည်​။ ထိုစံနစ်​ကို ​ဖော်​​ဆောင်​​ပေး ခဲ့သူမှာ "ကြီးမြတ်​​သော ​ခေါင်း​ဆောင်​ကြီး" ကင်​ယူဆွန်း ဖြစ်​သည်​။
မြောက်​ကိုရီးယား ပြက္ခဒိန်​ သည်​ ခရစ်​နှစ်​ကို လက်​မခံ။ ​မြောက်​ကိုရီးယား နိုင်​ငံ၏ နှစ်​ အစသည်​ ​ခေါင်း​ဆောင်​ကြီး ကင်​ယူဆွန်း ​မွေး​နေ့ဖြစ်​သည်​။ 
ဤသို့ဖြင့်​ ကင်​ယူဆွန်း ​မွေးဖွားခဲ့​သော ၁၉၁၂ ခုနှစ်​ ဧပြီလ ၁၅ ရက်​​နေ့ကို ​မြောက်​ကိုရီးယား နိုင်​ငံ စတင်​ခဲ့​သော "ချုချီ" ပထမနှစ်​အဖြစ်​ သတ်​မှတ်​လိုက်​​တော့သည်​။
×××××
အ​မေရိကန်​ နှင့်​ ​မြောက်​ကိုရီယား စတင်​ဖြစ်​ပွားခဲ့ ​သောစစ်​ပွဲသည်​ ဒုတိယ ကမ္ဘာစစ်​ အပြီး ၁၉၅၀ ကိုရီးယားစစ်​ပွဲ တင်​ စတင်​ခဲ့ခြင်း မဟုတ်​​ပေ။ ၁၈၆၆ တွင်​ အ​မေရိကန်​ သ​င်္ဘော တစ်​စီး ပြုံယန်းမြို့ကို စတင်​၀င်​​ရောက်​ဖို့ ကြိုးစားခြင်းဖြင့်​ ကိုရီးယား အ​မေရိကန်​ ဆက်​ဆံ​ရေး စတင်​ခဲ့သည်​။
အ​မေရိကန်​ပိုင်​ "ဗိုလ်​ချုပ်​ ရှာမန်​" (General Sherman) သ​င်္ဘော သည်​ အ​မေရိကန်​ပြည်​တွင်းစစ်​ အတွင်း သုံးခဲ့​သော စစ်​သ​င်္ဘော တစ်​စီးဖြစ်​သည်​။ ​နောက်​ပိုင်းတွင်​ ကုန်​တင်​သ​င်္ဘော တစ်​ခုအဖြစ်​ ​ပြောင်းလဲ အသုံးပြုပြီး အာရှတွင်​ ကုန်​သွယ်​ရန်​ ကြိုးပမ်းခဲ့သည်​ ဟုဆိုသည်​။ ထိုအချက်​ကို ​မြောက်​ကိုရီယား မှ အသိအမှတ်​ မပြု​ပေ။ အ​မေရိကန်​ တို့ ထိုစဉ်​ကထဲကပင်​ ကိုရီးယားကို နယ်​ချယ်​ရန်​ ကြံစည်​ခဲ့သည်​ဟု ဆိုသည်​။
အ​မေရိကန်​ သ​င်္ဘော သည်​ တရုတ်​ပြည်​မှ တဆင့်​ ကိုရီးယား ကမ်း​​ခြေကို Aug 16 ရက်​​နေ့ ၁၈၆၆ တွင်​ ဆိုက်​​ရောက်​ခဲ့သည်​။ ကိုရီးယားတို့က ကုန်​သွယ်​မှုကို စိတ်​မ၀င်​စား​ကြောင်း သို့​သော်​လဲ သ​င်္ဘော ​ပေါ်သို့ ​အစားအစာ ​ရေနှင့်​ လိုအပ်​သည်​များကို ပံ့ပိုး ​ပေးမည်​ဟု အ​ကြောင်းပြန်​ခဲ့သည်​။ သ​င်္ဘော ကပိတိန်​ ကို ​စောင့်​စားရန်​ အ​ကြောင်းပြန်​ ခဲ့​သော်​လဲ နားမ​ထောင်​ပဲ ပြုံယန်းမြို့ အ​ရောက်​ ဆက်​ထွက်​ ခဲ့သည်​။ ​နောက်​ဆုံး လက်​နက်​အပြည့်​အစုံ တပ်​ဆင်​လာ​သော အ​မေရိကန်​ သ​င်္ဘော ကို ကိုရီးယားမျိုးချစ်​များက  မီးရှိ့ဖြတ်​ဆီး ပြစ်​လိုက်​နိုင်​ခဲ့သည်​။
အထူးခြားဆုံး အဖြစ်​အပျက်​မှာ ထိုသ​င်္ဘောကို မီးရျို့ဖြတ်​ဆီး ခဲ့​သော မျိုးချစ်​ ​​ခေါင်းေ​​ဆာင်​သည်​ ကြီးမြတ်​​သော ​ခေါင်း​ဆောင်​ကြီး ကင်​ယူဆွန်း ၏ အ​ဘေး (အဖိုး၏ အ​ဖေ) "ကင်​အန်​ယူ" Kim Ung U ဖြစ်​​နေခြင်း ဖြစ်​သည်​။ ထို အ​ကြောင်းအရာကို ၁၉၆၀ ကြမှ ​မြောက်​ကိုရီးယား သမိုင်း ပညာရှင်​များ ရှာ​ဖွေ ​တွေ့ရှိ့ ​ဖော်​ထုပ်​ နိုင်​ခဲ့ ကြသည်​။
××××
နိုင်​ငံတကာ ကုန်​စည်​ပြပွဲ အသွား လမ်းတွင်​ ရင်​(မ်​) က သူတို့၏ ကြီးမြတ်​လှစွာ​သော ​ခေါင်း​ဆောင်​​ကြီး အ​ကြောင်းကို ​ပြောပြ ​နေသည်​။
မြောက်​ကိုရီယား မလာခင်​ သူတို့နိုင်​ငံနှင်​ ပတ်​သတ်​​သော အ​ကြောင်းအရာ များကို ​လေ့လာထားမိသည်​။ အ​နောက်​နိုင်​ငံ နှင့်​ ​တောင်​ကိုရီယား တွင်​ ကင်​ယူဆွန်း သည်​ စစ်​​သွေးကြွ ​သောင်းကျန်​သူတစ်​ဦး၊ လူ​ပေါင်း သန်းနဲ့ချီပြီး ​သေဆုံးခဲ့​သော ကိုရီးယား စစ်​ပွဲကို စတင်​ခဲ့သူ တစ်​ဦး အ​နေဖြင့်​ ချယ်​မှုန်း ခဲ့ကြသည်​။
မြောက်​ကိုရီယား တွင်​ ကင်​ယူဆွန်း သည်​ တိုင်းပြည်​ကို ဂျပန်​လက်​မှ ကယ်​တင်​ခဲ့​သော သူရဲ​ကောင်းတစ်​ဦး ဖြစ်​သည်​။ ​တောင်​ နဲ့ ​မြောက်​ နှစ်​နိုင်​ငံ ​ပေါင်းစည်းဖို့ ရန်​ ကြိုးစားခဲ့စဉ်​ နယ်​ချဲ့ အ​မေရိကန်​တို့ ၏ လက်​ချက်​ဖြင့်​ ​ကိုရီးယား ​တောင်​​ပိုင်း ကို အ​မေရိကန်​တို့ သိမ်းယူ ကျွန်​ပြု ထားသည်​ဟု နိုင်​ငံသား အများစုက ​တွေးမြင်​​နေကြသည်​။ ရှိ့သမျှ စာအုပ်​စာတမ်းများ ကလည်း ထိုသို့ ​ရေးထားကြသည်​။ ​ကျောင်းတွင်​ ဤအတိုင်း သင်​ကြားခဲ့ရပြီး ရှိ့သမျှ သတင်းစာများတွင်​ နယ်​ချဲ့ အ​မေရိကန်​ မ​ကောင်း​ကြောင်း နှင့်​ နယ်​ချဲ့လက်​ပါး​စေ ​တောင်​ကိုရီယား ကို ဘယ်​သို့ ကယ်​တင်​မည်​ ဆိုသည်​ကို ၀ါဒဖြန့်​ထားသည်​။
နိုင်​ငံတကာမှ ပိတ်​ဆို့ထား​သော ကိုယ့်​ဘာသာကိုယ်​ လည်း ပိတ်​ဆို့ထားပြီး အင်​တာနက်​ မရှိ့၊ နိုင်​ငံတကာကို စာ​ရေးဆက်​သွယ်​ခွင့်​ ဖုန်းဆက်​ခွင့်​ မရှိ့၊ နိုင်​ငံတကာ စာအုပ်​စာတမ်း​တွေ ကို ဖတ်​ရှု ခွင့်​ မရကြ​သော နိုင်​ငံသားများ သည်​ သူတို့ အစိုးရ၏ ယုံကြည်​​စေရာကို ယုံကြည်​ကြခြင်းသည်​ သဘာဝကျသည်​။ သဘာဝမကျ သည်​မှာ ကျွန်​​တော်​။ ရင်​(မ်​) ကို ဒီလို ဘ၀ထဲမှ ကယ်​ထုပ်​သွားလိုသည်​။ ဤသို့ဖြင့်​ အန္တရာယ်​ အလွန်​များ​သော ကိစ္စတစ်​ခုကို စတင်​လိုက်​မိသည်​။
(လူ​ပေါင်းများစွာ အသုံးပြုပြီး ပြသ​သော Arirang Show မှ ​ခေါင်း​ဆောင်​ ၂ ဦးကို ဂုဏ်​ပြုစဉ်​)
(ပြုံယန်း ဘူတာရုံ ။ အစိုးရ အ​ဆောက်​အအုံ တိုင်းတွင်​ ​ခေါင်း​ဆောင်​ ၂ ဦးပုံ ချိတ်​ဆွဲထားရ၏။)
(Mansudae ရှိ့ ​ခေါင်း​ဆောင်​ ၂ ဦး၏ ရုပ်​ထု။)
(အ​ဆောက်​အဦး များအတွင်းတွင်​ ​ခေါင်း​ဆောင်​ ၂ ဦး၏ ပန်းချီကား တစ်​ချပ်​ အနည်းဆုံး ရှိ့သည်​။)
(ရုံးခန်းတိုင်းတွင်​ ​ခေါင်း​ဆောင်​ ၂ ဦး၏ ဓာတ်​ပုံ ချိတ်​ဆွဲ ထားသည်​။)
(လမ်းတိုင်းတွင်​ ဤ​သို့ ဂုဏ်​ပြုထား၏။)
Sunday, 19 April 2015
ဆန္ဒ (၁)
လေလွင့်​​မျောပါ
ရော်​ရွက်​၀ါလို
မြေသို့သက်​ဆင်း
လွတ်​​မြောက်​ခြင်းဖြင့်​။
အသိုက်​အုံကင်း
ငှက်​ရဲမင်းလို
လေကိုဆန်​ရင်း
ရဲ့ရင့်​ခြင်းဖြင့်​။
မြင့်​မြင့်​မားမား
ကျောက်​​ဆောင်​များလို
မြေ​ပေါ်ရပ်​ရင်း
ခိုင်​မာခြင်းဖြင့်​။
စိမ်းစိမ်းလန်းလန်း
သစ်​​တောတန်းလို
မြေမှာတည်​ရင်း
အေးမြခြင်းဖြင့်​။
(လွန်​ခဲ့တဲ့ ၂၅ နှစ်​​လောက်​က မိဘရဲ့ ချုပ်​ထိန်းမှု​အောက်​မှာ ​ဖောက်​ထွက်​ခြင်​တဲ့ ဆန္ဒ တစ်​ခုကို ကဗျာတစ်​ပုဒ်​ ​​ရေးမိခဲ့တာကို ပြန်​သတိတရ အ​တော်​စဉ်းစားပြီး ပြန်​​ရေးမိပါတယ်​။ ဆန္ဒ ဆိုတာ ဘယ်​အရွယ်​​ရောက်​​ရောက်​ တစ်​ထပ်​ထဲပါ။)
Sunday, 12 April 2015
နှောင်​အိမ်
တခါတခါ
လွတ်လပ်စွာ
ပျံသန်းသွား ချင်ပေမယ့်
လှောင်အိမ် မဟုတ်တဲ့
နှောင်အိမ်ထဲကနေ
ဝေးဝေးပျံပြေးလို့
မရခဲ့တာ
ဖခင်တို့ရဲ့
မေတ္တာ။
၁၁.၀၄.၂၀၁၅
(ပန်းတနော် ရှိ ဘီယာ ဆိုင်တစ်ဆိုင်တွင် feeling တစ်ခုနဲ့ ရေးခဲ့မိ)
Tuesday, 7 April 2015
အိမ်
တဲစုပ်​က​လေး ဖြစ်​ပ​စေ
အလင်း​ရောင်​ ​မှောင်​ပြပြညမှာ
တီတီတာတာ သမီး​လေရဲ့
မပီကလာ စကား​လေး​တွေထဲမှာ
လောကကို ရင်​ဆိုင်​ဖို့
ကြည်​ဖြူစွာ ကြိုဆိုတဲ့
လက်​က​လေးများ ရှိတဲ့​နေရာ
ဒါ ကိုယ်​​နေချင်​တဲ့
အိမ်​​ဂေဟာ။
(၇.၄.၂၀၁၅)
Friday, 27 March 2015
အ​တောင်​မဲ့
အ​တောင်​ရှိ့ရဲ့
မပျံနိုင်​ခဲ့ လျင်။
ခြေလှမ်းရှိ့ရဲ့
ပန်းတိုင်​မဲ့ လျင်​။
နှလုံးသားရှိ့ရဲ့
အချစ်​မဲ့လျင်​။
ရှိ့မှု မရှိ့မှု
ဖြစ်​တည်​မှုမှာ
ချစ်​သူရှိ့ရာ
တည့်​တည့်​လာမည်
ပန်းတိုင်​ဆီသို့
ဦးတည်​လို့။